အသက်နဲ့ရင်းပြီးရတဲ့ ဘေချီဥ
ဆောင်းပါး။ 12 October 2022 – Kachinwaves
ကချင်ပြည်နယ် ပူတာအိုဒေသဟာ ရှားပါးတဲ့ သဘာဝဆေးမြစ်၊ ဆေးဥတွေထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။ ပူတာအိုဒေသက ရေခဲတောင်တွေမှာ ဘေချီ၊ ရှီးပတီ၊ ခန်းတောက်မြစ်၊ ခါ့မရ၊ ဆားချီ စတဲ့ သဘာဝဆေးမြစ်၊ ဆေးဥတွေ ထွက်ရှိပါတယ်။ ၎င်းဆေးမြစ်တွေထဲက ဘေချီဥကို စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာ ဒီသုံးလအတွင်းမှာ ရှာရတယ်လို့ ကိုယ်တိုင်ရှာဖွေကြတဲ့ ဒေသခံတွေက ပြောပြပါတယ်။
ဘေချီဆိုတာ ဒေသခံရဝမ်စကားနဲ့ ခေါ်တာဖြစ်ပြီး “လန်ပါ့”လို့လည်း ခေါ်ဆိုကြတယ်လို့ ဆိုပါတယ်။ ဘေချီကို ရေခဲတောင်တွေဖြစ်တဲ့ ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီနဲ့ မဒွယ်ရာဇီ စတဲ့တောင်တွေရဲ့ ကျောက်ဆောင် ကျောက်ကမ်းပါး၊ ကျောက်ဖျာတွေနဲ့ ရေခဲတောင်ပေါ်က စမ်းချောင်းတွေရဲ့ ကျောက်ဖျာတွေမှာ ရှာဖွေရတဲ့ သစ်ဥဖြစ်တယ်လို့ မောင်မုံရမ်က ပြောပြပါတယ်။
အသက် ၁၉ နှစ်အရွယ် မောင်မုံရမ်ဟာ ရေခဲတောင်တွေက ရှားပါးတဲ့ ဆေးမြစ်ဆေးဥတွေကို သွားရှာတာ ၇ ကြိမ်ရှိခဲ့ပြီလို့ ဆိုပါတယ်။ သူဟာ ဆေးမြစ်ဆေးဥ ရှာတဲ့အလုပ် သာမက ရေခဲတောင်တက်တဲ့ ခရီးသွားဧည့်သည်တွေအတွက် လမ်းပြအထမ်းသမားနဲ့ ထမင်းချက်စားဖိုမှူးအဖြစ်လည်း လိုက်ခဲ့တာ ၁၇ ကြိမ်ရှိပြီ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးတဲ့နောက် တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုတော့ဘဲ မိမိဒေသမှာ ကျပန်းအလုပ်တွေလုပ်ပြီး ဆေးမြစ်ရှာတဲ့ ရာသီတွေမှာ သွားရှာရင်း မိသားစုကို တစ်ဖက်တစ်လှမ်းကနေ ကူညီနေတယ်လို့ မောင်မုံရမ်က ဆိုပါတယ်။
ရေခဲတောင်တွေမှာ ထွက်ရှိတဲ့ ရှားပါးဆေးမြစ်ဆေးဥတွေထဲက ဘေချီဥကို ရှာဖွေရတာဟာ အခက်ခဲဆုံးဖြစ်ပြီး အသက်အန္တရာယ်အများဆုံးဖြစ်တယ်လို့ သူကဆိုပါတယ်။
“ဟုတ်တယ်၊ တခြားဆေးမြစ်တွေရှာတာက အဲလောက်အန္တရာယ် မရှိဘူး။ ဒီဆေးမြစ်ကိုရှာဖို့အတွက် ခက်ခဲတယ်၊ ခရီးအဝေးကြီးကို ရိက္ခာထမ်းပြီးသွားရတော့ တောင်ပေါ်ရောက်ပြီး ရှာရင်မလွယ်ဘူး။ သူက အန္တရာယ်များတယ်။ ရှာရတာ အချို့မိုးရွာတဲ့ ရက်မှာက တောင်ပေါ်မှာရေကြီးပြီး ကျောက်တုံးတွေ လိမ့်ကျတာ ကြောက်ဖို့ကောင်းတယ်။ ပေါက်တာလည်း ကျောက်ကမ်းပါးမှာ ပေါက်တာဆိုတော့ ကြောက်တဲ့လူတွေ ပြုတ်ကြတာ”လို့ ဒေသခံလူငယ် မောင်မုံရမ်က ပြောပါတယ်။
ဒီဘေချီဥကို တရုတ်နိုင်ငံဘက်ကလူတွေ ဝယ်ယူပြီး ဒေသအတွင်း တိုင်းရင်းဆေးအနေနဲ့ မသုံးကြဖူးတဲ့အပြင် တရုတ်တွေက ဘာအတွက် ဝယ်ယူတယ်ဆိုတာကိုလည်း အတိအကျမသိရဘူးလို့ သူကဆက်ပြောပါတယ်။
“တရုတ်ဘက်က ဝယ်တယ်၊ ဘာအတွက်ဝယ်တယ် ဆိုတာတော့ မပြောကြဘူး။ အစာအိမ်ဆေးလို့ပဲ ပြောကြ တယ်။ ဆရာတစ်ယောက်ကို မေးကြည့်တော့ ဘေချီက တရုတ်တိုင်းရင်းဆေးအတွက် သုံးတယ် ပြောတယ်။”လို့ မောင်မုံရမ်က ဆိုပါတယ်။
ဘေချီဥဟာ ကြက်သွန်နီဥ ကဲ့သို့ရှိပြီး အဖြူ၊ ခရမ်းနဲ့ အစိမ်းရောင်ဆိုပြီး အရောင် ၃ မျိုးထွက်ပါတယ်။ ၎င်းကို အခြောက်လှန်းပြီး ပိဿချိန်နဲ့ ရောင်းကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက်အန္တရာယ်နဲ့ရင်းပြီး ရှာလို့ရတဲ့ ဘေချီဥကို ၂၀၂၁ ခုနှစ်မှာ တစ်ပိဿ ၃ သိန်းကျပ်ရောင်းရပြီး အခုနှစ်မှာတော့ ၉ သိန်းကျပ်အထိ ဈေးရတယ်လို့ သိရပါတယ်။
ဒီနှစ်မှာ မောင်မုံရမ်လည်း ဘေချီဥရှာပြီး ကျပ်သိန်း ၂၀ ရရှိခဲ့တယ်လို့ ပြောပြပါတယ်။ ရရှိတဲ့ငွေကို မိခင်ကို အကုန်အပ်ပြီး အခုတော့ ကွန်ပျူတာသင်တန်း တက်နေတယ်လို့ ဆိုပါတယ်။
ရှာနိုင်တဲ့သူတွေက ဘေချီပေါ်ချိန် တစ်ရာသီအတွင်းမှာ အများဆုံးကျပ်သိန်း ၅၀ အထိရနိုင်ပြီး၊ လုံးဝ မရကြတဲ့သူတွေလည်းရှိသလို ကံမကောင်းစွာနဲ့ ဘေချီဥရှာရင်း တောင်ကမ်းပါးတွေကနေ ပြုတ်ကျ သေဆုံးသူတွေလည်း ရှိပါတယ်။ ဒီနှစ် စက်တင်ဘာလအတွင်းမှာပဲ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် ဘေချီရှာရင်း သေဆုံးသူ ၈ ယောက်ရှိပြီလို့ ပူတာအိုဒေသခံ ဦးရမ်ဆိန်းက ပြောပါတယ်။
“အများပိုင်းက ဘာမှမရဘဲ မိသားစု ဆုံးရှုံးတာတွေရှိတယ်။ ဒီနှစ်ကတော့ ၈ ယောက် လောက်တော့ ရှိမယ်။ တချို့ကတော့ ကျွန်တော်လည်း မသိတာတွေလည်း အရမ်းများတယ်။ သတင်းမကြားတဲ့ဟာ တွေရှိတယ်။ လိုင်းပေါ်တက်တာကတော့ တစ်ယောက်နှစ်ယောက်ဘဲ ရှိမယ်။ အတိအကျ ဘယ်နှစ်ယောက်ဆိုတာတော့ ခန့်မှန်းရ ခက်တယ်။”လို့ ဆိုပါတယ်။
မနှစ်က ၂၀၂၁ ခုနှစ်တုန်းကလည်း သေဆုံးသူ အယောက် ၂၀ ကျော်ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ဒေသခံတွေအနေနဲ့ ဘေချီဥကို လူသတ်တဲ့ဆေးမြစ်လို့ ခေါ်ကြသလို တစ်ဖက်ကလည်း မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။
ဘေချီကို အဖွဲ့လိုက်သွားရှာဖွေကြပြီး ဒေသခံအမျိုးသားတွေ သာမက အမျိုးသမီးတွေလည်း ရှာဖွေကြပါတယ်။ ပူတာအိုမြို့နယ် မလိခေါမ်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ ဘေချီဥရှာရင်း ရေခဲတောင် ကျောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျပြီး ဒီနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဆွေမျိုးဖြစ်တဲ့ ဦးရမ်ဆိန်းက ပြောပါတယ်။
“ကျွန်တော့် ဦးလေးအရင်းတစ်ယောက် တောင်ပေါ်မှာ ပြုတ်ကျသေဆုံး သွားတယ်။ တောင်ကတော့ မတူဘူး၊ အနီးတဝိုက်က တောင်တစ်တောင်မှာပဲ၊ ကျွန်တော့် ဝမ်းကွဲညီမလည်း သားအမိပေါ့နော်၊ (သူ့)ဗိုက်ထဲက က လေးနဲ့ ပြုတ်ကျပြီး မနေ့ည ၆ နာရီလောက်မှာ ဆုံးသွားတယ်”လို့ ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံးပြီး နောက်တစ်ရက်မှာ ပြောပြခဲ့ပါတယ်။
၎င်းအမျိုးသမီးဟာ ဘေချီရှာဖွေတဲ့ရက် ၂ ပတ်အကြာမှာ ကျောက်ကမ်းပါးကနေ ပြုတ်ကျသေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ခင်ပွန်းဖြစ်သူ ဦးပေတရုက ဆိုပါတယ်။ ရေခဲတောင်မှာပဲ မြေမြုပ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
“အိမ်ကနေထွက်သွားပြီး ၂ ပတ်တိတိမှပဲ ဖြစ်သွားတာ၊ သူတို့အဖွဲ့က အမျိုးသမီး ၃ ယောက်ပါတယ်”လို့ ဆိုပါတယ်။
ပူတာအိုနဲ့ ခေါင်လန်ဖူးမြို့နယ်က ဘေချီရှာရင်း သေဆုံးသွားတဲ့ အမျိုးသမီး ၃ ယောက်ရှိတယ်လို့ ဦးပေတရုက ပြောပါတယ်။
ဒါ့အပြင် ဘေချီရှာရင်း သေဆုံးသွားတဲ့ ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာက ဦးမဖန်းခင်တန်ဟာ ကလေး ၈ ယောက်ရဲ့ ဖခင်ဖြစ်ပါတယ်။ ဆက်သွယ်ရေး အခက်အခဲတွေကြောင့် ၎င်းသေဆုံးတာကို သေဆုံးပြီး ၃ ရက်အကြာမှ သိခဲ့ရပြီး အလောင်းကို ရေခဲတောင်မှာပဲ မြေမြုပ်ခဲ့ရတယ်လို့ PutaO News Generation – ပူတာအိုသတင်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
ရာသီဥတုကြမ်းတမ်းပြီး လမ်းခရီးကြမ်းတာကြောင့် ဘေချီဥရှာဖွေချိန် နှစ်စဉ်နှစ်တိုင်း အလားတူ ပြုတ်ကျသေဆုံးမှု ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဘေချီရှာဖွေတာဟာ တခြားဆေးမြစ်တွေကို ရှာဖွေတာထက် အသက်အန္တရာယ်အများဆုံးဖြစ်ပြီး လူ့အသက်နဲ့ ရင်းရတဲ့ ဆေးမြစ်ဖြစ်တယ်လို့ ပြုတ်ကျသေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အမျိုးသား ဦးပေတရုက ဝမ်းနည်းနာကြည်းသံနဲ့ အခုလိုပြောဆို လိုက်ပါတယ်။
“ကျွန်တော်သိထားတာ အဲလိုပဲ၊ ဘေချီဆိုတဲ့ဟာက တကယ့်ကို အန္တရာယ်များတယ်။ လူသတ်တဲ့ ဘေချီပဲ။ အဲလိုပဲမြင်တယ်၊ တကယ်လို့များ အဆင်ပြေတဲ့ မိသားစုကတော့ မသွားတာတော့ အကောင်းဆုံးပဲ။ ဒီလိုနေရာမှာ မသွားတာအကောင်းဆုံးလို့ ကျွန်တော်တော့ မြင်တယ်။”