ယင်းထခြင်းလို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာစွဲလမ်းမှုကို ဖြတ်နိုင်ခြင်းထက် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုကို ကုသနိုင်ဖို့က ပိုအရေးကြီးပါတယ်
ဆောင်းပါး။ 3 October 2022 – Kachinwaves
အသက် ၃၁ နှစ်အရွယ် ရဝမ်လူငယ်တစ်ဦးဖြစ်တဲ့ ကိုဖုန်ဆားရ်(အမည်လွဲ)ဟာ “ထွက်မြောက်ရာ” လူ့အရင်းအမြစ် မြင့်တင်ရေးသင်တန်းကျောင်းမှာ မူးယစ်ကျေးကျွန်ဘဝကနေ လွတ်မြောက်ပြီး ဘဝသစ်ကို စတင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။
ကချင်ပြည်နယ် မြောက်ဖျားပိုင်း မြန်မာနိုင်ငံရဲ့ ရေခဲတောင်ရှိရာဒေသဖြစ်တဲ့ ပူတာအိုမြို့မှာ မိဘနှစ်ပါးနဲ့ ညီအစ်ကိုမောင်နှမ ၄ ယောက်နဲ့အတူနေထိုင်တဲ့ ကိုဖုန်ဆားရ်ဟာ ဘွဲ့ရခေတ်ပညာတတ်လူငယ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ “ထွက်မြောက်ရာ” သင်တန်းကျောင်းကနေ သင်တန်းဆင်းပြီး ဘဝသစ်ကို ပြန်လည်စတင်ဖို့ စိတ်အားထက်သန်နေတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ သူ့အနေနဲ့ သင်တန်းကျောင်းတက်ပြီးရင် အဲဒီကျောင်းမှာ ဆက်နေပြီး ပါဝင်ကူညီဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။
နဂိုကတည်းက မူယစ်ဆေးဝါးသုံးစွဲမှု များပြားနေတဲ့ ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပိုမိုများပြားလာပြီး အများစုဟာ လူငယ်တွေဖြစ်တယ်လို့ ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ၂၀၂၂ ခုနှစ် မတ်လတစ်လအတွင်းမှာပဲ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု အမှုပေါင်း ၁၁ မှုနဲ့ ကျပ်သိန်းပေါင်း ကိုးထောင်ကျော် တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး (CCDAC) ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတယ်လို့ RFA သတင်းဆောင်းပါးမှာ တွေ့ရှိရပါတယ်။ အလားတူ ပူတာအိုမြို့မှာလည်း မူးယစ်ဆေးဝါးသုံးစွဲမှု ၂ ဆပွားများလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ကိုဖုန်ဆားရ်လည်း ၎င်းမူးယစ်ဆေးဝါးသုံးစွဲမှုမှာ ပျော်ပါးနေတာဟာ ဆယ်နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းနဲ့ အပျော်အပါးနောက် အလွယ်လိုက်ရင်း စွဲလမ်းသွားခဲ့တယ်လို့ သူက အခုလို ပြောပါတယ်။
“အပျော်အပါးလိုက်စားရင်းနဲ့ သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပါးရင်းနဲ့ ဘယ်လိုရောက်မှန်းမသိ စွဲမှန်းမသိ စွဲသွားတာဟုတ်တယ်။ ၁၀ နှစ်ကျော်လောက်တောင်ရှိတော့မယ် သုံးတာက…စသုံးချိန်က ဘိန်းမည်း ချက်ရှူတယ်…အဲလို စသုံးခဲ့တာ။ အဲနောက်ပိုင်း အဝေးသင်ကျောင်းရောက်သွားတဲ့အခါ အဖြူစသုံးတာ… အဖြူသုံးတာကတော့ ၄ နှစ် ၅ နှစ်လောက်ရှိပြီ။”လို့ ကိုဖုန်ဆားရ်က သူမူးယစ်ဆေးဝါးစွဲလမ်းလာပုံကို ပြောပြပါတယ်။
ဘွဲ့ရလူငယ်ဖြစ်တဲ့ ကိုဖုန်ဆားရ်ဟာ မူးယစ်ကျေးကျွန်ဘဝကနေ လွတ်မြောက်ဖို့ ဆုံးဖြတ်ပြီး မိဘတွေနဲ့ တိုင်ပင်ပြီး နေအိမ်မှာ ကိုယ်ဟာကိုယ် ဆေးဖြတ်နိုင်အောင်ကြိုးစားခဲ့သလို တောတောင်ချောင်းတွေမှာ ငါးဖမ်းထွက်ရင်းနဲ့လည်း ဆေးဖြတ်နိုင်ဖို့ ၆ ကြိမ်တိတိ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ အခုထွက်မြောက်ရာ သင်တန်းကျောင်းမှာ ရောက်ရှိနေတာကတော့ ကိုဖုန်ဆားရ်အတွက် ၇ ကြိမ်မြောက် မူးယစ်ဆေးဝါးဖြတ်နေခြင်း ဖြစ်ပါတယ်။ မိသားစုအနေနဲ့လည်း နေအိမ်မှာ ဆေးဖြတ်နိုင်ဖို့ အဖက်ဖက်ကနေ ကူညီထောက်ပံ့ပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သူက ရှင်းပြပါတယ်။
“ရှိတယ် အိမ်မှာ ဖြတ်တုန်းကဆိုလည်း လိုလေသေးမရှိ ပြုစုပေးတာတွေရှိတယ်။ ပထမဖြတ်တုန်းကဆိုရင်တော့ လိုအပ်တဲ့ အရာတွေအကုန်လုံး ဆေးဝါးတွေကအစ လုပ်ပေးတယ်။ အိမ်မှာ ဖြတ်တာက ၂ ခေါက်… အများပိုင်းကတော့ တောထဲသွားပြီးတော့မှ ချောင်းထဲမှာ ငါးရှာရင်း ဖြတ်တာတွေ ရှိခဲ့တယ်။ တောထွက်ပြီးတော့ ဖြတ်တာက ၄ ခေါက်လောက်ရှိတယ်။”လို့ ရယ်မောသံနဲ့အတူ ကိုဖုန်ဆားရ်က ပြောပြပါတယ်။
မိဘတွေအနေနဲ့ ကိုယ့်သား ယင်းထလာချိန် ခံစားနေရတဲ့ဒုက္ခကို မကြည့်ရက်လို့ အိမ်ကနေအပြင်ထွက်ခွင့်ပေးလိုက်ရတဲ့ အခါရှိသလို ခိုးထွက်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တယ်လို့ သူကပြောပါတယ်။ ဒီလို နေအိမ်မှာ မိမိစိတ်ဆုံးဖြတ်ချက်နဲ့ အကြိမ်ကြိမ် ဆေးဖြတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ သူ့ရဲ့ အဖြစ်အပျက်ကို ကိုဖုန်ဆားရ်က အခုလို ပြောပြပါတယ်။
“အိမ်မှာ ဖြတ်တဲ့ချိန်က စိတ်က ထိန်းချုပ်ဖို့ အရမ်းခက်တယ်။ အိမ်ကထွက်ဖို့ဘဲ လိုတာ…အဲလိုမျိုးစိတ်ဓာတ်တွေ ရှိတယ်။ မိသားစုကျတော့ ကိုယ့်ကို မျက်ခြေမပြတ် ကြည့်တယ်။ ဒါပေမယ့် ကိုယ်လည်း အလစ်ချောင်းပြီးတော့ မရရအောင် (အိမ်သားတွေ) မသိအောင် ထွက်တယ်။ အချိန်ကြာလာတော့ မိသားစုကလည်း မခံနိုင်ဘူးလေ။ ယင်းထလာရင် မိဘတွေက မကြည့်ရက်တော့ လွတ်ပေးလိုက်တာမျိုးတွေလည်း ရှိခဲ့တယ်။” လို့ သူကပြောပြပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲခြင်းဟာ အဓိကအားဖြင့် စိတ်ကြောင့်သာဖြစ်ပြီး စိတ်ကိုကုသနိုင်ဖို့အတွက် လိုအပ်တဲ့ အရာတွေကို လုပ်ပေးနိုင်ဖို့ လိုအပ်သလို ဆေးဖြတ်ထားသူတစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်နဲ့ သူငယ်ချင်း အပေါင်းအသင်း အသစ်တွေနဲ့သာ နေထိုင်သွားသင့်တယ်လို့ ကိုဖုန်ဆားရ်က သူ့ရဲ့အတွေ့အကြုံကို အခြေခံပြီး သုံးသပ်ပြောပါတယ်။
အိမ်မှာ ဒါမှမဟုတ် ဆေးဖြတ်စင်တာ၊ သင်တန်းကျောင်းမှာပဲ ဖြတ်ဖြတ် အပြင်ရောက်သွားရင် ပြန်သုံးတဲ့ သူတွေအများကြီး ရှိနေပါတယ်။ ဒီလိုဖြစ်ရတာဟာ အမှန်တကယ်ဆေးဖြတ်တာ မဟုတ်သေးဘဲ ရုပ်ပိုင်းဆိုင်ရာစွဲလန်းမှု (ယင်းထခြင်း)ကိုသာ ကုသတာဖြစ်ပြီး စိတ်စွဲလမ်းမှုကိုတော့ မဖြတ်နိုင်သေးခြင်းကြောင့် ပြန်လည်စွဲလမ်းသွားတာဖြစ်တယ်လို့ မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း (SARA) တည်ထောင်သူ ဥက္ကဌဖြစ်တဲ့ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာဂျော်ထက်ဒိုးရဲ့ အင်တာဗျူးတစ်ခုမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
ဆေးဖြတ်ထားသူတစ်ဦးကို မိသားစုကအစ အားလုံးက ပစ်ပယ်ထားခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်မှု အမြဲပြုလုပ်သင့်ကြောင်း စိတ်ပညာကျွမ်းကျင်သူ ဒေါက်တာ ဒေါ်မာမာကလည်း ပြောပါတယ်။
“ဆေးဖြတ်ပြီးလို့ အိမ်ပြန်ရောက်လာရင် ပတ်ဝန်းကျင်အခြေအနေက (အရင်အတိုင်း)ဒီလိုပဲ ဆက်ဖြစ်နေမယ် ဆိုရင် ဒါက ပြန်စွဲမှာပဲ။ အဲတော့ ဆေးစွဲရတဲ့ အကြောင်းရင်းကို လေ့လာပြီးမှ စိတ်ပိုင်းဆိုင်ရာကုသမှုတွေ ပေးသင့်တယ်။ သူတို့နဲ့ ဆွေးနွေးတာမျိုးတွေ လိုအပ်တယ်။ ဒီလိုလုပ်မယ်ဆိုရင် ပြန်စွဲသူရာခိုင်နှုန်းက နည်းသွားနိုင်တယ်။ မိသားစုကော၊ ပတ်ဝန်းကျင်ကလူတွေကော၊ ဆရာဝန်ဆရာမတွေ စတဲ့ (ပူးပေါင်းဆောင်ရွက်မှု) ထောက်တိုင်းတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ပံ့ပိုးပေးတာကို တူညီစွာ လုပ်သင့်တယ်။ အဲလို မလုပ်နိုင်ရင်တော့ ပြန်စွဲတာများနိုင်တယ်။”လို့ စိတ်ပညာကျွမ်းကျင်သူ ဒေါက်တာမာမာက အကြံပြုရှင်းပြပါတယ်။
မူးယစ်ဆေးစွဲလမ်းမှုကနေ လွတ်မြောက်ချင်တဲ့ ကိုဖုန်းဆားရ်ကလည်း မိသားစု၊ လူမှုပတ်ဝန်းကျင်ကအစ ဆေးစွဲသူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ချိုးနိမ်ပြောဆိုခြင်း မဟုတ်ဘဲ၊ လူရာဝင်အောင် လုပ်ပေးစေလိုကြောင်း ကိုဖုန်ဆားရ်ကအခုလို ပြောလာပါတယ်။
“မူးယစ်ဆေးဝါးသုံးတဲ့ လူတစ်ယောက်အတွက်တော့ လုံးဝ အောက်ဆုံးဆင့်ထိ ကျတာ… စိတ်အားငယ်မှုတွေက… ဆေးစွဲသူအများပိုင်း ဖြစ်ကြတယ်။ အဲတာကြောင့် ဆေးစွဲသူတွေကို စိတ်ဓာတ်ရေးရာမြှင့်တင်ပေး စေချင်တယ်။ မိသားစုမှာကော ပတ်ဝန်းကျင်မှာကော အရေးပါ အရာရောက်ကြောင်း ခွန်းအားပေးတာတွေ လုပ်ပေးစေချင်တယ် လက်တွေ့အလုပ်ပိုင်းမှာကော သက်သေပြပေးစေချင်တယ်။ ကျွန်တော်တို့က အဲလိုမျိုးလိုချင်ကြတာပေါ့။”လို့ သူက ပြောပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူ တစ်ယောက်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်လာပြီး မူးယစ်ဆေးဝါးကိုစွဲလမ်းတာ ကြာလာတဲ့အခါ ၎င်းတို့ရဲ့ စိတ်ကျေနပ်မှုရရှိဖို့ လိုအပ်တဲ့ ဆေးအာနိသင်ဟာလည်း တဖြည်းဖြည်းမြှင့်တက်လာပါတယ်။ ဒီလို ဆေးအာနိတင်မြှင့်တက်လာတဲ့ချိန် မူးယစ်ဆေးသုံးစွဲမှု ရပ်တန့် လိုက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာအရ ယင်းထခြင်းလို့ခေါ်တဲ့ မူးယစ်ဆေးကို စွဲလမ်းတောင်းတတဲ့ ခံစားချက်တွေဖြစ်ပေါ်လာတာဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်တဲ့ ပညာပေးသူတွေက ပြောပါတယ်။
အဲသလို ယင်းထချိန် ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့ ခန္ဓာကိုယ်ယားယံခြင်း၊ မျက်ရည်ကျခြင်း၊ နှာရည်ယိုခြင်း၊ ကြွက်သားများကိုက်ခဲခြင်း၊ ဝမ်းလျှောခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ပျော်ရွှင်မှုမရှိ စိတ်တိုနေခြင်းတွေဖြစ်ပြီး မူးယစ်ဆေးကို တောင်းတနေခြင်း ဖြစ်တယ်လို့ ပညာပေးထားတာကိုတွေ့ရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ ဒီယင်းထခြင်းဒဏ်ကို မခံနိုင် မကျော်လွန်နိုင်ဘဲ ၎င်းခံစားနေရတဲ့ဒုက္ခကို ပြေပျောက်သွားစေဖို့ မူးယစ်ဆေးဝါးကို ဆက်ပြီးသုံးစွဲနေကြရင်း စွဲလမ်းနေကြသူတွေ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူ တစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေလည်း ပြောင်းလဲလာပြီး မူးယစ်ဆေးဝါးကို စွဲလမ်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ကြောင်း စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဂျော်ထက်ဒိုးက အင်တာဗျူးတစ်ခုမှာ ပြောထားတာကို တွေ့ရပါတယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး ဒွန်တွဲဖြစ်ပေါ်လေ့ရှိတဲ့ ဆိုးကျိုးတွေကတော့ စိတ်ကျရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံစူးစိုက်နိုင်မှုလျော့ပါးလာခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် ချို့ယွင်းချက်များရှိလာခြင်း၊ ကိုယ်ခံအားကျဆင်းလာခြင်း၊ အထီးကျန်ခြင်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံခြင်း စတာတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ကိုဖုန်ဆားရ်လည်း မူးယစ်ဆေးဝါးသုံးစွဲပြီးတဲ့နောက် မိသားစုအပေါင်းအသင်းတွေနဲ့ အဆင်မပြေမှု တွေရှိလာပြီး တဖြေးဖြေး အထီးကျန်မှုတွေ ရှိလာတယ်လို့ သူ့ရဲ့ကိုယ်တွေ့ ခံစားချက်ကို ပြောပြလာ ပါတယ်။
“ဆေးစွဲသွားတဲ့နောက်ပိုင်းမှာ အဆင်မပြေလာဘူး။ မိသားစုနဲ့လည်း အဆင်မပြေဘူး။ ပြီးရင် သူငယ်ချင်းတွေနဲ့ကော ပေါင်းသင်းဆက်ဆံဖို့ အရမ်းခက်လာတယ်။ ဝေးသွားတာပေါ့။ (မူးယစ်ဆေး)သုံးနေတဲ့ သူငယ်ချင်း အချင်းချင်းဆိုလည်း ကိုယ့်ဆီမှာ ပိုက်ဆံရှိမှပဲ ပေါင်းတာ။ ဆေးစွဲပြီဆိုတာနဲ့တော့ တဖြေးဖြေးနဲ့ အထီးကျန်ဆန်လာတယ်။ အဲလိုမျိုးတွေဖြစ်တယ်။ ပတ်ဝန်းကျင်မှာလည်း ဘာမှမဟုတ်တော့ဘူး။ လူရာမဝင်တော့ဘူးဆိုတဲ့ အတွေးရယ်၊ မိသားစုထဲမှာကော လူမှုပတ်ဝန်းကျင်မှာလည်း ဖယ်ကျဉ်ခံလာရတယ်” လို့ မူးယစ်ဆေးဝါးကို ဆယ်နှစ်ကျော် သုံးစွဲလာခဲ့သူ ကိုဖုန်ဆားရ်က ပြောပြပါတယ်။
မိသားစုအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးရှိလာရင် သူ့ကို အရင်ကထက် မိသားစုက ခင်မင်ရင်းနှီး နွေးထွေးမှုပေးဖို့၊ ပွင့်လင်းတဲ့ ဆက်ဆံရေးရှိဖို့၊ အလုပ်အကိုင်အခွင့်အလှမ်း ဖန်တီးပေးဖို့၊ ဘာသာတရားနဲ့ ပတ်သက်ပြီး ဆုံးမသွန်သင်ဖို့၊ သူ့ဝါသနာကို အလေးထား လိုက်လျောပေးဖို့၊ စိတ်ပညာကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့၊ မိဘတွေအနေနဲ့ မေတ္တာတရားကို အမြဲတမ်းပြသနေရင်း မူးယစ်ဆေးဝါးသုံးစွဲသူကို ကုသပေးနိုင်ကြောင်း မိသားစုနဲ့ ပတ်ဝန်းကျင်တွေက နားလည်သိရှိထားဖို့ လိုအပ်တယ်လို့ စိတ်ပညာကျွမ်းကျင်သူ ဒေါက်တာဒေါ်မာမာက ပြောပါတယ်။
- Source: Humanity Institute မှ စီစဉ်သည့် မူးယစ်ဆေးဝါးဆိုင်ရာအမြင်ဖွင့်အစီအစဉ်။