စကစ အလောင်း ထင်းလိုပုံအောင် ကာကွယ်နေသည့် ထီးချိုင့်မြို့ စစ်ရေးအတွက် ဘယ်လောက်အရေးပါလဲ
![](https://kachinwaves.com/wp-content/uploads/2024/01/422871665_785586026938623_5400947508784959287_n-1024x819.jpg)
By ရောင်နီ၊ ဆောင်းပါး။
31 January 2024 – Kachinwaves
ထီးချိုင့်မြို့သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်အတွင်းမှာတည်ရှိသည့် ဧရာဝတီဖြစ်ကမ်းနဖူးပေါ်က မြို့နယ်ရုံစိုက်ရာ မြို့ဖြစ်သည်။
အရှေ့ဘက်တွင် မဘိမ်း၊ အနောက်ဘက်တွင် ကောလင်း၊ အနောက်မြောက်ဘက်တွင် ဝန်းသို၊ တောင်ဘက်တွင် သပိတ်ကျင်း၊ မြောက်ဘက်တွင် အင်းတော်၊ အရှေ့မြောက်ဘက်တွင် ကသာ စသည့် မြို့နယ်များနှင့် ထိစပ်နေသော မြို့ဖြစ်သည်။ ဒေသခံများ အဓိကလုပ်ကိုင်ကြသည့် လုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဖြစ်ပြီး ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ စက်မှုကုန်ကြမ်း (ကြံ) နှင့် သားငါးများ ထွက်ရှိသည့် မြို့နယ်ဖြစ်ကြောင်း အစိုးရ၏ အချက်အလက်များအရ သိရသည်။ မြို့နေလူဦးရေနှင့် ကျေးလက်နေလူဦးရေစုစုပေါင်း တစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်ဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးများ နေထိုင်သည့် မြို့ဖြစ်သည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို ကုန်းလမ်းကြောင်းဖြစ်သည့် ကားလမ်း၊ ရထားလမ်းနှင့် ရေလမ်းကြောင်း နှစ်မျိုးနှစ်သွယ်ဖြင့် ဆက်သွယ်ရာတွင် အခရာကျသည့် ထီးချိုင့်မြို့သည် စီးပွားရေးအတွက် အချက်အချာကျသလို လက်ရှိတော်လှန်ရေးအတွက်လည်း စစ်ရေးအရ အရေးပါသော မြို့ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်ကို တွန်းလှန်တော်လှန်မှု အားကောင်းသလို တိုက်ပွဲများစွာဖြစ်ပွားခဲ့ပြီး စစ်ဒဏ်ကိုလည်း အလူးအလဲခံနေရသော မြို့တစ်မြို့ ဖြစ်သည်။
ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအရှိန်အဟုန်နှင့်အတူ KIA၊ AA နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နှင့် ကပ်လျက်တည်ရှိသော ကောလင်းမြို့ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ နိုဝင်ဘာ ၃ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၄ ရက်မြောက်နေ့၌ မြို့ကိုအပြီး သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကိုင်းတိုင်းထဲက ပထမဆုံး ဆင်နွှဲနိုင်ခဲ့သော မြို့သိမ်းတိုက်ပွဲ ဖြစ်ခဲ့သည်။
ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ထီးချိုင့်ဒေသ တော်လှန်ရေးတပ်ပေါင်းစုများက ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲလာခဲ့သည်။
မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ပထမရက်မှာတင် စစ်ကောင်စီတပ်က မြစ်ကြီးနားနှင့် တံတားဦးမှ ဂျက်ဖိုက်တာ ၅ စင်းဖြင့် အပြင်းအထန် ဆက်တိုက်ဗုံးကြဲပြီး ခုခံကာကွယ်ခဲ့သည်။
စစ်ကောင်စီတပ်၏ မြေပြင်တပ်ဖွဲ့များ အထိနာနေသော်လည်း လေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲ ၄ ရက်မြောက်နေ့တွင် တော်လှန်ရေးဘက်မှ တိုက်ပွဲကို ခတ္တရပ်ဆိုင်းခဲ့ရကြောင်း ဒဏ်ရာရ၍ ဆေးကုသမှုခံယူနေသော တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ခွေးတွေ (စကစ) တွေ သေတာမှာ ထင်းပုံသလိုအပုံလိုက်ပါ့။ သူတို့အခြေနေမဟန်တော့ မြသိန်းတန်စေတီပေါ်တက်ပြေးပြီး လက်နက်ကြီးနဲ့ လှမ်းလှမ်းထုတာ ကျွန်တော်လည်း အဲ့ကပစ်တဲ့ လက်နက်ကြီးကြောင့်ပဲ ဒဏ်ရာရခဲ့တာ”ဟု ၎င်းရဲဘော်မှ ဆိုသည်။
စစ်ကောင်စီတပ်များသည် ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စသင်ကျောင်းများကို လက်လွတ်ခဲ့ရပြီး တောင်အမြင့်ရှိသည့် မြသိန်းတန်စေတီပေါ်မှာသာ ခံစစ်အနေနဲ့ အလူးအလဲခုခံနေခဲ့ရကြောင်းလည်း ထီးချိုင့်နယ်ခံဘုန်းဘုန်းတစ်ပါးမှ မိန့်တော်မူသည်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း မြို့တွင်းပိတ်မိနေသူများလည်းရှိခဲ့ပြီး လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် သေဆုံးသွားသည့် ဒေသခံပြည်သူ ၂၀ ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးအဖွဲ့များက သတိပေးခဲ့သော်လည်း နေသားတကျရှိနေသော ပတ်ဝန်းကျင်ကနေ နေရာသစ်ကို ပိုင်ဆိုင်သမျှအရာအားလုံးစွန့်ပြီး ထွက်ပြေးဖို့ရာ ထီးချိုင့်မြို့ခံများအနေဖြင့် ခက်ခဲနေခဲ့သည်ဟုလည်း မြို့ခံပြည်သူတစ်ဦးက ဆိုသည်။
“ပြည်သူတွေ တော်တော်လေးတော့ သေကြတယ်။ စစ်ရှောင်ခိုင်းတာမရှောင်ပဲ ကျန်ခဲ့တဲ့သူတွေပေါ့။ အများစုက မြစ်ကမ်းဘေးရပ်ကွက်မှာ နေတဲ့သူတွေ၊ ဗုံးခိုကျင်းတွေ တူးပြီးနေကြတာ အဲ့လူတွေက လေကြောင်းစာ (လေယာဉ်ဗုံး) မိသွားကုန်တာ”ဟုလည်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးဘက်မှ ရက်အတန်ကြာ တိုက်ပွဲရပ်ဆိုင်းခဲ့သည်။ တိုက်ပွဲနားနေသော်လည်း စစ်ကောင်စီတပ်က မြို့ပေါ်မှပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သလို လေးကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။
“သူတို့ (စကစ) က PDF တွေ ခိုအောင်းနေနိုင်တယ်ဆိုပြီး မြို့ပေါ်ရပ်ကွက်က နေအိမ်တွေအကုန်လုံးကို မီးပတ်လိုက်ရှို့နေတာ၊ မြို့ရဲ့ သုံးပုံပုံရင်နှစ်ပုံ ကျော်လောက်ကတော့ မီးထဲပါသွားပြီ မြို့ပျက်ကြီးကိုဖြစ်နေပြီ။”ဟု Tigyaing Revolution-TR အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စစ်ကောင်စီစစ်သားများက မြို့ထဲရှိလူသေအလောင်းများကို နေအိမ်ထဲထည့်ပြီး တခါတည်း မီးရှို့လိုက်သည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ဒုတိယအကြိမ် ထိုးစစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်လည်စတင်ခဲ့သည်။
စစ်ကောင်စီတပ်သည် မြသိန်းတန်၊ ဖက်တောင်၊ ကျောက်စေတီ စသည့် တောင်ပေါ်စခန်းများ၌ ဘန်ကာ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတပ်စွဲထားပြီး ဘန်ကာထဲမှ မထွက်တော့ဘဲ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများသာအသုံးပြု၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ချိန်မှစတင်ပြီး ယခုအချိန်ထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေမှာ ၂၀၀ နီးပါးရှိခဲ့ပြီး၊ အများဆုံးအသုံးပြုခဲ့သော ဂျက်ဖိုက်တာများမှာ Yak 130၊ K-8W၊ A 5 များဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဓာတုလက်နက်ကိုလည်း အသုံးပြုခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောပါသည်။
“သူတို့ ခံတပ်က ရှယ်ကြီးဆောက်ထားတာ လက်နက်ကြီးတောင် တိုးမပေါက်ဘူး။ အဲ့တာနဲ့ ကျွန်တော်တို့လည်း ညဆိုပျားအုံတွေရှာပြီး နေ့ဆို ဒရုန်းတွေမှာချိတ်ပြီး သူတို့ထွက်လာအောင် ပျားအုံတွေနဲ့ပါတွယ်ရတာ။”ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ဆိုသည်။
တောင်ပေါ်တွင် ခံစစ်ကောင်းကောင်းယူထားသော စစ်ကောင်စီတပ်များအား AA တပ်ဖွဲ့ဝင်များက ရောက်လေရာနေရာ ကတုတ်ကျင်းတူးကာ တိုက်ခိုက်ခဲ့ပြီး KIA တပ်ဖွဲ့များကလည်း ပြောက်ကြားစနစ်ဖြင့် နည်းဗျူဟာကစားကာ တိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသခံရဲဘော်တစ်ဦးက ပြောသည်။
ထို့ကြောင့် ထီးချိုင့်မြို့၏ ပထဝီဝင်အနေအထားက စစ်ကောင်စီတပ်၏ ခံတပ်ကတုတ်အတွက် အားသာချက်ဖြစ်နေသော်လည်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း၏ စစ်ဆင်ရေးများအတွက် အရေးပါသည့် မြို့တစ်မြို့ဖြစ်ရာ တော်လှန်ရေးအတွက် အခက်အခဲကြားက မဖြစ်မနေ သိမ်းပိုက်ရမည့် မြို့ဖြစ်နေသည်။