ဖားကန့်က မြေပြိုလူသေဆုံးမှုတွေအတွက် ဘယ်သူ့မှာတာဝန်ရှိလဲ

Mandatory Credit: Photo by La Min Tun/EPA/Shutterstock (8450682c) Miners search for jade stone near the heavy earth-excavators at the Hpa Kant jade mining area, Kachin State, northern Myanmar, 25 February 2017 (Issued 01 March 2017). According to reports, Myanmar exported over one billion dollars worth of jade during the 2014-2015 fiscal year, and it is the source for about 70 percent of the world's high quality jade production. Jade mine in Kachin state, Hpakant, Myanmar - 25 Feb 2017
အပတ်စဉ်ဆောင်းပါး။ 22 August 2023 – Kachinwaves
မုတ်သုန်မိုးပြင်းထန်စွာရွာသွန်းလေ့ရှိတဲ့ အခုလိုမိုးတွင်းကာလမှာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသက ကျောက်စိမ်း တွင်း လုပ်ကွက်တွေမှာ မြေပြိုမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လူပေါင်း ဆယ်ချီ၊ ရာချီ သေဆုံးတဲ့ ဖြစ်စဉ်တွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီ ဖြစ်ပါတယ်။
ငွေကြေးတတ်နိုင်သလို အာဏာရှိအဖွဲ့အစည်းတွေထံ ပေါက်ရောက်နိုင်ပြီး စက်ယန္တယားကြီးတွေနဲ့ အကြီးစား တူးဖော်နိုင်တဲ့ ကုမ္ပဏီတွေကတော့ အန္တရာယ်များတဲ့ ဒီလိုမိုးတွင်းကာလမှာ လုပ်ငန်းခွင်တွေ ရပ်နားထားလေ့ ရှိပါတယ်။
သို့ပေမဲ့ တနိုင်တပိုင် လက်ကျင်းတူးတဲ့သူတွေနဲ့ သာမန်အရပ်သားပြည်သူတွေ၊ ရေမဆေးသမားတွေကတော့ ဆင်းရဲတဲ့ဘဝကနေ လွတ်မြောက်ဖို့ အိမ်မက်တွေနဲ့အတူ နေ့စဉ်ရင်ဆိုင်နေရတဲ့ ခက်ခဲကြပ်တည်းမှုတွေကို ဖြေရှင်း နိုင်ဖို့ အန္တရာယ်များတာသိပေမဲ့ ကုမ္ပဏီတွေရပ်နားထားတဲ့ ဒီလိုအချိန်ကိုပဲ အခွင့်ကောင်းယူပြီး မြေစာပုံကမ်းပါးပေါ်မှာ လှုပ်ရှားရုန်းကန်ကြရတာ ဖြစ်ပါတယ်။
အာဏာမသိမ်းမီ ကာလမှာတော့ ညနေ လေးနာရီနဲ့ ခြောက်နာရီကြားမှာ ကုမ္ပဏီလုပ်ကွက်ထဲဝင်ပြီး ကျောက်ရှာ ခွင့်ကို ရေမဆေးသမားတွေရခဲ့တဲ့အတွက် အခွင့်ကောင်းတစ်ခုလို ဖြစ်ခဲ့ပေမဲ့ အာဏာသိမ်းတဲ့ ကာလနောက်ပိုင်း မှာတော့ ကုမ္ပဏီတချို့က ရေမဆေးသမားတွေ စွန့်ပစ်မြေစာပုံထဲ ဝင်ရောက်ရှာဖွေခွင့်ကို ပိတ်ပင်တာမျိုးတွေ ရှိတယ်လို့ ဇွန်လ ၂၆ ရက်နေ့မှာ ဖော်ပြတဲ့ RFA သတင်း စာမျက်နှာမှာ တွေ့ရပါတယ်။
ဒါ့ကြောင့်ကုမ္ပဏီတွေ ရပ်နားထားတဲ့အချိန်ကျမှ အခွင့်ကောင်းယူပြီး ရေမဆေးသမားတွေက လှုပ်ရှားကြရတဲ့ အတွက် ကျန်အချိန်ကာလမှာဖြစ်ပွားတဲ့ မြေပြိုမှုတွေထက် မိုးတွင်းကာလမှာဖြစ်တဲ့ မြေပြိုမှုတွေမှာ အသက် ဆုံးရှုံးကြရသူ အရေအတွက်ပိုမိုများပြားလာတဲ့ သဘောဖြစ်ပါတယ်။
Kachinwaves နဲ့ BBC မြန်မာပိုင်းသတင်းဌာနရဲ့ သတင်းဖော်ပြချက်တွေကို အခြေခံပြီး ရှာဖွေတွေ့ရှိချက်အရ ၂၀၁၅ နိုဝင်ဘာလကနေ အခု ၂၀၂၃ ဩဂုတ် ၁၃ ရက်နေ့အထိ ဖားကန့် ကျောက်စိမ်းလုပ်ကွက် မြေပြိုမှု (၁၇) ကြိမ်ဖြစ်ပျက်ခဲ့ပြီး လူ့အသက်ပေါင်း အနည်းဆုံး (၇၉၆) ယောက် သေဆုံးခဲ့ပြီး (၄၇) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကို တွေ့ရပါတယ်။

ဒီလို လူ့အသက်ပေါင်းများစွာကို ချွေယူနေတဲ့ မြေစာပုံပြိုကျမှုတွေ ဖြစ်ပျက်နေတာက ဘာကြောင့်လဲ၊ ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲ ဆိုတာကို ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသီတစ်ဦးက အာဏာ သိမ်းထားတဲ့ စစ်ကောင်စီမှာ တာဝန် အရှိဆုံးဖြစ်နေတယ်လို့ ပြောပါတယ်။
“အထူးသဖြင့်ကတော့ သက်ဆိုင်တဲ့ အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေက တာဝန်အရှိဆုံးပေါ့။ သက်ဆိုင်တဲ့ အုပ်ချုပ်သူဆိုတဲ့နေရာမှာ အာဏာကိုသိမ်းတဲ့ စစ်ကောင်စီဆီမှာ အရမ်းတာဝန်ရှိတာပေါ့။ ပြီးတော့ အကျိုးအမြတ် တွေ ရရှိထားတဲ့ KIO အစိုးရ သူ့ဆီမှာလည်း တာဝန်ရှိတာပေါ့။ ပြီးတော့ သက်ဆိုင်ရာ ကုမ္ပဏီတွေ မှာလည်း တာဝန်ရှိတယ်။ ပြီးတော့ ကျောက်တူးသူတွေလည်း တာဝန်ရှိတာပေါ့နော်။ တာဝန်ဆိုတာ တော့ အသီးသီးရှိကြတာပဲ။ ဒါပေမဲ့ တာဝန်အရှိဆုံးကတော့ အာဏာရယူထားတဲ့ အဖွဲ့အစည်း တွေကတော့ တာဝန်အရှိဆုံးပေါ့။”
အမှန်တကယ်မှာတော့ ကချင်ပြည်နယ် ဖားကန့်ဒသမှာ ထွက်ရှိတဲ့ ကျောက်စိမ်းတွေကြောင့် အကျိုးအမြတ် ရရှိသူတွေထဲမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့တွေသာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးလို့ သတ်မှတ်ခံနေရတဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ ပါတီ (USWA/USWP) လည်း ပါဝင်နေတာကို ၂၀၁၅ အောက်တိုဘာလမှာ ထုတ်ပြန်တဲ့ Global Witness ရဲ့ သုတေသန အစီရင်ခံစာမှာ တွေ့ရှိ ရပါတယ်။
သို့ပေမဲ့ ဒေသခံသာမန်ပြည်သူတွေနဲ့ မြန်မာနိုင်ငံနေရာအနှံ့အပြားကနေ ရောက်ရှိလာတဲ့ သာမန်ပြည်သူတွေ အတွက်ကတော့ လောပန်းလောင်း အိမ်မက်ကနေ ရုပ်အလောင်းတွေအဖြစ် ပြောင်းလဲသွားရတဲ့ ဘဝတွေကို တစ်နေ့ထက်တစ်နေ့ တွေ့မြင်လာနေရတာ ဖြစ်ပါတယ်။
Global Witness ရဲ့ အစီရင်ခံစာမှာပဲ တွေ့ရှိရတာက “ကုမ္ပဏီများသည် စနစ်တကျဖြင့် ပတ်ဝန်းကျင် အနေ အထား မပျက်စီးအောင် တူးဖော်ရမည့်အစား နက်ရှိုင်းသော တူးဖော်မှုများပြုလုပ်ပြီး ရေလှောင်ကန်များ ဖြစ်ပေါ်လာစေသည်။ ရလဒ်အဖြစ် မိုးသည်းထန်စွာ ရွာသွန်းသည့်အခါ ယင်းရေလှောင်တမံများ ပြိုကျကြသည်။ ထို့အပြင် ထိုရေလှောင်တမံများကို တစ်ခါတစ်ရံတွင် တမင်ရည်ရွယ်လျက် ဖျက်စီးကြပြီး ထိုသို့လုပ်ဆောင်မှု ကြောင့် ကျွဲနွားများကို သေဆုံးစေကာ အိုးအိမ်စည်းစိမ်များကိုလည်း ဆုံးရှုံးစေသည်။ သို့သော် ထိုသို့သော အဖြစ်အပျက်များအတွက် ကုမ္ပဏီများသည် မည်သည့်အခါကမှ တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိပေ။”လို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
ကျောက်စိမ်းလုပ်ငန်းကနေ ရရှိတဲ့ ပိုက်ဆံတွေထဲကနေ ၁% လောက်ကိုပဲ ကချင်ပြည်နယ်အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြေခံ အဆောက်အဦးတွေမှာ အသုံးချမယ်ဆိုရင်တောင် ကချင်ပြည်နယ်ကို လုံးဝပြောင်းလဲသွားအောင် ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းကထွက်တဲ့ အကျိုးအမြတ်တွေအားလုံးဟာ လက်တစ်ဆုပ်စာ လူနည်းစုဆီကိုပဲ ရောက်နေတယ်လို့ အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦး ပြောပြတာကို အဆိုပါ အစီရင်ခံစာမှာပဲ တွေ့ရပါတယ်။
လက်ရှိကာလမှာ မြေပြိုလာလို့ လူသေရင်တောင် အလောင်းဆယ်ယူဖို့ ပြည်သူတွေအချင်းချင်းသာ ဝိုင်းဝန်း ဖေးမကူညီနေရတဲ့အတွက် အစိုးရကောင်းတစ်ရပ် ပေါ်ထွက်လာပြီး သယံဇာတ စီမံခန့်ခွဲမှု ပေါ်လစီမူဝါဒ ဥပဒေတွေက လိုအပ်နေပြီဖြစ်ကြောင်းလည်း ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသီက ပြောပါတယ်။
“ဖားကန့်ဒေသက အရမ်းကိုရှုပ်ထွေးတယ်။ အချိန်တိုအတွင်းမှာ ဖြေရှင်းလို့မရတဲ့အရာတွေ ဖြစ်တယ်။ အချိန်ယူပြီးမှ စနစ်တကျ ဖြေရှင်းသွားရမှာ ဖြစ်တယ်။ ကောင်းမွန်တဲ့ပေါ်လစီတွေ ချမှတ်ပြီးမှ လက်တွေ့ဥပဒေ ကို အကောင်အထည်ဖော် ဆောင်မယ်။ ဒီဥပဒေကိုလိုက်နာဖို့ လုပ်ဆောင်ဖို့ သက်ဆိုင်ရာအုပ်ချုပ်သူ အသီးသီးရဲ့ တာဝန်ရှိကြတာပေါ့နော်။”လို့ ပြောပါတယ်။
သို့ပေမဲ့လည်း လက်ရှိရှုပ်ထွေးနေတဲ့ နိုင်ငံရေး အခြေအနေကြောင့် ဖားကန့်ဒေသဟာ အထိန်းအကွပ်မရှိ တာဝန်ယူမယ့်သူ ကင်းမဲ့နေတဲ့ အနေအထား ဖြစ်နေတာကို ဖားကန့်ဒေသနဲ့ ပက်သက်တဲ့ ရေးသားဖော် ပြချက်တွေမှာ တွေ့နိုင်ပါတယ်။