ချန်ခဲ့ သီချင်း ကြိုက်ခဲ့သူ
ဆောင်းပါး (Profile) 19 October 2022 – Kachinwaves
မသိသေးမခင်သေးတဲ့ လူတွေနဲ့တွေ့ရင် ခပ်တည်တည်နေတတ်ပေမဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကြားမှာတော့ သူပြုံးပြရင် ချစ်စရာကောင်းတယ်လို့ ကိုရှိုင်းထက်ဝေ (ခ) ဖိုးစွန်ရဲ့ သူငယ်ချင်းမိန်းကလေးတစ်ယောက်က အမှတ်တရ ပြောပါတယ်။ အနက်ရောင် အင်္ကျီဝတ်လေ့ရှိသလို အဆိုတော် ရေမွန်ရဲ့ “ချန်ခဲ့”သီချင်းကိုလည်း ကြိုက်တဲ့သူဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ဗန်းမော်တက္ကသိုလ် ပထဝီဝင်မေဂျာ ပထမနှစ်ကျောင်းသားဖြစ်တဲ့ ကိုရှိုင်းထက်ဝေဟာ မိသားစုညီအစ်ကိုမောင်နှမတွေထဲက အစ်ကိုအကြီးဆုံးဖြစ်ပါတယ်။ သူဟာ အနေအေးပြီး ဒေါသဖြစ်ရင်တောင် တော်ရုံသန်ရုံအပြင်မထုတ်ဘဲ မြိုသိပ်ထားတတ်တယ်လို့ သူနဲ့ရင်းနှီးခဲ့တဲ့ သူငယ်ချင်းမိန်းကလေးက ပြောပါတယ်။
ဒါပေမဲ့ ကိုရှိုင်းထက်ဝေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကိုတော့ လုံးဝ သီးမခံနိုင်ဘဲ လက်နက်ကိုင်တော်လှန်တဲ့ ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က လူငယ်ရဲဘော်တစ်ဦး ဖြစ်လာပါတယ်။ သူပါဝင်ခဲ့တဲ့တပ်ဟာ ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ် (Shwegu KPDF) ဖြစ်ပြီး တပ်စိပ်မှူး ဖြစ်နေချိန်မှာ မမျှော်လင့်ဘဲ အချိန်မတိုင်မီ ကြွေခဲ့ရတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ရသူပါ။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနဲ့ ရွှေကူ KPDF တပ်တို့ ရွှေကူမြို့နယ် စီမူလေးနဲ့ စီမူကြီးရွာအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ကျဆုံးသွားခဲ့ ရသူပါ။
ကိုရှိုင်းထက်ဝေ ကျဆုံးသွားရတဲ့အကြောင်းကို တော်လှန်ရေးကာလအတွင်း ရင်းနှီးခဲ့တဲ့ သူငယ်ချင်းရဲဘော်တစ်ဦးက အခုလိုပြောပြပါတယ်။
“ဟိုဘက်က (စစ်ကောင်စီ) စစ်ကြောင်း အင်အားအရမ်းများတော့ အင်အားမမျှလို့ တပ်ဆုတ်ဖို့ ကာပစ်ပေးနေတဲ့အချိန်မှာ ကျဆုံးသွားတာ”လို့ စိတ်မကောင်းစွာနဲ့ သူငယ်ချင်းရဲ့ ကျဆုံးခန်းကို ပြောပြပါတယ်။
တက္ကသိုလ်ကျောင်းသားလူငယ်ဖြစ်တဲ့ ကိုရှိုင်းထက်ဝေဟာ အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေပေမဲ့ “ကျောင်းတွေပြန်ဖွင့်ရင် တို့တွေ စာကြိုးစား ကြမယ်နော်”ဆိုတဲ့ ပို့စ်တစ်ခုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ၎င်းသုံးစွဲခဲ့တဲ့ Facebook အကောင့် စာမျက်နှာပေါ် ရေတင်ခဲ့တာကို တွေ့ရပါတယ်။
ဒါပေမဲ့ သူဟာ အခုတော့ ကျဆုံးသွားတဲ့ အခြားနွေဦးတော်လှန်ရေး လူငယ်ရဲဘော်တွေလိုပဲ သူပြန်ရချင်တဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘဲ၊ ကျောင်းကိုရော သူချစ်တဲ့ အပေါင်းအသင်း သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိသားစုတွေကိုပါ ချန်ခဲ့ပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားသူ ဖြစ်သွားပါပြီ။
သူကြိုက်ခဲ့တဲ့ အဆိုတော်ရေမွန်ရဲ့ “ချန်ခဲ့”သီချင်းမှာတော့ “အပြီးသတ်နှုတ်ဆက်ပါတယ်၊ စိတ်ဖြောင့်ဖြောင့်နဲ့ပဲ ချန်ခဲ့”လို့ ဆိုထားပါတယ်။
ကိုရှိုင်းထက်ဝေ သူကိုယ်တိုင်က သူချစ်တဲ့သူတွေနဲ့ သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ တော်လှန်ရေးကို စိတ်ဖြောင့်ဖြောင့်နဲ့ “ချန်ခဲ့”ရဲ့လားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်တော့ပါ။ သေချာတာကတော့ သူနဲ့ရင်းနှီးခဲ့တဲ့ သူတွေအတွက်တော့ အမှတ်တရတွေအများကြီး ချန်ထားခဲ့ပါပြီ။
“အခုချိန်ထိ သူဆုံးသွားတယ်ဆိုတာကို ယုံကိုမယုံနိုင်ဘူး”လို့ သူ့သူငယ်ချင်းမိန်းကလေးက လွမ်းဆွေးသံနဲ့ ပြောလာပါတယ်။
ကိုရှိုင်းထက်ဝေရဲ့ သူငယ်ချင်း ရင်တွင်းရှိုက်သံနဲ့ ဆက်ပြောပြတာက “တကယ်လို့ ဖြစ်နိုင်လို့ရှိရင်တော့ သူနဲ့ပြန်ပြီးတော့ဆုံချင်တယ်။ အခင်ဆုံးအကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်ချင်တယ်”ဆိုတဲ့စကားပါ။
ကိုရှိုင်းထက်ဝေ (ခ) ဖိုးစွန်ရဲ့ မိသားစု မိတ်ဆွေသူငယ်ချင်းတွေလိုပဲ ဒီနွေဦးတော်လှန်ရေးမှာ ကျဆုံးသွားရတဲ့ အခြားသော တော်လှန်ရေးသူရဲကောင်းရဲဘော်တွေရဲ့ မိသားစု မိတ်ဆွေသူငယ်ချင်းတွေကလည်း အလားတူ ခံစားနေကြရတာ ဖြစ်ပါတယ်။