နွေဦးတော်လှန်ရေး တိုက်ပွဲများကြားက စစ်ဘေးဒုက္ခသည်များ
7 sep 2021-Kachinwaves
ဒေါ်ထွယ် (အမည်လွဲ) တို့ မိသားစု ညအိပ်ယာဝင်ဖို့ ပြင်ဆင်နေချိန်မှာပဲ အုန်းခနဲ ကျယ်ကျယ်လောင်လောင် မြည်သံ နဲ့အတူ သေနတ်ပစ်ခတ်သံတွေ တရစပ်ကြားရတာကြောင့် ထိတ်လန့်သွားကြပါတယ်။
ပတ်ဝန်းကျင်တခုလုံးလည်း ဆူညံသွားပြီး ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ နီးနီးကပ်ကပ် ကြားနေရတာကြောင့် ဒေါ်ထွယ်တို့ မိသားစုလည်း ဘေးလွတ်ရာကို ထွက်ပြေးဖို့ ဆုံးဖြတ်ပြီး အိမ်ထဲက ရရာ ပစ္စည်း ဆွဲယူပြီး ပြေး ခဲ့ ကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်း မြို့နယ်အများစုနှင့် ရှမ်းမြောက်တွင်မှာ စစ်ရေးမတည်မငြိမ် ဖြစ်လာတဲ့ သတင်းတွေ ပဋိပက္ခဖြစ်လာတဲ့ ဒေသတွေမှာ ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးရတဲ့ သတင်းတွေကို ဒေါ်ထွယ် မကြာခဏ ကြားနေရပေမယ့် သူကိုယ်တိုင် ထွက်ပြေးရလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါ။
သူနေထိုင်တဲ့ မဒိန်ကျေးရွာကလည်း ဆိုင်ကယ်နဲ့ သွားရင် ဝိုင်းမော်မြို့ကို ၅ မိနစ်ခန့်သာ မောင်းနှင်ရတာ ကြောင့် မြို့နဲ့လည်း ကပ်ရပ်ရွာမှာ နေထိုင်နေတာကြောင့် ထွက်ပြေးရမယ်လို့ ပိုလို့တောင် မထင်ထားတာ ဖြစ်ပါတယ်။
“ကျွန်မတို့ဘေးအိမ်မှာလည်း ဗုံးနှစ်လုံးလောက်လာကျတယ် ဗုံးသံတွေ သေနတ်သံတွေ အရမ်းမြည်လာလို့ ရွာကလူတွေလည်း ထွက်ပြေးကြတယ်”လို့ ဒေါ်ထွယ် က ပြောပါတယ်။
ဝိုင်းမော်မြို့မှာ စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းတခုဖြစ်တဲ့ ခြေလျင်တပ်ရင်း၊ ခလရ ၅၈က သြဂုတ်လဆန်းပိုင်း ကတည်းက ညတိုင်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ သေနတ်တွေနဲ့ ပစ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ ပစ်ခတ်နေတာကြောင့် ဒေါ်ထွယ်တို့လို ဒေသခံတွေကတော့ ရမ်းသမ်းပစ်ခတ်မှု လို့အမည်တပ်ပေးထားကြပါတယ်။
အဲ့ဒီ့ ရမ်းသမ်း ပစ်ခတ်တဲ့ လက်နက်ကြီးတွေက လူနေအိမ်ကျေးရွာအတွင်းသို့ ကျရောက်တဲ့အတွက် နေအိမ်တွေ ထိခိုက်ပျက်စီးသွားရသလို အရပ်သားလူထုတွေရဲ့ မွေးမြူရေးဝက်တွေ သေဆုံးရတာတွေလည်း ရှိခဲ့ပါတယ်။
လက်နက်ကြီးပစ်ခတ်ခံရတာကြောင့်ပဲ ထိခိုက်ပြီး အသက်ဆုံးရှုံးမှု မဖြစ်အောင် ထွက်ပြေးကြရတဲ့ ဒေသခံတွေ လည်း ရှိပါတယ်။
ဒေါ်ထွယ်တို့ နေထိုင်တဲ့ မဒိန်ကျေးရွာမှာ ခလရ ၅၈ က စခန်းထိုင်ထားတာ ဖြစ်ပြီး စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ် မှုတွေ မတိုင်ခင် ဇူလိုင် ၂၉ ရက်၊ ညပိုင်းတုန်းကတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အလစ်ဝင်တိုက် ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။
KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ၊ ဗိုလ်မှူးကြီးနော်ဘူကလည်း ဇူလိုင် ၂၉ ရက်မှာတော့ တကြိမ် ဝင်တိုက်ဖူး ကြောင်းကို အတည်ပြုပြောဆိုထားပါတယ်။
သို့ပေမယ့် ဇူလိုင် ၂၉ ရက်နောက်ပိုင်းမှာ စစ်ကောင်စီကို ဝိုင်းမော်မြို့နယ်တွင်း တိုက်ခိုက်တာ မရှိသလို စစ်ရေးလှုပ်ရှားမှုကိုတောင် မပြုလုပ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုပါတယ်။
“ကျွန်တော်တို့ စစ်ရေးလုပ်တာရော စစ်ရေးလှုပ်ရှားတာရော အဲ့ဒီမှာ မရှိဘူး ပစ်ခတ်မှုတွေက ကျွန်တော်တို့နဲ့ မသက်ဆိုင်ဘူး ”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
သြဂုတ်လအတွင်းမှာ ခလရ ၅၈ ဘက်က KIA နဲ့ င့် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ အရပ်သားများထောင်ချီနေထိုင်သည့် ဝိုင်းမော်မြို့တွင်းက ကျေးရွာများတို့ လက်နက်ကြီး အလုံးရေ အနည်းဆုံး ကြိမ် ၂၀ကျော် ပစ်ခတ်ခဲ့ပါတယ်။
အချို့ ဒေသခံများက ကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ထွက်ပြေးကြသလို အချို့ကလည်း တိုက်ပွဲ မဖြစ်သော်ငြား စစ်ကောင်စီက ပစ်ခတ်နေတာတွေကြောင့် ထိခိုက်သေဆုံးမှာကို စိုးရိမ်တာကြောင့် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
ဒေသခံတဦးက “ဘယ်သူမှတော့ မရှောင်ခိုင်းဘူး ဒါပေမဲ့သူတို့ဘာသာသူတို့ရှောင်တာ သူတို့က အရမ်းကြုံတွေ့လာရတော့ ကြောက်ပြီးရှောင်သွားကြတာ”လို့ သူတို့ ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြပါတယ်။
ဝိုင်းမော်မြို့နယ်တွင်းက ဒေသခံတွေလိုပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ အတွင်းမှာ ဆိုရင်လည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ စစ်ကောင်စီတပ်တွေ ကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတာတွေ ရှိပါတယ်။
နှစ်ဖက်တပ်တွေရဲ့ ပစ်ခတ်မှုတွေကြားမှာ လူနေအိမ်တွေ အများအပြား ထိခိုက်ပျက်စီးသလို အချို့ ဒေသခံတွေ ဆိုရင် ပြေးရင်းလွှားရင်း ခိုလှုံစရာနေရာ မရှိတာကြောင့် တောတောင်ထဲမှာပဲ ညအိပ်လိုက် ပြေးလိုက်နဲ့ ထွက်ပြေး ရာကနေ တရုတ်နယ်စပ်အထိကို ရောက်ရှိသွားကြပါတယ်။
လက်ရှိမှာ လူဦးရေ ၁၇၃ ဦးက မြန်မာ-တရုတ်နယ်စပ် မိုင်တိုင် ၁၀၂ အနီးမှာ ခိုလှုံနေပြီး ဖောင်းဆိုင်ကျေးရွာအုပ်စု ရဲ့ လယ်တောထဲမှာလည်း တဲတွေ ဆောက်ပြီး နေထိုင်နေကြပါတယ်။ ရှမ်းမြောက်က စစ်ဘေးဒုက္ခသည်ဦးရေဟာလည်းနေ့စဉ်တိုးပွားနေဆဲဖြစ်ပါတယ်။
ဆောက်လုပ်ထားတဲ့ တဲတွေက ယာယီအမိုးအကာတွေ သာ ဖြစ်ပြီး သူတို့မှာ အစားအသောက် ခြင်ထောင်များ လိုအပ်နေပြီး အခက်အခဲများစွာ ရှိနေကြရပါတယ်။
သြဂုတ် ၁၄ ရက်တွင် ခလရ ၅၈ က ပစ်ခတ်မှုများ ရှိလာလျှင် ပြည်သူများ ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာ နေထိုင်ဖို့ လိုက်လံသတိပေးတာတွေ ရှိလာတာကြောင့် အချို့ကျေးရွာတွေဆိုရင်လည်း လာပြီးသတိမပေးခင်ကတည်းက သတင်းစကားတွေ ကြားတာနဲ့ ဝိုင်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ ကျွန်မတို့ ကျေးရွာက လူတွေက သေနတ်တွေလာမှန်မှာ ကြောက်လို့ ညဆိုရင် ရှောင်တယ် နေ့ဆိုရင် အိမ်မှာ ထမင်းလာချက်စားကြတယ်”ဟုဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ် ခလရ(၅၈)တပ်ရင်းအနီးမှ မဒိန်ကျေးရွာ ၊ လဘန်ကျေးရွာ၊ တန်ဘောင်ယန်ကျေးရွာနှင့် ဝူယန်ကျေးရွာများမှ ပြည်သူများ တစ်ရွာလုံးနီးပါး ဝိုင်းမော်မြို့ ရှိ ခရစ်ယာန်ဘုရားကျောင်းဝန်း သုံးနေရာတွင် လူစုခွဲပြီး နေနေကြတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်း ရှိ လမ်းများတွင် စစ်လက်နက် စစ်ဝတ်စုံအပြည်ဖြင့် နေရာယူထားကြသည့်အတွက် ထွက်ပြေးသိမ်းရှောင်နေရသည့် အချို့ ပြည်သူများ နေ့ခင်းတွေမှာလည်း ကျေးရွာထဲသို့ ဝင်လာရန် ကြောက်နေကြပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေက နေ့ခင်းပိုင်းတွေမှာ ရွာထဲ ခေတ္တပြန်လာပြီး ကိုယ့်အိမ်ထဲ ကိုယ် ပြန်လာနေရဲပေမယ့် ညရောက်ရင်တော့ မနေရဲကြပါဘူး။
ဒေသခံတွေကြား ကျီးလန့်စာစား ဖြစ်လာရပြီး ထွက်ပြေးတိမ်းရှောင်နေရတာတွေကြောင့်
ဝမ်းရေးအတွက် အလုပ်အကိုင်ရှာဖွေရန် နှင့် အလုပ်လုပ်ရန်ခက်လာနေပြီဖြစ်ပါတယ်။
“ နေ့ဆိုရင်လည်းကြောက်နေရတဲ့အတွက် ဘာအလုပ်မှလည်း သွားမလုပ်ရဲကြဘူး ရှေ့မှာက အလုပ်ထွက်ရှာပြီး လုပ်စားနေရတဲ့သူတွေများတော့ အခုက ဘာအလုပ်မှလည်း လုပ်လို့မရဘူး”ဟု ဒေါ်ထွယ်က ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူများက မိမိနေအိမ်များကို စွန့်ခွာပြီး လိုအပ်တဲ့ ဆေးဝါးပစ္စည်းများ အဝတ်အစားများကိုသာ ယူဆောင်လာရပြီး အိမ်မှာ ချန်ထားရစ်ခဲ့ရတဲ့ ပစ္စည်းအချို့ ပျောက်ခြင်း၊ပျက်စီခြင်းများရှိသာမက မွေးမြူရေး ကြက်၊ဝက်များလည်း ပျောက်ကြရသည့်အတွက် ပိုင်ရှင်များက ရသည့် ဈေးဖြင့် ရောင်းချနေကြပါတယ်။
“ ညဆိုရင်လည်း အိမ်မှာထားလို့မရတော့ နိုင်ငံရေးလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိလို့ ရောင်းကြတယ် တချို့က ရတဲ့ဈေးနဲ့ပဲရောင်းလိုက်ကြတယ်”ဟု ဒေသခံတစ်ဦးကပြောပါတယ်။
စပါးတွေကအစ ပြောက်နေတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ ပိုပြီးဒုက္ခရောက်နေကြတာဖြစ်ပါတယ်။
ခလရ(၅၈) တပ်ရင်းမှ ဩဂုတ်လ ၁၃ရက်နေ့တွင် ဝူယန်ကျေးရွာသို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး (၅၈)တပ်ရင်းရှေ့မှ ဖြတ်သွားချိန် စစ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခဲ့သောကြောင့် သေဆုံးခဲ့ရပါတယ်။
ထိုသို့ စစ်ကောင်စီတပ်မှ လက်လွတ်စပယ်ပစ်ခတ်သည့် ဖြစ်ရပ်များကြောင့် ပြည်သူများ အသက်အန္တရာယ်စိုးရိမ်ပြီး သွားရေးလာရေး များ ခက်ခဲနေကြပါတယ်။
စစ်ကောင်စီတပ်ခလရ(၅၈)တပ်ရင်းအခြေစိုက်သည့် မဒိန်ကျေးရွာတွင် Covid-19ရောဂါကူးစက်မှုနှန်းမြင့်မားနေသည့် ကျေးရွာဖြစ်သည့်အပြင် ထိုကျေးရွာမှ ပြည်သူအများပိုင်း လက်နက်ကြီးများ ရမ်းသမ်းပစ်မှုများကြောင့် ဘုရားကျောင်းဝန်းတွင် လူစု နေထိုင်နေကြရသည်။ သို့သော် လူစုနေထိုင်နေရသော်လည်း ယခုအချိန် ကိုဗစ်ရောဂါကူးစက်ခံရသူမရှိသေးကြောင်းဆိုပါတယ်။
ကိုဗစ်ရောဂါတတိယလှိုင်းဆိုးရွားနေပြီး လူသေဆုံးမှုများလည်း နေ့တိုင်းနီးပါး သေဆုံးနေကြသည့်အတွက် လူစုလူဝေးနေထိုင်ရန်ခွင့်မပြုထားသော်လည်း စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ပြည်သူများ လူအများ စုဝေးနေထိုင်နေကြရသည်။
“ကျွန်တော်တို့က ရွာထဲမှာ လက်နက်ကြီးတွေကျတာ ထိတာတွေ အရမ်းကြောက်လို့ ရောဂါကိုတောင် မေ့သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဝိုင်းမော်မြို့နယ်မှ ပြည်သူများသည် ကိုဗစ်-၁၉ ရောဂါတိတယလိုင်း ကူးစက်မှုဒဏ်ခံနေရပြီး စစ်ကောင်စီတပ်များရဲ့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကိုပါ ထပ်မံကြုံတွေ့ရကာ တစ်ပူပေါ်တစ်ပူဆင့် ဖြစ်နေကြရသည်။
လက်ရှိအချိန် တစ်ချို့က ကျေးရွာမှာ ပြန်လာနေကြသော်လည်း လက်နက်ကြီး ဘယ်ချိန်ပြန်ပစ်မလဲဆိုပြီး စိုးရိမ်နေကြဆဲဖြစ်ပါတယ်။
ယနေ့စက်တင်ဘာ ၇ရက်နေ့ ကစပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်း အရေးပေါ်အခြေအနေကြေညာလိုက်တာဖြစ်တာတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့ကျေးရွာ၊ စစ်ကောင်စီတပ်နားတွေမှာရှိတဲ့ ကျေးရွာများမှ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်များအတွက် နေရပ်ပြန်နိုင်ဖို့ ပိုပြီး အလှမ်းဝေးလာတော့မည်ဖြစ်ပါတယ်။