ကြွက်စားလို့ မကုန်တဲ့ အကြွင်းအကျန်တွေနဲ့ လုပ်ရတဲ့ ကျေးဇူးတော်ချီးမွမ်းပွဲ
22 November 2022 – Kachinwaves
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာ ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲတော်) ကို ယခုနှစ်မှာတော့ ကြွက်စားပြီးကျန်တဲ့ အကြွင်းအကျန်ကောက်ပဲသီးနှံတွေနဲ့ လုပ်ရတော့မယ်လို့ ခါဂရန်ယန်က ဒေါ်ထုမိုင်က ပြောပါတယ်။
“ဆရာတွေက ဘာပဲဖြစ်ဖြစ် ကျေးဇူးတော်ချီးမွမ်းပွဲတော့ လုပ်ရအောင်ဆိုလို့ ကိုယ့်တောင်ယာက ကြွက်အကျန်စပါး၊ ဟင်းသီးဟင်းရွက်တွေ စုဆောင်းပြီး ဘုရားကျောင်းမှာ ကောက်သစ်စားပွဲလုပ်ဖို့တော့ စီစဉ်ထားတယ်”လို့ သူမက ဆိုပါတယ်။
ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲတော်)ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဓလေ့ဖြစ်ပြီး တစ်နှစ်အတွင်း ကိုယ်လုပ်ကိုင်တဲ့ အလုပ်အပေါ် ခံစားခဲ့ရတဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေအပေါ် ဘုရားသခင်ထံ ကျေးဇူးတင်ချီးမွမ်းတဲ့ ပွဲဖြစ်ပြီးတော့ ဆောင်းအဝင် ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန် နိုဝင်ဘာလမှာ ကျင်းပကြတာ ဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း ကချင်ပြည်နယ်ရှိ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ကျင်းပလေ့ရှိကြပြီး ဒီနှစ်မှာတော့ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန် မြို့နယ်တွေမှာ ပွဲတော်ကြီး မကျင်းပနိုင်တော့သလို မိသားစုအတွင်း ကောက်သစ်စား ဆုတောင်းပွဲတွေလည်း မလုပ်နိုင်တော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
“ကျွန်တော်တို့ ဒီဘာသာရေးကလည်း ကျေးဇူးတော်နေ့ သတ်မှတ်ထားတဲ့ အခါကျတော့ သူဟာသူတော့ တတ်နိုင်သ လောက်တော့ လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဒါပေမယ့် ခါတိုင်းလိုတော့ ကိုယ့်အိမ်မှာ ကိုယ့်တောင်ယာထဲကရတဲ့ စပါးတွေနဲ့ အိမ်မှာဆက်ကပ်တဲ့ ဆုတောင်းပွဲတွေတော့ရှိမှာ မဟုတ်တော့ဘူး။ အိမ်ထောင်စုတိုင်းမှာ ကောက်သစ်စားပွဲကတော့ မရှိတဲ့နှစ်လို့ ပြောလို့ရတယ်”လို့ ဆွမ်ပရာဘွမ်ဒေသခံ ဦးဇော်နော်က ပြောပါတယ်။
ဒီဒေသတွေမှာ ယခုနှစ် (၂၀၂၂ ခုနှစ်) စက်တင်ဘာလအတွင်း ကချင်လို ယူလီခူး (Yu Li Hku) ကြွက်ကပ်ဘေးကြောင့် အစားခေါင်းပါးခြင်း ကပ်ဘေးလို့ခေါ်တဲ့ ကြွက်ဘေးကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်ယန်းမြို့နယ်က ကျေးရွာစုစုပေါင်း ၈၀ ကျော်ရဲ့ တောင်ယာစပါးခင်းတွေ ပျက်စီးသွားခဲ့တာဖြစ်ပြီး ယူလီခူး ကြွက်ကပ်ဘေးဟာ နှစ်ပေါင်း ၅၀ မှာ တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး တောတွင်းမှာပေါက်တဲ့ တောဝါးတွေ အသီးသီးချိန်မှာ ကပ်ဘေးဆိုက်တတ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
တောကြွက်တွေဟာ ၎င်းတောဝါးသီးတွေကို အရင်ဦးဆုံးစားကြပြီး ၎င်းဝါးသီးရဲ့ အာနိတင်ကြောင့် ကြွက်ပေါက်ဖွားမှုနှုန်း များပြားလာပြီး လူတွေစိုက်ပျိုးထားတဲ့ စပါးသီးနှံခင်းတွေကို လာရောက်စားသောက် ဖျက်ဆီးကြခြင်းဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသီ ဆရာဘောက်လာက ပြောပါတယ်။
မလိခနဲ့ အင်မိုင်ခ အထက်ပိုင်းမှာ ဝါးသီးတွေရှိနေသေးပြီး ဝါးသီးစားပြီး မျိုးပွားမှုနှုန်းပိုများလာတဲ့ ကြွက်တွေကြောင့် ယူလီခူး ကြွက်ကပ်ဘေးကတော့ လာမယ့်နှစ်တွေမှာလည်း ပြန်ဖြစ်နိုင်တယ်လို့ ဆွမ်ပရာဘွမ်ဒေသခံ ဦးဇော်နော်က အခုလို သုံးသပ်ပါတယ်။
“နောက်နှစ်မှာဆိုလည်း ကျွန်တော်ထင်တာ ဝါးသီးသီးတာက အခုလည်း ဒီအတိုင်း ဟိုအထက်ပိုင်းမှာတော့ ရှိနေတုန်းဆိုတော့ ယူလီခူးက နောက်နှစ်ဆိုလည်း စပါးစိုက်ရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ ဒီယူလီခူးက တော်တော်ကြာအုံးမှာ”လို့ ဆိုပါတယ်။
အခုတော့ ကျေးဇူးတော်ချီးမွမ်းပွဲ အကျဉ်းချုပ်လေးလုပ်ဖို့ ဈေးထဲက သီးနှံတွေဝယ်ယူပြီး လုပ်နေရပေမယ့် မိုးရာသီ အတွက် စားဖို့အရေးတွေးပြီး ပူနေကြတယ်လို့ ဒေါ်ထုမိုင်က ပြောပါတယ်။
“ကောက်သစ်စားပွဲ လုပ်ဖို့တော့ စီစဉ်ထားတယ်။ ဒါပေမယ့် အများပိုင်း ကောက်ပဲသီးနှံတွေကိုတော့ စျေးကနေပဲ ဝယ်ရတယ်။ ဒီနှစ်က အရင်နှစ်တွေလို အိမ်မှာ ကောက်သစ်စား ဆုတောင်းတာတွေ မလုပ်နိုင်တော့ဘူး။ အခုက NGOs အဖွဲ့တွေ လာကူညီပေးတဲ့ ဆန်တွေပဲ စားနေရတယ်။ ကျမတို့က အခုလောလောဆယ်အတွက်တော့ မစိုးရိမ်ရဘူး။ အခုက မြစ်ချောင်းတွေမှာ ရွှေတွေ နည်းနည်းပါးပါး ကျင်လို့ရတယ်။ မိုးတွင်းမှာ စားဖို့အတွက် စိတ်ပူရတယ်။ နောက်နှစ်လည်း တောင်ယာတွေတော့ ပိုလုပ်ရမှာပဲ ရှိတဲ့စပါးမျိုးတွေနဲ့”လို့ ဆိုပါတယ်။
ပျက်စီးသွားတဲ့ စပါးခင်းတွေအတွက် ခရစ်ယာန်ဘာသာရေးအဖွဲ့တွေ အရပ်ဖက်အဖွဲ့အစည်းတွေက ကူညီ ဆောင်ရွက်ပေးနေပေမယ့် နောက်နှစ်စပါး ပြန်ပေါ်ချိန်အထိတော့ စားဝတ်နေရေးအတွက် အခက်အခဲ လိုအပ်ချက်တွေ ရှိနေအုံးမယ်ဖြစ်တယ်လို့ ဦးဇော်နော်ကလည်း အခုလို ပြောပါတယ်။
“ဒီဒေသခံတွေအတွက်တော့ ဆန်စပါးနဲ့ ပတ်သက်ပြီး တော်တော်လေး ခက်ခက်ခဲခဲတော့ ကြာအုံးမယ်၊ နောက်နှစ်က ပိုခက်ခဲမှာ နောက်နှစ်ဆို ဘယ်သူ့ဆီမှာမှ ဆန်စပါးတော့ ကျန်မှာ မဟုတ်ဘူး။ အကူအညီမရဘဲနဲ့ အသက်ဆက်ဖို့တော့ မလွယ်လောက်ပါဘူး”လို့ ဆိုပါ တော့တယ်။