ကွတ်ခိုင်နဲ့ မူဆယ် မြို့နယ်နှစ်ခုမှာ စစ်ကောင်စီတပ်က နှစ်ပတ်အတွင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ
9 August 2023 – Kachinwaves
အုပ်စုဖွဲ့ မုဒိန်းပြုကျင့်မှု
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကြောင်းလှုပ်ရှားခဲ့တဲ့ ခမရ ၅၆၉ စစ်ကောင်စီတပ်ရင်းဟာ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဆွန်လုံကျေးအနီးက ကြံခင်းနဲ့ ဘုန်းကြီးကျောင်းမှာ စခန်းချခဲ့ကြပြီး ည ၁၀ နာရီဝန်းကျင်လောက်မှာ စစ်သား ၄ ယောက်က ရွာထဲဝင်ရောက်လာပြီး အမျိုးသမီး ၂ ဦးကို အဓမ္မမုဒိန်း ပြုကျင့်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထား ပါတယ်။
ဖြစ်စဉ် – ၁။ စစ်ကောင်စီစစ်သား ၂ ယောက်က နေအိမ်တစ်အိမ်ထဲ ဝင်ရောက်ပြီး လင်ယောကျ်ားဖြစ်သူကို လက်ထိပ်ခတ်ထားကာ ကိုယ်ဝန် ၃ လရှိနေတဲ့ အသက် ၂၀ နှစ်အရွယ် ဇနီးဖြစ်သူကို ရင်သားမှ အမျိုးသမီး အင်္ဂါအထိ မဖွယ်မရာကိုင်သွယ်ပြုကျင့် ခဲ့တယ်။ စစ်ကောင်စီစစ်သား နှစ်ယောက်ရဲ့ အနိုင်ကျင့်နေမှုကြောင့် ယောကျ်ားဖြစ်သူက ငိုယိုအော်ဟစ် တောင်းပန်နေတဲ့အသံကြောင့် အိမ်နီးနားချင်းတွေ ကြားသိသွားခဲ့တဲ့ အတွက် စီစစ်သားနှစ်ယောက်က အိမ်ရှင်ဇနီးမောင်နှံကို လက်ထိပ်ဖြုတ် ရိုက်နှက်ပြီးမှ ပြန်ထွက်သွား ကြတယ်လို့ ဩဂုတ်လ ၈ ရက်နေ့ထုတ် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်ရဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ တွေ့ရပါတယ်။
ဖြစ်စဉ် – ၂။ အလားတူ အခြားစစ်ကောင်စီစစ်သား နှစ်ယောက်ကလည်း နေအိမ်တစ်အိမ်ထဲ ဝင်ရောက်ပြီး လင်ယောကျ်ားဖြစ်သူနဲ့ ကလေးနှစ်ယောက်ကို သေနတ်ထောက်ခြိမ်းခြောက်ကာ နေအိမ်အပြင်သို့ ထွက်သွားခိုင်းပြီး အသက် ၃၁ နှစ်အရွယ် ဇနီးဖြစ်သူကို အဓမ္မမုဒိန်းပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်သားနှစ်ယောက်က ၎င်းအမျိုးသမီးကို သေနတ်ထောက်ထားပြီး တစ်လှည့်စီ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပြီးနောက်နေ့ မနက်မှာ ရွာရှိဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကနေတဆင့် စစ်ကြောင်းမှူးကို ပြောပြပြီးနောက် ကျူးလွန်ခံရသူ အမျိုးသမီးနှစ်ယောက်ကို စစ်သားများထဲမှ ကျူးလွန်သူ စစ်သားလေးယောက်ကို ရွေးထုတ်စေခဲ့တယ်။ ၎င်းကျူးလွန်ခဲ့တဲ့ စစ်သားတွေကို ရွာသားတွေရဲ့ရှေ့မှာ ရိုက်နှက်ပြခဲ့ပြီး အမှုနဲ့ပတ်သက်တာကို သတင်းမီးဒီယာတွေကို ပြောပြရင် ရွာကို လက်နက်ကြီးနဲ့ ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရမှုနဲ့ အလောင်း လုယက်သိမ်းပိုက်မှု
အမှတ် (၅၆၉) ခမရ စစ်ကောင်စီတပ်ရင်းဟာ မူဆယ်မြို့နယ် မန်ဟိုင်းကျေးရွာအုပ်စု တီးမားကျေးရွာ ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ လူငယ် ၂ ဦးကို ဇူလိုင်လ ၂၅ ရက်နေ့မှာ ကွတ်ခိုင်မြို့ကနေ ကျေးရွာပြန်လာတဲ့ လမ်းမှာ ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးပြီးနောက် နမ်းအွန်ကျေးရွာအနီးတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းသို့ ခေါ်ဆောင်သွားပြီး နှိပ်စက် ပြီးနောက် ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းလူငယ် ၂ ယောက် သတ်ဖြတ်ခံရတာကို မျက်မြင်တွေ့ရှိခဲ့တဲ့ ပြည်သူ့စစ်တစ်ဦးက အတည်ပြုပြောကြားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပါတယ်။
လူငယ်နှစ်ဦးကို သတ်ဖြတ်ပြီးနောက် အလောင်းကို မီးရှို့ဖျက်ဆီးပြီး မြေမြုပ်ထားတာကို ကျေးရွာပြည်သူ တွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
နှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ လူငယ်နှစ်ယောက်မှာ ကိုတူးဂျာ အသက် ၂၅ နှစ်နဲ့ ကိုဘရန်အောင် အသက် ၂၇ နှစ်တို့ ဖြစ်ပါတယ်။
အမှတ် ၂၄၂ ခလရ စစ်ကောင်စီတပ်ရင်းကလည်း ဇူလိုင်လ ၂၉ ရက်နေ့မှာ ကွတ်ခိုင်မြို့နယ် အင်မိန်းဟိုကျန် ကျေးရွာအုပ်စု မန်နောင်ရွာ ဘုန်းကြီးကျောင်းထဲ ရောက်ရှိလာပြီး ၎င်းတို့ ဖမ်းဆီးလာတဲ့ အရပ်သား နှစ်ယောက်ထဲမှ တစ်ယောက်ကို ကျောင်းဝင်းအတွင်းမှာ ပစ်သတ်ကာ အလောင်းကို ပြန်ယူသွားတယ်လို့ လူ့အခွင့်အရေး အစီရင်ခံစာမှာ တွေ့ရှိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က မူဆယ်မြို့နယ် ဆိုင်းခေါင်ကျေးရွာအတွင်း TNLA တပ်ဖွဲ့ဝင်တွေ ရှိနေတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ၎င်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာရှိနေအိမ်အတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ နှစ်အရွယ် ဦးအိုက်လော သေဆုံးခဲ့ပါတယ်။ ဦးအိုက်လောရဲ့ အလောင်းကို အမှတ် ၂၄၁ ခလရ စစ်ကောင်စီတပ်ရင်းမှ စစ်သား ၁၀ ယောက်လောက်ဟာ အလောင်းစောင့်နေတဲ့ ဦးအိုက်လောရဲ့ ဖခင်ကို ရိုက်နှက်ပြီး အလောင်းကို လုယူသွားတယ်လို့ အစီရင်ခံစာမှာ တွေ့ရပါတယ်။
သေဆုံးသူ အရပ်သားတွေရဲ့ အလောင်းတွေနဲ့ လိမ်လည်ဝါဒဖြန့်
စစ်ကောင်စီတပ်ဟာ ၎င်းတို့ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ တီးမားကျေးရွာက လူငယ် ၂ ယောက်နဲ့ နေအိမ်ထဲ လက်နက်ကျရောက်ပေါက်ကွဲလို့ သေဆုံးသွားတဲ့ ဦးအိုက်လောတို့ရဲ့ အလောင်းတွေကို TNLA စစ်ယူနီဖေါင်းဝတ်ဆင်ပေးပြီး တောတစ်နေရာမှာ ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။ ယင်းဓါတ်ပုံကို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အသေတွေ့ရှိရတဲ့ TNLA စစ်သား ၃ ယောက်အဖြစ် စစ်ကောင်စီထောက်ခံသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝါဒဖြန့်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်နဲ့ ဩဂုတ်လ ပထမပတ်၊ နှစ်ပတ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် (၁၀) လုံး ထိခိုက်ပျက်စီးခဲ့ရတယ်။ ယင်းနေအိမ်အတွင်း လက်နက်ကျရောက် ပေါက်ကွဲမှုတွေကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ရပြီး ၅ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေး ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တာကို တွေ့ရပါတယ်။