ခရစ္စမတ်ကာလမှာ မျှော်လင့်ချက်မဲ့နေတဲ့ မသန်စွမ်း စစ်ဘေးရှောင် အမျိုးသမီးများ
ဆောင်းပါး။ 25 December 2022 – Kachinwaves
ကချင်ဒေသ တကျော့ပြန် စစ်ပွဲဖြစ်လာကတည်းကနေ တရုတ် မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ်နယ်မြေက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ မသန်စွမ်း စစ်ဘေးရှောင်တွေဟာ အခုဆိုရင် အရင်ကထက်ပိုမို ခက်ခဲလာပြီး အိမ်ပြန်ရဖို့လည်း မျှော်လင့်ချက်တွေ လျော့နည်းလာ ပါတော့တယ်။
မသန်စွမ်းစစ်ရှောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ “နှလုံးသားများ၏ နှလုံးသား”အဖွဲ့ရဲ့ စာရင်းအရ လိုင်ဇာမြို့ဝေကြိုင်စစ်ရှောင်စခန်းမှာ မသန်စွမ်းအရေအတွက် ၇၄ ဦးရှိတဲ့အထဲ မသန်စွမ်းအမျိုးသမီးတွေက အများပိုင်း ဖြစ်တယ်လို့ အဖွဲ့ရဲ့ ဥက္ကဌ ဦးဘောက်နော်က ပြောပါတယ်။
စားဝတ်နေရေးက အရင်ကထက် ပိုမိုခက်ခဲလာပေမဲ့ အိမ်ပြန်နိုင်ဖို့ မျှော်လင့်ချက် မထားတော့ဘူးလို့ လိုင်ဇာမြို့အနီးရှိ ဝေကြိုင်စစ်ရှောင်စခန်းမှာ ခိုလှိုနေသူ ကလေး ၂ ယောက်ရဲ့မိခင် မသန်စွမ်းအမျိုးသမီး ဒေါ်ရွယ်နန်က အခုလို ပြောပါတယ်။
“အခုက စစ်ကပြန်ဖြစ်လာပြီဆိုတော့ မမျှော်လင့်ပါဘူး။ အခုလို အခြေအနေဆိုတော့၊ အရင်တုန်းက စစ်ဖြစ်ထားတာဆိုတော့ မိုင်းတွေဘာတွေလည်း ရှိနေနိုင်တယ်။ ပြန်လည်း ပြန်ချင်တယ်၊ ကိုယ့်ရွာဆိုတော့။ ပြန်ရင်လည်း မိုင်းတွေထောင်ထားတယ်ဆိုတော့ ကြောက်တယ်”လို့ ဆိုပါတယ်။
ငယ်ကတည်းကနေ ခြေထောက်တစ်ဖက် မသန်စွမ်းဖြစ်တဲ့ ဒေါ်ရွယ်နန်ဟာ အရင်က စစ်ရှောင်စခန်းထဲမှာနေပြီး ဆိုင်ကလေးရောင်းခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး တရုတ်နယ်စပ်ဂိတ်တွေလည်း ပိတ်သလို စစ်အာဏာသိမ်းမှုလည်း ပြန်ဖြစ်လာတော့ အသွားအလာခက်ခဲပြီး ကုန်ဈေးနှုန်းတွေ တက်လာလို့ ဖွင့်ထားတဲ့ဆိုင်ကလေး မရောင်းရတော့ဘဲ ပိတ်လိုက်ရတယ်လို့ ဆိုပါတယ်။ အမျိုးသားဖြစ်သူကလည်း အရင်ကဆိုရင် တရုတ်ငှက်ပျောခြံတွေမှာ နေ့စားဝင်လုပ်ရင် တစ်နေ့ တရုတ်ငွေ ငါးဆယ်၊ ခြောက်ဆယ် (လက်ရှိ နယ်စပ်ငွေဈေးအရ ၂ သောင်းကျပ်ဝန်းကျင်) ရှာနိုင်ခဲ့တယ်လို့ ပြောပြပါတယ်။
“အလုပ်က မရှိတော့ဘူး။ အရင်တုန်းကတော့ ဈေးနည်းနည်းပါးပါး ရောင်းတယ်။ အခုက မရောင်းတော့ဘူး။ ခက်ခဲတာတော့ ရှိတယ်။ အရင်တုန်းကထက် ပိုခက်ခဲလာတယ်။ စားဝတ်နေရေးမှာ ပိုခက်ခဲလာတယ်။ အရင်တုန်းကဆို ငှက်ပျောခြံတွေရှိတော့ နေ့စားသွားလို့ ရတယ်။ နေ့စားဆိုလည်း ပုံမှန်ရှိတယ်လေ။ အဲဆိုတော့ ကျွန်မယောကျာ်းက အဲမှာလုပ်တော့ ပိုက်ဆံကတော့ နည်းနည်းပါးပါး သုံးလို့ရတာ၊ အခုက ငှက်ပျောခြံသိမ်းသွားတော့ မရှိတော့ဘူးလေ”လို့ ဒေါ်ရွယ်နန်က စိတ်ပျက်ညည်းတွားသံနဲ့ ပြောပြပါတယ်။
စစ်ရှောင်စခန်းမှာ ခိုလှုံနေရင်း မျှော်လင့်ချက်မဲ့နေတဲ့ မသန်စွမ်း စစ်ရှောင်အမျိုးသမီး နောက်တစ်ယောက်ကတော့ အသက် ၆၃ နှစ်အရွယ် လမ်းမလျှောက်နိုင်တဲ့ မျက်မမြင် ဒေါ်ဒေါင်နော ဖြစ်ပါတယ်။ စခန်းတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကြောင့် အသက် ၁၃ နှစ်အရွယ် မြေးဖြစ်သူက ဗုံးခိုကျင်းတူထားပေမဲ့ မသန်စွမ်း ဒေါ်ဒေါင်နောကတော့ စစ်ကိုနောက်ထပ် ပြေးလွှားရှောင်တိမ်းချင်စိတ် မရှိတော့သလို အိမ်ပြန်ရဖို့ မျှော်လင့်ချက်လည်း မရှိတော့တဲ့သူ ဖြစ်ပါတယ်။
“အိမ်ပြန်ဖို့ မပြောတတ်ဘူး။ ပြန်ရမယ် မပြန်ရမယ်ဆိုတာလည်း မသေချာဘူး။ ပြန်ရမယ်ဆိုတာလည်း မျှော်လင့်ချက်ကို မရှိဘူး။ ထွက်ပြေးရမယ်ဆိုလည်း မပြေးတော့ဘူး။ သေရင်လည်း သေပါစေတော့ ထပ်မပြေးချင်တော့ဘူး။ ကိုယ့်အိပ်ယာပေါ်မှာ နေနေလို့ သေသွားရင်လည်း ကိုယ့်ကံကြမ္မာလို့ပဲ မှတ်လိုက်တော့မယ်။ ထပ်မပြေးချင်တော့ဘူး။ ကိုယ့်မိသားစုတွေကိုလည်း အဲလိုပဲပြောထားတယ်။ ဘဝဟာ ဒီလိုပဲ နိဂုံးချုပ်သွားရင်လည်း ကိုယ့်ကံကြမ္မာပဲလို့ မှတ်ယူရတော့မယ်”လို့ သူမက တိမ်ဝင်နေတဲ့အသံနဲ့ စိတ်ပျက်လက်ပျက် ပြောပြပါတယ်။
စစ်ရှောင်တွေကို ကူညီထောက်ပံ့မှုတွေ နည်းပါးလာတဲ့အတွက် မိသားစုဝင်များတဲ့ ဒေါ်ဒေါင်နောတို့လို အိမ်ထောင်စုတွေအတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာတယ်လို့ သူမက ဆက်ပြောပါတယ်။
“မနှစ်တုန်းကထက်တော့ အခက်အခဲ ပိုရှိလာတယ်။ ပိုက်ဆံရှာလို့ရတဲ့ အလုပ်ရှားလာတယ်။ ချွေးမတစ်ယောက်ပဲ အစစအရာရာ ပြုစုစောင့်ရှောက်ပေးနေရတော့ ကိုယ့်ကိုထားပြီး အဝေးသွား ပိုက်ဆံရှာဖို့လည်း အဆင်မပြေ ဖြစ်နေရတယ်။ အဖွဲ့အစည်းတစ်ချို့က ကူညီပေးတဲ့ ပိုက်ဆံတွေနဲ့ပဲ ရပ်တည်နေရတယ်”လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ် ကတည်းက ဝိုင်းမော်မြို့နယ် နန့်ဆန်ယန်ကျေးရွာကနေ စစ်ဘေးတိမ်းရှောင်လာပြီး လိုင်ဇာအနီး စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ မလုတောင်ဟာ စစ်ဘေးရှောင်စခန်းရောက်ပြီးနောက် စက်ချုပ်သင်ယူကာ ၎င်းစက်ချုပ်တဲ့အလုပ်နဲ့ ဝင်ငွေရှာနေတဲ့ ခြေထောက်တစ်ဖက် မသန်စွမ်း အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဇနီးဆုံးရှုံးသွားတော့တဲ့ ကလေး ၃ ယောက်ရဲ့ ဖခင် သူ့မောင်လေးရဲ့ မိသားစုနဲ့အတူနေပြီး သူတတ်နိုင်သလောက် အတူနေ မိသားစုဝင်တွေကို ထောက်ပံ့နေတဲ့ မသန်စွမ်း အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အထွေထွေ အကြပ်အတည်းရဲ့ ရိုက်ခတ်မှုတွေက စစ်ရှောင်စခန်းမှာ စက်ချုပ်အလုပ်နဲ့ ဝင်ငွေရှာနေတဲ့ မလုတောင်ဆီမှာလည်း ရောက်ရှိလို့ လာပါတယ်။
“ဟင်းဝယ်စားဖို့ ဆီဝယ်စားဖို့ အခုက အရမ်းဈေးကြီးလို့ ပိုက်ဆံမရှိတဲ့အခါဆို မဝယ်စားနိုင်တော့ဘူး။ အိမ်မှာဆို ကျွန်မက ရှာကျွေးရတယ် မိသားစုကို”လို့ မလုတောင်က ပြောပါတယ်။
သူမလည်း နေရပ်ပြန်နိုင်ဖို့ မျှော်လင့်ချက်မဲ့နေတဲ့ စစ်ရှောင်စခန်းက မသန်စွမ်း အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
“အကုန်လုံးပြန်မှ ပြန်မယ် ပြန်ချင်တယ်။ ဒါပေမဲ့ ပြန်လို့မှမရတာ ရွာမှာလည်း စစ်သားတွေ မိုင်းတွေ ရှိနေသေးတယ်”လို့ မျှော်လင့်ချက်မဲ့ အကြည့်တွေနဲ့ ပြောပြနေတဲ့ မလုတောင်တို့ စစ်ရှောင်စခန်းမှာ ဘယ်လောက်နေရအုန်းမယ်ဆိုတာ ကံသေကံမ ဘယ်သူမှ မပြောပြနိုင်သေးပါ။