နိုင်ငံရေး လောကဓံ မခံနိုင်လို့ ယိုင်လှဲသွားတော့မယ့် ကချင် နိုင်ငံရေး ပါတီများ
ဆောင်းပါး။ 22 February 2023 – Kachinwaves
စစ်ကောင်စီက “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ”သစ်ပြဠာန်း လိုက်ပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ပြဠာန်းလိုက်တဲ့ ၎င်းဥပဒေသစ်ကြောင့် တည်ရှိပြီးသား နိုင်ငံရေးပါတီတွေလည်း ပြန်လည်မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
မှတ်ပုံတင်ပြီးတဲ့ ပါတီတွေဟာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးရန် မှတ်ပုံတင်ထားတဲ့ ပါတီတွေဟာ အထွေထွေရွေးကောက်ပွဲမှာ တနိုင်ငံလုံးရှိ မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်လို့ ပါရှိသလို တိုင်းဒေသကြီး (သို့) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီတွေဟာ သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်အတွင်းက အနည်းဆုံး မဲဆန္ဒနယ်တစ်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်လို့ ဥပဒေမှာ ပါရှိပါတယ်။ အခုလို ဥပဒေပါအချက်တွေကို ငြိစွန်းရင် ပါတီဆက်လက်ရပ်တည်ခွင့် မရှိကြောင်း ပါရှိပါတယ်။
စစ်ကောင်စီပြဠာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် ဆုံးဖြတ်ချက်ချဖို့ အကြပ်ရိုက်သွားတဲ့ ပါတီတွေထဲမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စုပေါင်းပါတီအဖြစ် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးနီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (Kachin State People’s Party – KSPP)လည်း ပါဝင်နေပါတယ်။ KSPP ပါတီဟာ ရဝမ်နဲ့ လီဆူ တိုင်းရင်းသား လူမျိုးများ ကိုယ်စားလှယ်နေရာကလွဲရင် ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၁၈)နေရာ၊ အမျိုးသားလွှတ်တော်အတွက် (၁၂)နေရာ၊ ပြည်နယ်လွှတ်တော်အတွက် (၃၆) နေရာတွေနဲ့ ဗမာနဲ့ ရှမ်းတိုင်းရင်းသား လူမျိုးများ ကိုယ်စားလှယ်အပါအဝင် မဲဆန္ဒနယ် (၆၈) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၄) နေရာသာ အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။
ကချင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့တို့အပါအဝင် ကချင်လူထုတွေရဲ့ တိုက်တွန်းမှုကြောင့် ကချင်နိုင်ငံရေးပါတီ (၄)ပါတီ ပူးပေါင်းသွားပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီအဖြစ် ဖွဲ့စည်းလာခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
လူထုရဲ့တိုက်တွန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ KSPP ပါတီဟာ ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက် နဲ့ ၃ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပါတီညီလာခံကနေ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အသစ် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒေါက်တာတူးဂျာဟာ ဥက္ကဌနေရာကနေ အနားယူပြီး ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှာ ပါဝင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) အတွက် အနိုင်ရရှိခဲ့တဲ့ ကချင်လုပ်ငန်းရှင် ဦးအင်ရှန်းဆန်အောင်က ပါတီဥက္ကဌ ဖြစ်လာပါတယ်။ ဒေါက်တာတူးဂျာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးနောက် ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကေအိုင်အို ဒုဥက္ကဌနေရာကနေ အငြိမ်းစားယူပြီး ပါတီဦးဆောင်ဖွဲ့စည်းခဲ့ပေမဲ့ ပါတီမှတ်ပုံတင်ခွင့် မရရှိခဲ့သူ ဖြစ်ပါတယ်။
ဦးအင်ရှန်းဆန်အောင်ကတော့ KSPP ပါတီ ဆက်လက်ရှင်သန်ဖို့ စစ်ကောင်စီပြဠာန်းလိုက်တဲ့ ဥပဒေအရ ပါတီကို ပြန်လည်မှတ်ပုံတင်သွားဖို့အတွက် ပါတီအနေနဲ့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
“ဆက်လက်မှတ်ပုံတင်မယ်ဆိုတဲ့ စည်းဝေးဆုံးဖြတ်ချက်တော့ရှိတယ်။ တင်တော့ ဘာမှ မတင်ရသေးဘူး။ ပါတီရှင်သန်ဖို့ကတော့ ဆုံးဖြတ်ချက်ရှိတယ်။”လို့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှာ Kachinwaves ကို ဖြေကြားခဲ့ပါတယ်။
ပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်ပေမဲ့ စစ်ကောင်စီကျင်းပ သွားမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့တော့ ဆုံးဖြတ်ထားခြင်း မရှိသေးဘဲ ပြောဖို့စောသေးတယ်လို့ ဦးအင်ရှန်းဆန်အောင်ကပြောပြီး ရွေးကောက်ပွဲကျင်းပ သွားဖို့လည်း ခက်ခဲလိမ့်မယ်လို့ ပြောပါတယ်။
ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးအတွက် ဆုံးဖြတ်ရခက်နေတဲ့ အခြားကချင်ပါတီနှစ်ခုမှာ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)နဲ့ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့ဖြစ်ပါတယ်။ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့အဓိက အခက်အခဲကတော့ ပါတီရံပုံငွေနဲ့ ပါတီဝင်အရေအတွက် သတ်မှတ်ချက်ကြောင့် ဖြစ်တယ်လို့ သက်ဆိုင်ရာပါတီရဲ့ တာဝန်ရှိသူတစ်ဦးက KNG သတင်းမှာ ပြောဆိုထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီပြန်လည်ပြဠာန်းလိုက်တဲ့ ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမယ့်ပါတီတွေဟာ ပါတီမှတ်ပုံတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် တစ်သိန်းအနည်းဆုံး စည်းရုံးရမှာဖြစ်ပြီး၊ တိုင်းဒေသကြီး (သို့) ပြည်နယ်တစ်ခုခုတွင် စည်းရုံးမယ့်ပါတီတွေကတော့ လူ ၁၀၀၀ (တစ်ထောင်) အနည်းဆုံးစည်းရုံးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးမှာ စည်းရုံးမယ့်ပါတီတွေဟာ ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစာရင်းဖွင့်ရပြီး တိုင်းဒေသကြီး (သို့) ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီတွေကတော့ ငွေကျပ်သိန်းတစ်ရာ စာရင်းရှိရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ သီရိပျံချီဘွဲ့ ချီးမြှင့်ခြင်းခံရတဲ့ ဦးရွှေမင်း(ခ)ဆီဖာလာလူး ဦးဆောင်တဲ့ လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ (ဒူးလေးပါတီ)ကတော့ ပါတီမှတ်ပုံတင်ပြီး ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ချက်ရှိထားကြောင်း သိရပါတယ်။
အခုလို နိုင်ငံရေးပါတီတစ်ချို့ ဆုံးဖြတ်ချက်ချရန် ဝေဝါးနေတဲ့အချိန်မှာ အာဏာရှင်တော်လှန်ရေး သမိုင်းကြောင်းမှာ အစဉ်အလာရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး တတိယ မဲအများဆုံး နိုင်ခဲ့တဲ့အထိ လူထုထောက်ခံမှု ရရှိထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကတော့ စစ်ကောင်စီပြန်ဠာန်းလိုက်တဲ့ ဥပဒေအရ မှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က Myanmar Now သတင်းဌာနမှာ ပြတ်ပြတ်သားသား ဖြေကြားထားတာကို တွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကလည်း စစ်ကောင်စီမှာ ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံးဝ မရှိကြောင်း အသိပေး ပြောကြားထားပါတယ်။
စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာတဲ့အထိ ဆန္ဒပြနေဆဲဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်ပြည်သူတွေကလည်း “တရားမဝင်အတုအယောင် ရွေးကောက်ပွဲ လူထုအားဖြင့် တိုက်ဖျက်ကြ”လို့ ကြွေးကြော်ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီကျင်းပသွားမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဘယ်ပါတီကို မဆို ကန့်ကွက်ရှုတ်ချသွားမယ်လို့ ဖားကန့်သပိတ် ခေါင်းဆောင်တစ်ဦးက အခုလိုပြောပါတယ်။
“သူတို့က ပြည်သူတွေဘက်မရှိဘဲနဲ့ စစ်ကောင်စီရဲ့ အလုပ်ကို ပူးပေါင်းတယ်ဆိုတာ သူတို့က နေရာတစ်ခုအတွက် ကိုယ်ကျိုးအတွက်ပဲ သွားတာဖြစ်နေတဲ့အတွက်၊ ကျွန်တော်တို့ကတော့ အဲတာကို ကန့်ကွက်ပါတယ်။ ပြည်သူလူထုနဲ့ ထပ်တူမရှိတဲ့အတွက် ကန့်လည်းကန့်ကွက်ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပူးပေါင်းတဲ့ အဖွဲ့မှန်သမျှကို ကျွန်တော်တို့က လုံးဝ ဆန့်ကျင်မှာပဲ”လို့ ဆိုပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာလည်း စစ်ကောင်စီကျင်းပသွားမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ စစ်ကောင်စီရဲ့ ထောက်တိုင်တွေသာဖြစ်ပြီး၊ ၎င်းရွေးကောက်ပွဲဟာ ရန်သူနဲ့ မိတ်ဆွေကို ကွဲကွဲပြားပြား တွေ့မြင်လာစေမှာဖြစ်သလို ကြားနေရပ်တည်နေသူတွေနဲ့ အမှန်တရားဘက် ရပ်တည်နေသူတွေကိုလည်း ခွဲခြားတွေ့မြင်လာရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းဟာ ရွေးကောက်ပွဲကျင်းပခွင့် လုံးဝ မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ KIO နဲ့ စစ်ကောင်စီကြား စစ်ရေးပြန်လည် တင်းမာလာပြီး အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲ ၁၁၂၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖားကန့်မြို့နယ်ဟာ ကချင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားမှုများတဲ့ မြို့နယ်ဖြစ်ပြီး အရပ်သားပြည်သူတွေ ပါဝင်တက်ရောက်နေတဲ့ ကေအိုင်အို တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အကြို တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် KIO အမှုထမ်းတစ်ချို့နဲ့ အရပ်သားပြည်သူပေါင်း အယောက် (၁၀၀) ကျော်ဒဏ်ရာရရှိခဲ့ပြီး (၇၀) ကျော်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းကာလအတွင်း ကချင်ပြည်နယ်မှာ အရပ်သားလူနေအိမ် (၄၁၄) အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ကချင်လူထုကြား ဩဇာတက္ကမကြီးသူ ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း Rev. ဒေါက်တာခလမ်ဆမ်ဆွန်ကိုလည်း ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။
ဒီလို စစ်အာဏာသိမ်းပြီး ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ ပြဠာန်းလိုက်တဲ့ ဥပဒေအရ ပါတီမှတ်ပုံတင်ပြီးရင်တော့ ရွေးကောက်ပွဲလည်း ဝင်ပြိုင်မှ ပါတီဆက်လက် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
ကချင်နိုင်ငံရေး သုတေသနပြုလုပ်နေသူတစ်ဦးကတော့ အခုလို သုံးသပ်ပြောဆို ပါတယ်။ “KSPP ကတော့ နစက ပြဠာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအောက်မှာ ပါတီမှတ်ပုံတင် ဆက်ပြီးတင်ဖို့ လွန်ခဲ့တဲ့ပါတီညီလာခံမှာ ဆုံးဖြတ်ခဲ့တာကြောင့် မဖြစ်မနေ ရွေးကောက်ပွဲတော့ ဝင်ရမှာပါ။ အနည်းဆုံး မဲဆန္ဒနယ် တစ်နယ်မှာ ရွေးကောက်ပွဲ မဝင်ဘူးဆိုရင် ပါတီက ဆက်လက်ရပ်တည်ခွင့် မရှိတာကြောင့် လက်ရှိအနေအထားရ ရွေးကောက်ပွဲဝင်ကို ဝင်ရမယ်လို့ ယူဆပါတယ်။ ဥပဒေသစ်အရ ပါတီဝင်အင်အား တစ်ထောင်ရှိရမယ် ဆိုတာကတော့ ပါတီအနေနဲ့ လုပ်ယူလို့တော့ ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပါတီမှတ်ပုံတင် စည်းမျဉ်းစည်းကမ်းတွေကြောင့် လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာ စရာအကြောင်းတော့ မရှိပါဘူး။”လို့ ၎င်းက ပြောပါတယ်။
၎င်းက ဆက်လက်ပြောဆိုရာမှာ NLD ပါတီလိုမျိုး လူထုထောက်ခံမှုအားကောင်းတဲ့ ပြိုင်ဘက်ပါတီတွေ မရှိတဲ့ရွေးကောက်ပွဲ ဖြစ်လာမှာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီကသာ အများစုအနိုင်ရရှိကာ ကချင်ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီတွေနဲ့ အပေးအယူညှိနှိုင်းမှုတွေ လုပ်လာနိုင်တာကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရင်တော့ KSPP ရဲ့ ရလဒ်ဟာ သူတို့ရဲ့ ရပ်တည်ချက်အပေါ်မှာ အများကြီးမူတည်ပါလိမ့်မယ်လို့ သုံးသပ်ပြောဆိုပါတယ်။
၂၀၂၀ ရွေး ကောက်ပွဲမှာ KSPP ပါတီကို မဲထည့်ခဲ့တဲ့ လူငယ်မဲဆန္ဒရှင်တစ်ဦးကလည်း အခုလို ပြောလာပါတယ်။ “ကျွန်တော်တော့ ထပ်မပေးတော့ဘူး။ ပေးလဲ မပေးချင်တော့ဘူး။ ဝင်ပြိုင်ရင်လည်း ဘာထူးမှာမို့လို့လဲ။ မဝင်ပြိုင်လည်း ဘာထူးမှာ မို့လို့လဲ။ သွားမလုပ်သင့်ဘူးလို့ ထင်တယ်။ ၂၀၂၀ တုန်းကလည်း ရှုံးမယ်မှန်းလည်း သိပါတယ်။ ဒါပေမဲ့ ကိုယ့်ကချင်ပြည်နယ်အတွက်မှာတော့ နိုင်ခိုင်းစေချင်တဲ့ တစ်ခုတည်းနဲ့ ထည့်ခဲ့တယ်။ အခုလိုမျိုး စစ်ကောင်စီရဲ့ လက်အောက်မှာ နားလည်ရခက်သွားတာပေါ့။ ဘယ်လိုစိတ်ကူးနဲ့ လုပ်တာလဲ ဆိုတာ မေးခွန်းတွေတော့ မေးချင်တာပေါ့နော်။ သွားဝင်ပြိုင်လဲ နိုင်မှာမှ မဟုတ်တာ။ နေရာရချင်လို့ ဝင်ပြိုင်တာလေ။”လို့ ၎င်းလူငယ်က ဆိုလာပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ “ပြည်သူလူထု အသံ ဒို့နာခံ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်စည်းရုံးခဲ့ပြီး မဲဆန္ဒနယ် ၄ နေရာအတွက် အောင်နိုင်ခဲ့တဲ့ KSPP ဟာ ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်နေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ ပြတ်ပြတ်သားသား မပြောရဲသေးတဲ့ ပါတီဖြစ်နေပါတယ်။
စစ်ကောင်စီအောက် ပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ဟာ ပင်လုံ ကတိကဝတ်ကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ကြိုးပမ်းသွားမယ်ဆိုတဲ့ ပါတီရဲ့ မူနဲ့လည်း မကိုက်ညီဘူးလို့ ကချင်နိုင်ငံရေး သုံးသပ်သူ အမျိုးသမီးတစ်ဦးကလည်း အခုလိုပြောပါတယ်။
“ကျမအမြင် မှတ်ပုံတင်လုပ်တယ်ဆိုတော့ သူတို့မှာ ဖက်ဒရယ်ဒီမိုကရေစီအတွက် ခိုင်လုံတဲ့မူရှိမနေ လောက်ဘူးလို့ မြင်မိတယ်။ အာဏာရှင်စနစ်အောက်၊ ၂၀၀၈ အောက်မှာ ဆက်သွားချင်နေတယ်။ election ဝင်ဖို့ တော့ မဆုံးဖြတ်သေးဘူးဆိုတာက PDF တွေနဲ့ ပြည်သူတွေကို စိုးရိမ်းလို့ ပြောတာဖြစ်တယ်။ Register လုပ်တယ် ဆိုတာက election (ရွေးကောက်ပွဲ) ဝင်ဖို့ အတွင်းပိုင်း အစီအစဉ်ရှိနိုင်တယ်။”လို့ သုံးသပ်ပြောဆို ပါတယ်။
KSPP ဥက္ကဌသစ် ဦးအင်ရှန်းဆန်အောင်ကတော့ ရွေးကောက်ပွဲအတွက် စဉ်းစားပြောဆိုဖို့ အချိန်စောသေးကြောင်း ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့လည်း ခက်ခဲလိမ့်မယ်လို့ ၎င်းအနေနဲ့ ထင်မြင်ကြောင်း ပြောပါတယ်။
“ရွေးကောက်ပွဲဖြစ်ဖို့တော့ ခက်ခဲမယ်ထင်တယ်။ ဒီလိုအခင်းအကျင်းမှာတော့ အောင်မြင်မယ်လို့ သိပ်မမြင်ဘူး။”လို့ ထင်မြင်ချက်ပေးပြီး “KSPP ကတော့ ကချင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ ပါတီတစ်ခု လိုအပ်တယ်၊ ကိုယ်စားပြုတဲ့ ပါတီဖြစ်ပြီးတော့ လူထုရဲ့တွန်းအား အဖွဲ့အစည်းတွေရဲ့ တွန်းအားတွေကြောင့် ပါတီတစ်ခုဖြစ်လာပြီ အဲပါတီကို မှတ်ပုံတင်ဆက် မတင်ဘူးဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်ဖျက်သိမ်းသလို ဖြစ်မယ်။ အဲတာကြောင့် ပါတီဆက်လက် ရှင်သန်ရေးအတွက်ကတော့ ကျွန်တော်တို့က ဆက်လက် သက်တမ်းတိုးတဲ့ ပုံစံမျိုးနဲ့ ဆက်လက်မှတ်ပုံတင်မယ် ဆိုတဲ့ အနေအထားမျိုး အဲလောက်ထိပဲ ကျွန်တော်တို့ ဆုံးဖြတ်ချက် ရှိပါသေးတယ်။”လို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ KSPP ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အနိုင်ရရှိထားတဲ့ ဦးလမာနော်အောင်ဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ထဲ ပါဝင်နေပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဦးခက်ထိန်နန် ဦးဆောင်တဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ ဒေါ်ဒွဲဘူဟာ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီအဖွဲ့ဝင် ၂၀ ဦးထဲမှာ ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် KSPP ရဲ့ ဒုဥက္ကဌ ဖြစ်ခဲ့တဲ့ ဒေါ်ဒွဲဘူဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပါတီမှ နုတ်ထွက်ခဲ့ပြီး ဖြစ်တယ်လို့ ပါတီကနေ ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်သူ့ပါတီ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရင်လည်း ကချင်ပြည်နယ်ရဲ့ အနာဂတ် ထူးထူးခြားခြား ပြောင်းလဲသွားစရာအကြောင်း မရှိဘဲ၊ လူထုရဲ့ ယုံကြည်မှုကိုသာ လုံးဝ ဆုံးရှုံးသွားနိုင်သလို ပါတီလည်း ကွဲပြဲသွားနိုင်ခြေ ရှိတယ်လို့ ကချင်နိုင်ငံရေး သုသေသန ပြုလုပ်နေသူက အခုလို ပြောပါတယ်။
“နိုင်ငံရေးကောင်းမွန်တဲ့ အချိန်ကာလမှာ ပြည်သူအတွက် KSPP လုပ်ဆောင်ပေးခဲ့တာတွေက သိသာထင်ရှားမှု မရှိဘူးဆိုရင် အခုလိုခက်ခဲတဲ့အချိန်မှာဆို လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ပါတီနိုင်ငံရေးက ကန့် သတ်ချက်တွေ အများကြီးရှိ ပါတယ်။ စကစရဲ့ ရွေးကောက်ပွဲက KSPP အတွက် နိုင်ငံရေးအရ အန္တရာယ်လည်း အရမ်းများတယ်။ သတိထားပြီးတော့ရွှေ့ရမယ့် အလုပ်ဖြစ်တယ်။ ကချင်လူထုနဲ့ ပြည်နယ်သားတွေ လက်ခံနိုင်တဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ လုပ်ဆောင်ချက် မလုပ်ပြနိုင်ရင်တော့ ရွေးကောက်ပွဲဝင်လည်း ဘာမှတော့ မထူးပါဘူး။ အခန့်မသင့်ရင် လူထုအများစုရဲ့ ယုံကြည်မှုက လုံးဝ ဆုံးရှုံးသွားနိုင်သလို ပါတီလည်း အကွဲအပြဲ ပြန်ဖြစ်သွားနိုင်တယ်။”လို့ သုံးသပ်ပြောဆို လိုက်ပါတော့တယ်။