ခေတ်အဆက်ဆက် ရက်စက်မှုအပေါင်း သရဖူဆောင်းနေသော အာဏာရှင်စစ်တပ်
ဆောင်းပါး။ 10 February 2023 – Kachinwaves
ပြည်သူလူထုကို ခေတ်အဆက်ဆက် သတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်လာခဲ့သည့် မြန်မာနိုင်ငံက စစ်တပ်သည် ယခုအာဏာသိမ်း စစ်ကောင်စီလက်ထက်တွင်လည်း ယခင်အတိုင်း ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဖမ်းဆီးသတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လက်ချက်ကြောင့် ကချင်ပြည်နယ်တွင် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ (၁၁၁) ဦးရှိကြောင်း သိရသည်။
ကချင်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မှတ်တမ်းကောက်ယူနေသည့် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက စစ်တပ်သည် ယခင်ကတည်းက အရပ်သားများကိုလည်း ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။
“စစ်တပ်က ကျနော်တို့ လူ့အခွင့်အရေး စစ်တမ်းကောက်တဲ့ အချိန်ကတည်းက သိတာက သူတို့က အရပ်သားပစ်မှတ်ကို အရင်ကတည်းက သုံးတယ်။ ဥပမာ ဆိုရင် တိုက်ပွဲဖြစ်ပြီး သူတို့ မိုင်းတွေနင်းမိပြီဆိုရင် ပြည်သူတွေရှိတဲ့ဘက်ကိုလာပြီး ပြည်သူတွေကို အရင်နှိပ်စက်တာပေါ့။ ဒါက သူတို့ စိတ်ထဲမှာတော့ ပြည်သူတွေကိုလည်း ရန်သူလို့ သတ်မှတ်တာ။ ဒါက သူတို့ ပေါ်လစီပဲ။ ၂၀၂၁ အဏာသိမ်းတဲ့ နောက်လည်း ဒီအတိုင်းပဲ သုံးနေတာ။ အခုလည်း သူတို့ အရင်က ဗျူဟာပေါ်လစီကို သုံးနေတာပဲလို့ ပြောလို့ရတယ်။”ဟု ၎င်း၏ အတွေ့အကြုံအရ တွေ့ရှိချက်ကို ကိုးကားပြီး သုံးသပ်ပြသည်။
ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည်မှာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများကို ကျုးလွန်နေခြင်းဖြစ်ပြီး နောင်တစ်ချိန်တွင် စစ်ကောင်စီက ၎င်း၏လုပ်ရပ်ကြောင့် အပစ်ပေးမှုပြန်ခံရရန် စုပေါင်းဝိုင်းဝန်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်းလည်း ၎င်းက တိုက်တွန်းပြောဆိုသည်။
ကချင်ဒေသ တကျော့ပြန် စစ်ပွဲပြန်လည် စတင်ခဲ့သည့် ၂၀၁၁ မှ ၂၀၁၈ ခုနှစ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း (၂၂၉) ခုကို လူ့အခွင့်အရေး ဆောင်ရွက်သည့် ကချင် အရပ်ဖက်အဖွဲ့အစည်းများက မှတ်တမ်းကောက်ယူနိုင်ခဲ့ကြောင်း “ကုထုံးမဲ့ လူ့အခွင့်အရေး အနာများ ?” အမည်ဖြင့် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်များတွင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်နေ့၌ ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင် စစ်ဘေးရှောင်စခန်းမှ စစ်ရှောင် ၃ ဦးကို မြန်မာစစ်တပ် အမှတ် ၃၁၉ ခလရ တပ်ရင်းက ဖမ်းဆီးကာ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုတစ်ခု ဖြစ်ခဲ့သည်။ ၎င်းအမှုကို သက်ဆိုင်ရာ ပြည်သူများ၏ ဝိုင်းဝန်းရှာဖွေစုံစမ်းမှုကြောင့် ယင်းနှစ်၏ မတ် ၂၈ ရက်နေ့တွင် သတ်ဖြတ်ခံခဲ့ရသည့် စစ်ရှောင်အမျိုးသား (၃) ဦး၏ အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ခဲ့သည့် အမှုကိစ္စလည်း ရှိခဲ့သည်။
စစ်တပ်သည် ပြည်တွင်းစစ် ခေတ်အဆက်ဆက်တွင် ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်မှုများအပြင် အမျိုးသမီးများကို အတင်းအဓမ္မပြုကျင့် သတ်ဖြတ်မှုများကိုလည်း ကျူးလွန်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်တွင် အမှတ် ၄၃၈ ခမရ တပ်ရင်းမှ တပ်သားဇော်မျိုးအေးသည် မိုးမောက်မြို့နယ် နွမ်လန့်ကျေးရွာမှ အသက်(၇၃) နှစ်အရွယ် အဖွားအိုကို အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားမှုလည်း ရှိခဲ့သည်။
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကလည်း စစ်ကောင်စီတပ်က ပြည်သူလူထုကို သတ်ဖြတ်နေသည်မှာ ၎င်းတို့၏ လုပ်ရိုးလုပ်စဉ်ဖြစ်သည်ဟု ဆိုသည်။
“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတော့ ပြည်သူလူထုအပေါ် အကြမ်းဖက်ပြီး သူတို့ကို ထောက်ခံခိုင်းတာပေါ့။ မထောက်ခံတဲ့ လူထုတွေကိုတော့ အခုလို ရက်ရက်စက်စက် လုပ်တယ်ပေါ့။ ဒါက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်နေပြီ။ ဒါက ထူးဆန်းတာတော့ မဟုတ်တော့ဘူး။”ဟု မှတ်ချက်ပြုသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း ကချင်ပြည်နယ် ဟိုပင်မြို့နယ်ခွဲတွင် သားအမိနှစ်ယောက် လယ်ယာအခင်းသွားသည့်လမ်း၌ စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး သားဖြစ်သူသေဆုံးကာ မိခင်ဖြစ်သူ ခြေထောက်ကြေမွဒဏ်ရာ ရရှိခဲ့သည်။
စစ်အာဏာသိမ်းသည့် ၂ နှစ်တာကာလအတွင်း ကချင်ပြည်နယ်တွင် အရပ်သားသေကြေပျက်စီးမှု အများဆုံးဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ည ၈ နာရီခန့်၌ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာတွင် ကျင်းပခဲ့သည့် ကေအိုင်အို တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အကြို တေးဂီတဖျော်ဖြေပွဲကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်သည်။
အရပ်သားပြည်သူများ ပါဝင်တက်ရောက်နေသည့် ၎င်းတေးဂီတအခမ်းအနား ဗုံးကြဲခံရမှုတွင် KIO အမှုထမ်းအချို့နှင့် အရပ်သားပြည်သူပေါင်း အယောက် (၇၀) ကျော်သေဆုံးခဲ့ပြီး အယောက် (၁၀၀) ကျော်ဒဏ်ရာ ရရှိခဲ့သည်။
အနန့်ပါကျေးရွာ၌ ကျင်းပသည့် အခမ်းအနားတွင် အရပ်သားပြည်သူများ တက်ရောက်နေသည်ကို စစ်ကောင်စီတပ်က သိပါလျက်နှင့် ဗုံးကြဲခဲ့သည်သာဖြစ်သည်ဟု ဗုံးကြဲခံရသည့်ဖြစ်စဉ်မှ လွတ်မြောက်လာသူတစ်ဦးက ဆိုသည်။
“အနန့်ပါမှာ ပြည်သူတွေရှိတယ် ဆိုတာကို စကစက သိတာ။ ဒါက တမင်သက်သက်ကိုလုပ်တာ၊ တမင်သက်သက်ကို ကျနော်တို့ တိုင်းရင်းသားတွေ အားလုံး စုနေတယ်ဆိုပြီးမှ သူတို့လည်း သိလျက်သားနဲ့လုပ်တာပေါ့။ အဲတာကြောင့် ကျနော်တို့ စိတ်ထဲမှာ လုံးဝ ခံစားလို့၊ မပြောတတ်အောင် ရင်နာတာပေါ့။”ဟု ၎င်းက ပြောသည်။
AAPP ၏ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် ပြန်ချက်အရ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း သေဆုံးခဲ့ရသည့် ပြည်သူ (၂၉၆၄) ယောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Data for Myanmar ၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့၌ ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရလည်း စစ်အာဏာသိမ်းကာလအတွင်း ကချင်ပြည်နယ်တွင် အရပ်သားလူနေအိမ် (၄၁၄) အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တွေ့ရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီသည် ပြည်သူလူထုအား ဖမ်းဆီးသတ်ဖြတ်မှုကို ၎င်းတို့၏ ဗျူဟာတစ်ခုအဖြစ် ကျင့်သုံးနေသည်ဟု ဆိုသည်။
“စစ်ကောင်စီက ပြညသူလူထုကို ဖမ်းဆီးသတ်ဖြတ်တာ သူ့ရဲ့ဗျူဟာတစ်ခုဖြစ်နေတယ်။ သူခဏခဏပြောနေတာ မလုပ်ရဲတာဘာမှ မရှိဘူး ဆိုတာ၊ ကောင်းတာလုပ်ရဲလား၊ မကောင်းတာ လုပ်ရဲလား စဉ်းစားဖို့တော့ လိုပါတယ်။ ခေါင်းဆောင်ဆိုတာ မကောင်းတာကို လုပ်နေတာကို ခေါင်းဆောင်လို့ မခေါ်ဘူး။ ကောင်းတဲ့ ပြည်သူလူထုအကျိုး လုပ်ပေးတာကိုပဲ ခေါင်းဆောင်လို့ ပြောရမယ်။ အခုက စကစက မလုပ်ရဲတာ ဘာမှမရှိဘူးလို့ပြောပြီး ပြည်သူလူထုတွေကို သတ်ဖြတ်တာတွေ ရွာမီးရှို့တာတွေ လုပ်နေပြီး ခေါင်းဆောင်လို့ ပြောလို့ မရဘူး။”ဟု ဗိုလ်မှူးကြီးနော်ဘူက မှတ်ချက်ပြုသည်။
ဗိုလ်မှူးကြီးနော်ဘူက ပြည်သူလူထု သတ်ဖြတ်ခံရမှု ချုပ်ငြိမ်းနိုင်ရန်အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရန် အဓိက ဖြစ်သည်ဟု ဆိုသည်။
“ပြည်သူလူထုတွေကို သတ်ဖြတ်တာတွေ ရွာတွေမီးရှို့တာ တွေ့ရတယ်။ ဘယ်လောက်ကြာမလဲဆိုတာက ဘယ်သူမှ ခန့်မှန်းလို့ မရဘူး။ အရေးကြီးဆုံးက ကြိုးစားရမှာက စစ်အာဏာရှင် ချုပ်ငြိမ်းဖို့က အဓိကပဲ။ အဲတာပြီးသွားရင်တော့ အဲဒီအန္တရာယ် ပြေလည်သွားမှာ ဖြစ်ပါတယ်။ စစ်ဏာရှင် ရှိနေတဲ့အချိန်တော့ အဲဒီဒဏ်တွေ ခံနေရအုန်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ လမ်းစဉ်မှာ အားလုံးပါဝင်ဖို့က အရေးကြီးတယ်လို့ ပြောချင်တယ်။”ဟု တိုက်တွန်း လိုက်ပါသည်။
အာဏာသိမ်းမှုကို လက်မခံသည့် CDM ကျောင်းဆရာမတစ်ဦးကလည်း တော်လှန်ရေး အမြန်အောင်မြင်ရန်အတွက်ပဲ ဆုတောင်းနေသည်ဟု ဆိုသည်။
“ဒီတော်လှန်ရေး အမြန်အောင်မြင်ပြီး အမြန်ပြီးဆုံးပါစေလို့ပဲ ဆုတောင်းနေတယ်။ အိမ်လည်း အရမ်းပြန်ချင်နေပြီ။”ဟူသော ဆရာမ၏ ဆုတောင်းချက်သည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆုတောင်းသံနှင့်လည်း ထပ်တူဖြစ်သည်ဟု ပြောလျှင်မှားလိမ့်မည် မထင်ပေ။