ကောလင်းအနောက်ခြမ်း ဥက္ကံရွာကို စကစ ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃) ဦးသေဆုံး၊ (၇) ဦး ဒဏ်ရာရ
–
စစ်ကိုင်းတိုင်း၊ ကောလင်းအနောက်ခြမ်းက ဥက္ကံရွာကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်လို့ အမျိုးသမီး (၃) ဦး သေဆုံးပြီး၊ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၁၀ နာရီကနေ ၁၁ နာရီအတွင်း တံတားဦးတက် ဂျက်ဖိုက်တာ (၂) စီးနဲ့ (၃) ကြိမ် ပစ်ခတ်ခဲ့ပြီး ဗုံး (၆) လုံး ကြဲချခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မနက် ၁၀ နာရီခွဲကိုတစ်ကြိမ်၊ ၁၀ နာရီ ၄၅ လောက်ကိုတစ်ကြိမ်၊ ၁၁ နာရီကိုတစ်ကြိမ်။ စုစုပေါင်းသုံးကြိမ်ကြဲတာ။ တစ်ခါပစ်ရင် (၂) လုံးနဲ့ ဗုံး (၆) လုံး ကြဲချခဲ့တာ။ အမျိုးသမီးချည်းပဲ (၃) ဦး သေဆုံးသွားတယ်။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဥက္ကံရွာရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ရွာအလယ်ခေါင်တည့်တည့်ကို ကြဲချခဲ့တာဖြစ်ပြီး နေအိမ် (၆) လုံးပျက်စီးပြီး၊ အရပ်သားပြည်သူ (၇) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
“လူစည်ကားတဲ့နေရာကို ကြဲချတာ။ နေအိမ်တွေတော့ (၆) လုံးလောက် မီးလောင်တယ်။ ထိခိုက်တဲ့ (၇) ဦးထဲမှာ (၃) ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ အမျိုးသမီးတစ်ယောက်ကတော့ ခြေတောက်ဖြတ်ရမယ် ထင်တယ်။”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိလည်း ကောလင်းအနောက်ခြမ်း ဥက္ကံကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့လို့ စစ်ဘေးရှောင်ပြည်သူ အပါအဝင် (၇) ဦးသေဆုံးခဲ့ပြီး (၁၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။