ထွက်ပေါက် မဟုတ်သော ဇာတ်ညွှန်းဟောင်းကြီး
အတွေးအမြင်။ 18 July 2022 – Kachinwaves
နိုင်ငံရေးထွက်ပေါက်ရှာသည့် ဗျူဟာအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်ကိုင်စွဲ၍ဖြစ်ဖြစ်၊ အသစ်ရေးဆွဲ၍ဖြစ်ဖြစ် စစ်ကောင်စီကျင်းပသွားမည့် ရွေးကောက်ပွဲသည် အသစ်အဆန်း မဟုတ်တော့ပေ။ သို့ဖြစ်၍ စစ်ကောင်စီ ကြိုးစားအကောင်အထည်ဖော်နေသည့် နိုင်ငံရေးထွက်ပေါက်ရရေး လမ်းကြောင်းသည် တိုင်းပြည်အတွက် အကျိုးမရှိသည့်အပြင် ၎င်းတို့အတွက်လည်း အမှန်တကယ် ထွက်ပေါက်လမ်း မဖြစ်နိုင်တော့ပေ။
စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ထဲက နံပါတ်ငါးအချက်ဖြစ်သော “အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်။”ဆိုသည့် အချက်သည် အာဏာသိမ်းစစ်တပ် ဦးဆောင်သည့် အစိုးရကို နိုင်ငံတကာအစိုးရများက အသိအမှတ်ပြုလာရေးအတွက် သေရေးရှင်ရေး ကြိုးပမ်းနေရသည့်အချက် ဖြစ်သည်။
မြန်မာစစ်တပ်၏ အာဏာသိမ်းမှု ဖြစ်ရပ်များကို ပြန်ပြောင်းကြည့်လျှင် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် အာဏာသိမ်းမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲကို ငြင်းပယ်ပြီး အာဏာသိမ်းခဲ့သည့် ဖြစ်ရပ်များတွင် အာဏာသိမ်းစစ်အစိုးရများသည် နိုင်ငံတကာအစိုးရများ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နိုင်ငံတစ်ခု၏ တည်ဆဲအစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြု ဆက်ဆံခြင်းတော့ ခံခဲ့ကြသည်။
၎င်းဖြစ်ရပ်များကို နမူနာယူပြီး စစ်ကောင်စီသည် ယခင်အာဏာသိမ်း စစ်အစိုးရများနည်းတူ ကျော်ဖြတ်နိုင်လိမ့်မည်ဟု တွက်ဆထားပုံရှိသည်။ “အရင်ကလည်း ပိတ်ဆို့မှုတွေရှိခဲ့လို့ ပိတ်ဆို့တဲ့ဒဏ်ကို ခံနိုင်တယ်။ မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့ ရှေ့ဆက်သွားမယ်”ဟု အာဏာသိမ်းပြီး မကြာမီကာလအတွင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြားထားသည့်စကားကို BBC သတင်း၌ တွေ့ရပါသည်။ သို့သော် အာဏာသိမ်းပြီး တစ်နှစ်ခွဲနီးပါးကြာလာသည့်တိုင် စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောဆို ဆက်ဆံသည့် နိုင်ငံကို မတွေ့ရသေးပေ။
ယခင်စစ်အစိုးရကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာသုံးပြီး ကာကွယ်ခဲ့သော တရုတ်နှင့် ရုရှားတို့ကလည်း ယနေ့အချိန်အထိ စစ်ကောင်စီကို တည်ဆဲအစိုးရအဖြစ် ပေါ်ပေါ်တင်တင် အသိအမှတ်ပြု ဆက်ဆံသည့် လုပ်ရပ်မျိုး မတွေ့ရသေးပေ။ ထို့အပြင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဝန်ကြီးများ၏ အစည်းအဝေးများတွင်လည်း နိုင်ငံရေးရာထူးကိုယ်စားပြုခွင့် မရသည့် ဆက်ဆံမှုမျိုး ဖြစ်နေသည်။ တရုတ်အစိုးရဆိုလျှင် ၎င်း၏ မိတ်ဆွေဟောင်း စစ်တပ်ဘက်ကို ဘက်လိုက်လိုသည့် သဘောရှိနေသော်လည်း ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက်တွင် ထိတွေ့ဆက်ဆံခွင့်ရလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေး အင်အားစုများ၏ အခန်းကဏ္ဍကိုလည်း လုံးဝ ဥပက္ခာပြုခြင်း မလုပ်ဘဲ အတတ်နိုင်ဆုံးကြားနေကာ ချင့်ချင့်ချိန်ချိန် ချဉ်းကပ်ဆောင်ရွက်နေသည်ဟု သုံးသပ်ရသည်။
ယခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Prak Sokhonn နှင့်အတူ မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ပုဂံမြို့၌ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြချိန် Mr. Wang Yi ပြောကြားခဲ့သည့် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်သုံးရပ်ထဲက ဒုတိယအချက်တွင် အောက်ပါအတိုင်းတွေ့ရသည်။
“မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည်။”ဟု ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ Facebook စာမျက်မှာတွင် ဖော်ပြထားသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲကျင်းပပြီး ၎င်းရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု၍ အာဏာလွဲပေးခြင်းသည် အခြေခံကျပြီး အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်သည်။ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို လက်မခံ၍ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီတရားဝင်မှုရရှိရေးအတွက် နောက်ထပ်ရွေးကောက်ပွဲတစ်ခု ကျင်းပနိုင်ရေးသည် မဖြစ်မနေ အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်နေသည်။ ၎င်းတို့ကျင်းပသည့် ရွေးကောက်ပွဲ ဗန်းပြကောင်းရန်အတွက် ဟန်ပြအတိုက်အခံပါတီများလည်း လိုအပ်နေပါသည်။ ထို့ကြောင့် စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို နိုင်ငံရေးအရထိုးနှက်ရန်နှင့် ဟန်ပြအတိုက်အခံပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီရရှိရန် NLD ပါတီထဲက ခေါင်းဆောင်ပိုင်းတစ်ချို့ ပါတီကိုစွန့်ခွာပြီး ပါတီအသစ်ဖွဲ့စည်းကာ ဝင်ရောက်ယှဉ်ပြိုင်သည့် အခင်းအကျင်းမျိုးကို မြင်တွေ့လိုပုံရှိပါသည်။
အခုလိုအကြပ်အတည်းကာလတွင် ပါတီဝင်များကို ဖိအားပေးပြီး နုတ်ထွက်စေခြင်း၊ ပါတီတွင်း အကွဲအပြဲဖြစ်အောင်ပြုလုပ်ခြင်းသည် NLD ပါတီအပြင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများအတွက် အသစ်အဆန်းကြုံတွေ့ရသည့် စိန်ခေါ်မှု မဟုတ်ပဲ ၈၈ နောက်ပိုင်းကာလများတွင်လည်း ကြုံတွေ့ခဲ့ရသည့် စစ်တပ်၏ ဇာတ်ညွှန်းဟောင်းများသာ ဖြစ်ပါသည်။
အနီးစပ်ဆုံးသမိုင်းကြောင်းကို ပြန်ကြည့်သည့်အခါ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ၈၈ အရေးအခင်းမှပေါက်ဖွားလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အပြတ်အသတ်အနိုင်ရပြီး စစ်တပ်အနိုင်ရစေလိုသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် အရေးမလှရှုံးနိမ့်ခဲ့ရပါသည်။ ထို့ကြောင့် စစ်တပ်သည် ၉၀ ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ အာဏာသိမ်းကာ ၎င်းတို့ကို ဆန့်ကျင်သည့် အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများကို ဖိနှိမ့်နှိပ်ကွပ်ကာ ညောင်နှစ်ပင်ညီလာခံကို ကျင်းပပြီး ၎င်းတို့ စိတ်ကြိုက်ချေလှယ်နိုင်မည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့သည်။
၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ဒီမိုကရေစီအင်အားစုများက စစ်တပ် စစ်ကြိုက်ပြဌာန်းထားသည့် ဖွဲ့စည်းပုံဥပဒေအောက်မှာပဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ရုန်းကန်ကြိုးပမ်းခဲ့ကြရာ အစိုးရအဖွဲ့နှင့် လွှတ်တော်များတွင် စစ်တပ်မြင်တွေ့လိုသော နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်မလာသည့်အခါ စစ်တပ်သည် ၎င်းတို့၏ နည်းလမ်းဟောင်းအတိုင်း အာဏာပြန်သိမ်းခဲ့ရသည်။
အာဏာသိမ်းခြင်းတူသော်လည်း စစ်ကောင်စီသည် ယခင်စစ်ခေါင်းဆောင်များနှင့်မတူဘဲ တစ်နှစ်ကျော်လာသည့်တိုင် ကျေးလက်မြို့ပြ မြန်မာနိုင်ငံနေရာအနှံ့တွင် လက်နက်ကိုင်တော်လှန်မှုများနှင့်အတူ အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှုများကိုလည်း နေစဉ်နှင့်အမျှ ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။
မည်သို့ပြင် ဖြစ်စေကာမူ စစ်ကောင်စီသည် ၎င်းတို့ ပြောသည့် မိတ်ဆွေနိုင်ငံ အနည်းငယ်တို့၏ အသိအမှတ်ပြုမှု ရရှိလာအောင် စည်းရုံးနိုင်ရန်အတွက် ရွေးကောက်ပွဲကို အနှေးနှင့်အမြန် မဖြစ်မနေ ကျင်းပရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ အာဏာရှင်စနစ်အောက်တွင် ရွေးကောက်ပွဲကျင်းပနေခြင်းသည် အာဏာရှင်ကို သက်ဆိုးရှည်စေသည့် အားဆေးသာဖြစ်စေပြီး ပြည်သူများလိုလားတောင်းဆိုနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာမည် မဟုတ်ပေ။ တိုင်းပြည်နှင့်ပြည်သူကို ဆင်းရဲဒုက္ခနွံထဲနစ်စေမည့် စစ်တပ်၏ ဇာတ်ညွှန်းဟောင်းများသာ ဖြစ်ပါသည်။ ပြည်သူလူထုကလည်း စစ်ကောင်စီကို ဆက်လက်ဆန့်ကျင် တော်လှန်သွားမည်သာဖြစ်၍ မိတ်ဆွေနိုင်ငံ အနည်းငယ်နှင့် ရှေ့ဆက်သွားမည်ဆိုသည့် စစ်ကောင်စီ၏ ပြောစကားလည်း မသေချာမရေရာသေးသည့် မှန်းဆချက်မျှသာ ဖြစ်ပါသည်။