ငြိမ်းချမ်းရေးအကျိုးဆောင်သူမှ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူ ဦးအင်ရှန်းဆန်အောင်
- မရန်
December 2, 2020, Kachinwaves
အစိုးရသက်တမ်းနှစ်ခုတွင် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်တစိုက်မတ်မတ် ပါဝင်ခဲ့သူ၊ အနေအေးပြီး တည်တည်ကလေးနေတတ်တဲ့ ကချင်အမျိုးသားတစ်ဦးက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။
သူက ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) အဖွဲ့ရဲ့ ပဲ့ကိုင်တွေထဲက တစ်ဦးဖြစ်သလို အမျိုးသားရေး၊ ဘာသာရေး၊ လူထုအရေးကိစ္စများတွင် မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်လာကတည်းက ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ရေရှည်လည်ပတ်မှုကိုလည်း အတော်အသင့်အောင်မြင်အောင် ဦးစီးဦးဆောင် လုပ်ကိုင်နေတဲ့ ကချင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလို့ ဆိုရင်လည်း မှားမယ်မထင်ပါ။
သူဟာ ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)နေရာအတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိသူ Peace-Talk Creation Group (PCG)ကို စတင်ဖွဲ့စည်းသူ(၄)ဦးထဲက တစ်ဦးဖြစ်တဲ့ ဦးအင်ရှန်းဆန်အောင် ဖြစ်ပါတယ်။
“လွှတ်တော် နိုင်ငံရေးလမ်းကြောင်းထဲ ဝင်ဖြစ်တာက အဓိက ငြိမ်းချမ်းရေးအတွက်ပဲ။”လို့ ဦးအင်ရှန်းဆန်အောင်က တိုတိုရှင်းရှင်းပဲ ပြောပါတယ်။
PCG အနေနဲ့ရော ကြားကနေပဲဆိုရင် ထိရောက်မှု သိပ်မရှိသလိုခံစားရပြီး လွှတ်တော်ထဲကနေ တွန်းအားပေးတာက ပိုထိရောက်မယ်လို့ ယုံကြည်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ဝင်ပြိုင်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ NLD ကိုယ်စားလှယ်တွေကို ထောက်ခံမယ့် ရွှေ့ပြောင်းလုပ်သား မဲဆန္ဒရှင်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံမယ့် တပ်မတော်သားများ မဲဆန္ဒရှင်တွေရဲ့မဲများအပြင် အခြားပြိုင်ဘက် ကချင်ကိုယ်စားလှယ်လောင်းများလည်း ရှိတဲ့ကြားကနေ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ဟာ ကချင်တစ်ပြည်နယ်လုံးတွင် ဦးအင်ရှန်းဆန်အောင်အပါအဝင် ကိုယ်စားလှယ်နေရာ (၄)နေရာသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
သူဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့နယ်က သူ့ရဲ့ဇာတိနေရာလည်း ဖြစ်ပါတယ်။ သူ့ရဲ့မွေးရပ်ဒေသဟာ တိုးတက်လာတာမရှိတဲ့အပြင် ပိုလို့တောင် ဆုတ်ယုတ်လာတာတွေ တွေ့နေရတဲ့အတွက် အဲဒါတွေကို ကူညီဖို့လည်း စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ကချင်ဒေသ တကျော့ပြန်စစ်ပွဲစတင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက်လည်း တော်တော်လုပ်ခဲ့ပေမဲ့ အောင်မြင်မှုမရှိခဲ့သလို၊ NLD အစိုးရလက်ထက် ပြန်ရောက်တော့ ငြိမ်းချမ်းရေးကို လုပ်ဆောင်မှုမှာ အတော်အားနည်းချက်တွေရှိခဲ့တယ်လို့ သူကပြောပါတယ်။
ဦးသိန်းစိန်အစိုးရခေတ်မှာတော့ PCG နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ မကြာမကြာ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့လည်း NLD အစိုးရလက်ထက်မှာ ပြည်နယ်အစိုးရက ငြိမ်းချမ်းရေးကို သူတို့နဲ့ နည်းနည်းမှ မဆိုင်သလိုနေခဲ့တယ်လို့ ပြောပါတယ်။
“အစိုးရနှစ်ဆက်ရဲ့ အတွေ့အကြုံကိုကြည့်ရင် အရေးကြီးဆုံး ယုံကြည်မှုတည်ဆောက်ရမယ့်နေရာက ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်ပဲ။”လို့ ဦးအင်ရှန်းဆန်အောင်က သုံးသပ်ထားတဲ့အတွက် ပြည်နယ်လွှတ်တော်မှာ ယှဉ်ပြိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ ပြည်နယ်က အရေးကြီးတယ်လို့လည်း ယုံကြည်ထားသူဖြစ်ပါတယ်။
“အတွေ့အကြုံအရပြောရင် ပြည်ထောင်စုကနေ တိုက်ရိုက်လုပ်ဆောင်ဖို့ အရမ်းခက်တယ်။”လို့ သူကပြောပါတယ်။
PCG အဖွဲ့ကို အဖွဲ့ဝင်(၄)ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကြား စားပွဲပေါ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာအောင် အကျိုးဆောင်နိုင်ဖို့ ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်။
PCG ရဲ့ အဖွဲ့ဝင်(၄)ဦးစလုံးမှာ ကချင်စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး ယခင်ကတည်းက ကချင်လူထုအရေးများအတွက် ဦးဆောင်ပါဝင်လာခဲ့သူများဖြစ်လို့ PCG ကို ဖွဲ့စည်းပြီး လုပ်ငန်းများလုပ်ဆောင်ရန် အဖွဲ့အစည်းတစ်ခုခုရဲ့ ငွေကြေး အကူအညီတစ်ခုမှ မယူခဲ့ဘူးလို့ ဆိုပါတယ်။
“ကိုယ့်ငွေကိုယ်သုံး အစိုးရကလည်း ကူညီမယ်လို့ပြောတယ်။ လက်မခံဘူး။ ကေအိုင်အိုလည်း ပေးမယ်ပြောတာ လက်မခံတာ။ အဲတာတုန်းကလည်း အချင်းချင်း ယုံကြည်မှုနည်းနည်းမှ မရှိတဲ့အချိန်ဟုတ်တယ်။ လုပ်ငန်းရှင်တွေလည်း သိန်းထောင်ချီကိုင်လာပြီး လာပေးတာလည်းရှိတယ်။ အဲဒါလည်း လုပ်စားတယ်လို့ အပြောမခံချင်လို့ မယူခဲ့ဘူး။”လို့ ဆိုပါတယ်။
ဦးအင်ရှန်းဆန်အောင်ဟာ ပထဝီဝင်အဓိက ဘာသာရပ်နဲ့ မန္တလေးတက္ကသိုလ်ကနေ မဟာဘွဲ့ကိုရရှိထားပြီး တက္ကသိုလ်တွင် ဆရာအဖြစ်လုပ်ကိုင်ရန် ဆန္ဒရှိခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စာတမ်းပြုစုသူကျောင်းသူကျောင်းသားများ အကူအညီလာတောင်းရင် လမ်းညွှန်ကူညီပေးတာတွေတော့ ရှိတယ်လို့ဆိုပါတယ်။
၁၉၈၉ ခုနှစ် ဘွဲ့ရတဲ့အချိန်ကတည်းက ဆွတ်မငိုင်း ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်နဲ့ You and Me လဘက်ရည်ဆိုင်လုပ်ငန်းများကို လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန် သွပ်စက်ရုံ၊ ဆွတ်မငိုင်း အိမ်ဆောက်ပစ္စည်းဆိုင်၊ ခြံလုပ်ငန်းများကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
ဦးအင်ရှန်းဆန်အောင်ရဲ့ အမျိုးသမီးကလည်း လက်ထောက်ကထိက(ငြိမ်း)တစ်ဦးဖြစ်ပြီး လက်ရှိတွင်လည်း ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့(WMR)ရဲ့ ဒုက္ကဌဖြစ်ပါတယ်။
ဝန်ထမ်းဘဝတွင် ပြည်ခိုင်ဖြိုးအသင်းကို မဝင်မနေရလို့ ပြောလာချိန် အသင်းထဲမဝင်ချင်တဲ့အတွက် ဝန်ထမ်းဘဝမှ အနားယူခဲ့တယ်လို့ဆိုပါတယ်။
ကချင်ပြည်နယ် မနောပွဲတော်ကျင်းပရေးကော်မတီများတွင် ဦးဆောင်ပါဝင်ခဲ့ဖူးပြီး၊ ကချင်ပြည်နယ် အများပိုင်ကုမ္ပဏီရဲ့အမှုဆောင် ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝတွင် မန္တလေး တက္ကသိုလ်များ ကချင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ရဲ့ ဗဟိုအမှုဆောင်အဖွဲ့တွင်လည်း သက်တမ်းနှစ်ဆက် ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဦးအင်ရှန်းဆန်အောင်ဟာ မြစ်ကြီးနားမြို့ ကုန်တင်ကုန်ချဝင်းအတွင်းရှိ ကုန်သိုလှောင်ရုံလုပ်ငန်းရှင်များအသင်းဥက္ကဌလည်းဖြစ်ပြီး ဘာသာရေးလုပ်ငန်းများတွင်လည်း ဖခင်များအဖွဲ့ရဲ့ခေါင်းဆောင် လုပ်ခဲ့ပြီး လက်ရှိတွင် စီတာပူ St. Patrick ဘုရားကျောင်း ဆောက်လုပ်ရေး တာဝန်ခံအဖြစ် ဆက်ကပ်နေသူဖြစ်ပါတယ်။
လူမှုရေး၊ စီးပွားရေး ကဏ္ဍများတွင်သာ ပါဝင်နေသူမဟုတ်ပဲ သားသမီးများကို ပြုစုပျိုးထောင်ရာတွင်လည်း ဖခင်ကောင်းပီသသူ ဖြစ်ပါတယ်။ သမီးလေးယောက်၊ သားတစ်ယောက်ရဲ့ ဖခင်ဖြစ်ပြီး သမီးလေးယောက်စလုံးက ခေတ်ပညာတတ်တွေဖြစ်သလို၊ အငယ်ဆုံးဖြစ်သူသားက ၁၀တန်းတက်နေသူဖြစ်ပါတယ်။ သမီးအကြီးဆုံးက အင်ဂျင်နီယာဖြစ်ပြီး ဖခင်ဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းကို အဓိကဦးဆောင်လုပ်ကိုင်ပေးနေသူ ဖြစ်ပြီး၊ ကျန်တဲ့သမီးများကတော့ အင်ဂျင်နီယာကျောင်းတက်နေသူတစ်ဦး၊ ဆေးကျောင်းတက်နေသူတစ်ဦးနဲ့ စကော့တလန်တွင် MBA တက်ရောက်နေသူတို့ ဖြစ်ပါတယ်။
ဦးအင်ရှန်းဆန်အောင်က ကချင်ပါတီများပေါင်းစီးရေးအတွက် ကမကထလုပ်ဆောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး လက်ရှိတွင်ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်နေသူလည်းဖြစ်တယ်။ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် သူရဲ့မွေးရပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လုပ်ဆောင်သွားမှာဖြစ်သလို ပြည်နယ်အစိုးရကိုလည်း ထိန်းကျောင်းသွားဖို့ စိတ်အားထက်သန်နေသူဖြစ်ပါတယ်။
“ပြည်နယ်အစိုးရရဲ့ လိုအပ်ချက်တွေကို ထောက်ပြပြီး ငြိမ်းချမ်းရေးအတွက် အဓိကလုပ်ဆောင်သွားမယ်”လို့ ဦးအင်ရှန်းဆန်အောင်က ဆိုပါတယ်။