ချိနှဲ့နေသည့် ကချင်နိုင်ငံရေးပါတီများ၏ အရာမထင်ခဲ့သော ပူးပေါင်းပါတီဖွဲ့စည်းခြင်းကို ဗဟိုချုပ်ကိုင်အုပ်ချုပ်မှုစနစ်နှင့် ဆက်စပ် ဆန်းစစ်သုံးသပ်ချက်
6 January 2022 – Kachinwaves
အတိုက်အခံ NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အာဏာရပါတီ ဖြစ်လာခဲ့လျှင် ဖက်ဒရယ်သည် ဦးစားပေးခံရလိမ့်မည်ဟု တိုင်းရင်းသားများက မျှော်လင့်ခဲ့ကြသည်။ သို့သော် NLD အာဏာရလာသည့်အခါ တိုင်းရင်းသားများ၏ မျှော်လင့်ချက်များကို လျစ်လျူရှုထားသည်ဟု တိုင်းရင်းသား နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။ အထူးသဖြင့် တိုင်းရင်းသားများက “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု”ဟု ပြောဆိုနေသော်လည်း NLD ပါတီသည် “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု”ဟူ၍သာ တရားဝင် သုံးခဲ့ပါသည်။ သို့ဖြစ်၍ ၂၀၂၀ ရွေးကောက်ပွဲ၏ ကချင်ပြည်နယ်အခြေအနေမှာ NLD ပါတီနှင့် ပါတီခေါင်းဆောင်အပေါ် နိုင်ငံရေးအရ မကျေနပ်ချက်များရှိနေပြီး ကချင်နိုင်ငံရေးပါတီများလည်း ပေါင်းစည်းအင်းအားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေ ဖြစ်ခဲ့သည်။ သို့သော် ကချင်ပါတီများသည် ကိုယ်စားလှယ်လောင်းများ၏ မဲရရှိမှုအရေအတွက် တိုးတက်လာခြင်းကလွဲလျှင် ယခင်၂၀၁၅ ရွေးကောက်ပွဲထက် ထူးရှားသည့် ရွေးကောက်ပွဲရလဒ် မရရှိခဲ့ပေ။
ထိုသို့ ကချင်ပြည်နယ်တွင် ကချင်ပါတီများ ရွေးကောက်ပွဲ အရေးနိမ့်ခဲ့ရသည့် အဓိက အကြောင်းရင်း (၄)ချက်ကို တွေ့ရပါသည်။
တပ်မတော်သည် ရွေးကောက်ခံအစိုးရ၏ အတိုက်အခံပါတီတစ်ရပ်လို ရပ်တည်နေခြင်း။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကို နိုင်ငံရေးတွင် ဦးဆောင်ခွင့်ပေးထားခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် တပ်မတော်သည် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါဝင်ခွင့်ရနေခြင်းများအပြင် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရမှ အရေးကြီးသည့် ဝန်ကြီးဌာနဝန်ကြီးများကို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ခွင့်ရနေခြင်းတို့သည် တပ်မတော်က အစိုးရ၏ ညွှန်ကြားချက်ကို လိုက်နာရန်ထက် အစိုးရကို ပါဝါဟန်ချက်ထိန်းညှိနေသည့် အဖွဲ့အစည်းတစ်ရပ်ကဲ့သို့ ဖြစ်စေသည်။
ဒီမိုကရေစီအင်အားစုများပြင်လျှင် NLD ပါတီ၏ လုပ်ဆောင်ချက် တော်တော်များများကို သဘောမတူခဲ့ကြသော်လည်း ရွေးကောက်ပွဲတွင်မဲကွဲပြီး လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် ဒီမိုကရေစီအင်းအားစုဘက်မှ ကိုယ်စားပြုမှု အားနည်းသွားမည်ကိုလည်း စိုးရိမ်မှုများရှိခဲ့ကြသည်။ ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကတည်းက စစ်တပ်က အာဏာပြန်သိမ်းနိုင်သည်ဟု ယူဆချက်များလည်း ရှိခဲ့သည်။
ထိုသို့ဖြစ်နေသည့် အခြေအနေတွင် ပါတီသက်တမ်းနုနယ်သေးပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် အကန့်အသတ်များဖြင့် စည်းရုံးရေးလှုပ်ရှားနေရသည့် ကချင်လေးပါတီ ပူးပေါင်းထားသော ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)သည် နိုင်ငံရေးအရ အထိနာသည့် ဝေဖန်တိုက်ခိုက်မှုများကို ခံခဲ့ရသည်။ ကချင်မဟုတ်သည့် တိုင်းရင်းသားလူမျိုးများကြားတွင် ကချင်လူမျိုးပါတီအဖြစ် ပြောဆိုခံခဲ့ရသလို ပြည်ခိုင်ဖြိုးပါတီထံမှ ငွေကြေးထောက်ပံ့မှုရယူပြီး မဟာမိတ်ဖွဲ့ထားသည်ဟု ကောလာဟလသတင်းများဖြင့်လည်း ဝေဖန်တိုက်ခိုက်ခံခဲ့ရသည်။ ထို့အပြင် ပြည်ခိုင်ဖြိုးကို ထောက်ခံမှုအားကောင်းသည့် ပြည်သူများကြားမှာတော့ KSPP ကို ကေအိုင်အေ ဟုလည်း နိုင်ငံရေးအရ တိုက်ခိုက်မှုများရှိခဲ့ကြောင်း ပါတီ၏ဒုဥက္ကဌ-၁ ဒေါ်ဒွဲဘူက ပြောခဲ့သည်။
KSPP ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီကို တွဲဖက်ဝေဖန်တိုက်ခိုက်ခြင်းပြုရန် အကြောင်းဖန်ပေးသည့် ဇာတ်ကြောင်းများလည်း ပါတီခေါင်းဆောင်တစ်ချို့၌ ရှိခဲ့သည်။ ပါတီဥက္ကဌ ဒေါက်တာတူးဂျာသည် ၎င်းဦးဆောင်သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) မဖွဲ့သေးမီအချိန်က ပြည်ခိုင်ဖြိုးပါတီဝင်ရန် ချဉ်းကပ်ခဲ့ကြောင်း အတည်ပြုရန်ခက်ခဲသော သတင်းလည်း ထွက်ခဲ့သည်။ ထို့အပြင် ဦးခက်ထိန်နန် (လက်ရှိကချင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်)ဦးဆောင်ခဲ့သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS) ကိုလည်း ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲကာလများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)၏ ညီနောင်ပါတီအဖြစ် ပြည်သူအများက နားလည်ထားခဲ့ရသည့် ပါတီဖြစ်သည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီသည် တိုင်းရင်းသားပါတီအချို့နှင့် မဟာမိတ်ဖွဲ့ကြောင်းကြေညာပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန်အထိ ပြောဆိုမှုများလည်း ရှိခဲ့သည်။ သို့သော်လည်း ၎င်းတိုင်းရင်းသား ပါတီများ၏ ဗျူဟာသည် နိုင်ငံရေးတွင် စစ်တပ်၏ သြဇာကြီးထွားလာမှုကို စိုးရိမ်သော တိုင်းရင်းသားပြည်သူများကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။
အုပ်ချုပ်ရေးယန္တရားနှင့် အစိုးရဖွဲ့စည်းမှုတွင် ဗဟိုချုပ်ကိုင်မှုစနစ် ဖြစ်နေခြင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အခြေပြုတိုင်းရင်းသား နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ၌ အနိုင်ရရှိသော်လည်း ပြည်နယ်အစိုးရဖွဲ့စည်းခွင့်မရှိသည့်အပြင် ဝန်ကြီးတစ်ဦးကိုမျှခန့်အပ်ပိုင်ခွင့် မရှိခြင်းသည် လက်တွေ့နိုင်ငံရေးမှာ သက်ဆိုင်ရာလူထု၏ ယုံကြည်ထောက်ခံမှုကို ပျက်ပြားစေသည့်အချက်ဖြစ်သည်။
ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရလည်း မဲဆန္ဒရှင်များသည် မည်သည့်မဲဆန္ဒနယ်တွင်ဖြစ်စေ ရက်ပေါင်း (၉၀)နေထိုင်ပြီးလျှင် ဒေသခံမဲဆန္ဒရှင်များနည်းတူ မဲပေးပိုင်းခွင့်ရှိနေသည်။ ယင်းဥပဒေပါအချက်သည် အာဏာရပါတီသည် အစိုးရလုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ၎င်းတို့ကို ထောက်ခံမှုအားနည်းသော မဲဆန္ဒနယ်များတွင် ၎င်းတို့ကိုထောက်ခံမည့် ရွှေ့ပြောင်းမဲဆန္ဒရှင်များ၏ မဲဖြင့် အနိုင်ရရှိစေရန် ဖန်တီးနိုင်သည့် အခွင့်ကောင်းရှိနေသည်။ အလားတူ တပ်မတော်သည်လည်း ယင်းဥပဒေအရ ၎င်းတို့အနိုင်ရစေလိုသည့် ပါတီများအတွက် တပ်မတော်သားမဲဆန္ဒရှင်များကို စီမံဆောင်ရွက် အသုံးပြုနိုင်သည့် အချက်ဖြစ်သည်။ သို့ဖြစ်၍ တိုင်းရင်းသားများသည် ယင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြင်ဆင်ချိန်ကတည်းက ဝေဖန်ထောက်ပြ ခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် တချို့မဲဆန္ဒနယ်များ၌ ဥပဒေ၏ အားနည်းချက်ကြောင့် ၎င်းတို့ပါတီ ရှုံးခဲ့ရသည်ဟု KSPP ပါတီက စွပ်စွဲမှုများလည်း ရှိခဲ့သည်။
ပြည်သူအပေါ် နိုင်ငံရေးဩဇာလွှမ်းမိုးနိုင်သော ကချင်နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများ မရှိခြင်း။
၁၉၆၂ ခုနှစ်မှစ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်လှုပ်ရှားမှုများသည် ဖိနှိပ်ခံခဲ့ရသည်။ ပါတီစုံဒီမိုကရေစီစနစ် ဆိတ်သုဉ်းသွားခြင်းသည် တရားဝင်ပါတီနိုင်ငံရေးလမ်းကြောင်းအပေါ် ကချင်ပြည်သူများအား ယုံကြည်မှုကင်းမဲ့စေသည့် အချက်ဖြစ်သည်။ အခြားတစ်ဘက်၌ လက်နက်ကိုင် တော်လှန်ရေးတွင် အားကောင်းလာစေသည့် အချက်လည်း ဖြစ်သည်။ ထို့ကြောင့် ၁၉၆၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) သည် အားကောင်းသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ဖြစ်လာသည်။
၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် တရားဝင်နိုင်ငံရေးပါတီများ ဖွဲ့စည်းလာကြသော်လည်း နိုင်ငံရေးအတွေ့အကြုံနှင့် ပြည်သူလူထုအပေါ် နိုင်ငံရေးသြဇာလွှမ်းမိုးမှုရှိသည့် အရည်အချင်းပြည့်မီသော ကချင်နိုင်ငံရေးသမားများ ရှားပါးသော ပြဿနာရှိလာသည်။ ထိုသို့ နိုင်ငံရေးပါတီများသည် ငွေကြေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ တောင့်တင်းခိုင်မာမှု မရှိခြင်းကြောင့် ပြည်သူလုထုကို ထိရောက်စွာ စည်းရုံးနိုင်ခြင်း မရှိခဲ့ပေ။ ထို့အပြင် ယခင်ရွေးကောက်ပွဲကာလများနှင့်မတူဘဲ Covid-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် အကန့်အသတ်များကြားတွင် ပါတီအသစ်နှင့် နိုင်ငံရေးနယ်ပယ်တွင် မျက်နှာသစ်များဖြစ်သော ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင်ပြည်သူများနှင့် ခက်ခက်ခဲခဲ မိတ်ဆက်ယူနေရသည်။ အင်တာနက်ဆက်သွယ်မှုနှင့် မိုဘိုင်းဖုန်း အသုံးပြုမှုအားကောင်းလာခြင်းနှင့် ကိုဗစ်-၁၉ရောဂါကြောင့် လူစုလူဝေးပြုလုပ်ရန်ခက်ခဲလာသည့် အခြေအနေ၌ ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူအများသုံးစွဲသည့် အွန်လိုင်းလူမှုကွန်ရက်ပေါ်မှတဆင့် မဲဆွဲစည်းရုံးလှုပ်ရှားမှုသည် ပါတီအားလုံးရှောင်လွဲမရသည့်အရာ ဖြစ်လာခဲ့သည်။
အာဏာရ NLD ပါတီသည် Facebook ဆိုရှယ်မီဒီယာကို ပါတီအောင်နိုင်ရေးအတွက် စနစ်တကျ သုံးစွဲနေသည့်အချိန်တွင် ပေါင်းစည်းပါတီဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်အတွက် ဆိုရှယ်မီဒီယာကို စနစ်တကျ အသုံးပြုခဲ့ခြင်း မရှိသည်ကို Kachinwaves ၏ စောင့်ကြည့်လေ့လာချက်အရ တွေ့ရှိ ခဲ့ရသည်။
ထို့အပြင် မတူညီသော နိုင်ငံရေး၊ လူမှုရေးနောက်ခံရှိသော ပါတီခေါင်းဆောင်များ ဦးဆောင်သော ပါတီငယ်များဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)သည် အားကောင်းစုစည်းသည့် ခေါင်းဆောင်မှု မရှိခဲ့ပေ။ ထို့ကြောင့် KSPP သည် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးရပ်တည်မှု အကွဲအပြဲများဖြစ်လာကာ ပါတီတည်ရှိမှုလည်း မှေးမိန်သွားခဲ့သည်။
KIO နှင့် အစိုးရအဆက်ဆက် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်း။
ပြည်တွင်းနိုင်ငံရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး မတည်ငြိမ်မှုများကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တရားဝင်ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့် မထူထောင်နိုင်ကြောင်း ကချင်လူထုက ယုံကြည်လာကြသည်။ ထို့ကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးသည် ကချင်လူမျိုးများအတွက် တစ်ခုတည်းသော ရွေးချယ်စရာလို ဖြစ်လာခဲ့သည်။ သို့ဖြစ်၍ နိုင်ငံရေးတွင် ကချင်လူထုသည် ကေအိုင်အိုအပေါ် ပိုမိုမျှော်လင့်အားထား နေကြဆဲဖြစ်သည်။
ခြုံငုံသုံးသပ်ရလျှင် ရွေးကောက်ပွဲနှင့် ပါတီနိုင်ငံရေးသည် နောင်ကာလများတွင်လည်း ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သဖြင့် လူထုယုံကြည်အားကိုးမှုရှိသော နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီတစ်ရပ်သည် ကချင်ပြည်နယ်အတွက် လိုအပ်နေဆဲ ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် နိုင်ငံကိုအုပ်ချုပ်ခြင်း၊ ဖက်ဒရယ်အရေးကို နောက်ဖယ်ထားခြင်းတို့သည် တိုင်းရင်းသားများကို နိုင်ငံရေးလုပ်ပိုင်ခွင့်ကင်းမဲ့စေပြီး ပြည်နယ်အခြေပြု နိုင်ငံရေးပါတီများကိုလည်း ဆုတ်ယုတ်စေပါသည်။ ထို့အပြင် အရပ်သားနိုင်ငံရေးအင်အားစုများအပေါ် တိုင်းရင်းသားပြည်သူများ၏ ယုံကြည်မျှော်လင့်မှုလည်း ယုတ်လျော့သွားစေကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက်လည်း ရေခံမြေခံကောင်း မဖြစ်စေနိုင်ပေ။