ဆွတ်ပီယန်၊ ဝဒတ်နှင့် အင်စီယန်ကျေးရွာ စစ်ရှောင်မိသားစု ၂ ရာကျော် အစားအသောက်၊ အနွေးထည်၊ ဆေးဝါးများ အကူအညီလိုအပ်နေ
–
စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပူတာအိုနှင့် ဆွမ်ပရာဘွမ်မြို့ကြားရှိ ကျေးရွာပြည်သူများ နာမကျန်းဖြစ်သူ များပြားနေသည့်အပြင် အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်များနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
ပူတာအိုမြို့နယ် ဆွတ်ပီယန်၊ ဝဒတ်နှင့် အင်စီယန်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများ ဖုန်ငိုင်ယန်စစ်ရှောင်စခန်းတွင် စစ်ရှောင်တိမ်းနေသည်မှာ (၅) လကျော်ကြာမြင့်လာပြီဖြစ်၍ လက်ရှိ ဆောင်းရာသီဝင်လာသည့် အအေးဒဏ်ကြောင့် နာမကျန်းဖြစ်သူ ပိုမိုများပြားလာပြီး ဆေးဝါးခက်ခဲနေသည်ဟု ဒေသခံစစ်ရှောင်တစ်ဦးက ပြောသည်။
“အခုဖျားနာနေတဲ့သူတွေလည်း အရမ်းများနေတယ်။ ဒီအောက်တိုဘာလအတွင်းမှာပဲ နှာစေးချောင်းဆိုးဖြစ်တာ၊ ခေါင်းနဲ့ကိုယ်တွေကိုက်ခဲတာ တုပ်ကွေးလား၊ ဘာလားမသိဘူး။ အဲ့ဒီလိုဖျားနေတဲ့သူတွေ များတယ်။ ဒီစစ်ရှောင်စခန်းမှာက ဆေးဝါးတွေပြန်မရနိုင်တော့ အခက်အခဲ ပြဿနာဖြစ်နေတယ်။”ဟု ပြောပါသည်။
ဆောင်းရာသီအအေးဒဏ်ကို ကာကွယ်ရန်အတွက် စောင်၊ အနွေးထည်တို့အပြင် ကျန်းမာရေးအတွက် လိုအပ်သည့် အခြေခံဆေးဝါးများလည်း လိုအပ်နေသည်ဟု သိရှိရသည်။
ဆွမ်ပရာဘွမ်မြို့သိမ်းပြီးနောက် ပူတာအိုဘက်မှ စစ်ကောင်စီစစ်ကြောင်းများ ဆင်းလာသည့်အတွက် ယာယီထွက်ပြေးခဲ့ရာမှ (၅) လကျော်ကြာလာပြီး၊ ယခုဆောင်းရာသီဝင်လာသည့်အတွက် ပိုမိုခက်ခဲလာသည်ဟု ဒေသခံစစ်ရှောင်ပြည်သူက ပြောသည်။
“ပူတာအိုကနေဆင်းလာတဲ့ စစ်ကြောင်းတွေ တိုက်ပွဲငြိမ်သွားရင် (ရွာကို) ပြန်လာနိင်လိမ့်မယ်လို့ စဉ်းစားခဲ့ပြီး စောင်၊ အနွေးထည်ပစ္စည်း၊ အစားအသောက်တွေ များများစားစား မယူလာခဲ့ဘဲနဲ့ ပြေးသွားကြတာ။ ခုတော့ ငါးလကျော်လာပြီး၊ ဆောင်းရာသီလည်း ပြန်ဝင်လာတော့ အခုကျွန်တော်တို့ ရောက်နေတဲ့ ဖုန်ငိုင်ယန်စစ်ရှောင်စခန်းက အရမ်းအေးတဲ့နေရာဖြစ်နေတယ်။”ဟု ပြောပါသည်။
ယခုလက်ရှိ ဖုန်ငိုင်ယန်စစ်ရှောင်စခန်းတွင် ဆွတ်ပီယန်၊ ဝဒတ်နှင့် အင်စီယန်ကျေးရွာမှ စစ်ရှောင်မိသားစု နှစ်ရာကျော်ခိုလှုံနေပြီး၊ စက်တင်ဘာလ နှောင်းပိုင်းမှစပြီ ကူညီထောက်ပံ့မှုများ ရပ်တန့်သွားသည့်အတွက် ဆန်ပြတ်လပ်လာသည့်အပြင် ကလေးငယ်များမှာလည်း အာဟာရ ပြတ်လပ်ကာ ဖျားနာမှုများလာသည်ဟု သိရသည်။