စစ်အာဏာသိမ်းကာလအတွင်း ခေါင်းပြန်ထောင်လာတဲ့ မြစ်ကြီးနားမြို့က လုယက်ခိုးယူမှုများ
5 July 2021-Kachinwaves
မလုလု (အမည်လွဲ)တစ်ယောက် ဆိုယ်ကယ်ကို ဖြေးဖြေးမောင်းပြီး မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် လမ်းသွယ် ၁၃တွင် သူငယ်ချင်းတစ်ယောက်၏နေအိမ်ကို လိုက်ရှာနေချိန် အမျိုးသားနှစ်ယောက် ဆိုင်ကယ်ဖြင့် နောက်ဘက်ကနေ ရုတ်တစ်ရက်ရောက်ရှိလာပြီး ၎င်း၏ လည်ပင်းပေါ်က ရွှေဆွဲကြိုးကို လုယူသွားသည်။ ဆွဲကြိုးလုယူခံရချိန် အင်္ကျီလည်းပြဲသွားခဲ့ပြီး ဘက်ထရီဆိုင်ကယ်ကို အရှိန်လျှော့ပြီး မောင်းနေ၍သာ ဆိုင်ကယ်မမှောက်ဘဲ အရှိန်ကိုထိန်းလိုက်နိုင်သည်ဟု မလုလုကပြောပါသည်။
“ဖြစ်ဖြစ်ချင်းမှာ ကြောင်သွားတယ်။ နောက်မှပြန်စဉ်းစားပြီး ကြောက်လာတယ်။”ဟု ၎င်းကဆိုသည်။ ၎င်း၏ ရွှေဆွဲကြိုးကို လုယူသွားသူနှစ်ဦး၏ ပုံပန်းသဏ္ဍာန်မှာ အရပ်ရှည်ရှည် ခပ်ဝဝ အသားမဲမဲ အမျိုးသားနှစ်ယောက်ဖြစ်ပြီး ဆွဲကြိုးလုယူပြီး အရှိန်ဖြင့် မောင်းပြေးသွားကြသည်ဟု ဆိုပါသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူများ လုံခြုံမှုကို မခံစားရဘဲ စိုးရိမ်သောကဖြစ်နေသည်မှာ ၅လကျော်လာပြီဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို နေစဉ်ပြုလုပ်လာရာ နေ့ရောညပါ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုမှုများကို စစ်ကောင်စီဘက်မှ လုပ်ဆောင်လာသည်။ ထို့ကြောင့်လည်း ပြည်သူများသည် စိုးရိမ်သူကြီးဖြင့် သွားလာလှုပ်ရှားနေရချိန် ယခုလို ခိုးယူလုယက်မှုနှင့် မူးယစ်ဆေးဝါး စသည့်ကိစ္စများကို ပိုမိုစိုးရိမ်လာရသည်ဟု ဆိုပါသည်။
“အသိတွေထဲမှာပဲ အခုပြန်ပြီး လုယက်ခံရတာတွေ ခိုးယူခံရတာတွေ ပြီးတော့ ဆိုင်ကယ်ပေါ်က လုယက်ခံရတာတွေ ခဏခဏဖြစ်တော့ အပြင်သွားရင်လည်း စိုးရိမ်စိတ်အပြည့်နဲ့ သွားနေရတယ်။ အိမ်မှာနေလည်း မလုံခြုံဘူး။ နေ့ရောညပါ ၂၄ နာရီလုံး မလုံခြုံသလိုပဲ ခံစားနေရတယ်”ဟု မြစ်ကြီးနားမြို့က မဘောက်ဘောက်(အမည်လွဲ)က ဆိုသည်။
ထို့အပြင် မြစ်ကြီးနားမြို့တွင် နေထိုင်သူ အယောက်လေးဆယ်ခန့်ကို Kachinwaves မှ မေးမြန်းချက်အရ စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင် လုံခြုံမှုပိုပြီးမရှိလာသလို ခံစားနေရသည်ဟု တစ်ညီတစ်ညွတ်တည်း ဖြေကြပါသည်။ မြစ်ကြီးနားမြို့တွင် ယခင်ကလည်း ခိုးယူလုယက်မှုများ မကြာခဏ ဖြစ်ပျက်ခဲ့သော်လည်း မူယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး လှုပ်ရှားမှုများအရှိန်မြင့် ဆောင်ရွက်လာမှုများကြောင့် လုယက်ခိုးယူမှု အနည်းငယ်ငြိမ်သက်လာသလိုရှိခဲ့ရာမှ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အဆိုပါ ခိုးယူလုယက်မှု သတင်းများကို မကြာခဏထပ်မံကြားလာရခြင်း ဖြစ်ပါသည်။
ယခုနှစ် ဇွန်လလယ်ပိုင်းတွင်လည်း မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်တွင် နေထိုင်သူ ကိုမောင်ဇော် (အမည်လွဲ)၏ ဆိုင်ကယ်သည် အိမ်အောက်ထပ်၌ ရပ်ထားချိန် ခိုးယူခံလိုက်ရသည်ဟု ဆိုပါသည်။ နံနက်ပိုင်း ၂နာရီခန့်တွင် အသံကြားလိုက်ရသဖြင့် ချက်ချင်းထပြီး အိမ်ပြင်ထွက်ကြည့်လိုက်ချိန်မှာ ၎င်း၏ ချွေးနည်းစာဖြင့် ဝယ်ထားသော (DT အမျိုးအစား) ဆိုင်ကယ် ခိုးယူခံသွားရပြီဟု သူသိလိုက်ရသည်ဟု ဆိုသည်။
၎င်း၏ ဆိုင်ကယ်လာခိုးသူများသည် ကားကိုလည်း ခိုးယူရန်ကြံစည်ခဲ့ကြသည်ဟု ကိုမောင်ဇော်က ဆိုပါသည်။ အဆိုပါညတွင် ၎င်းတို့အိမ်၏ အိမ်နီးနားချင်း အိမ်တစ်အိမ်တွင်လည်း ဆိုင်ကယ်တစ်စီး ခိုးယူခံရသည်ဟု ဆိုသည်။
“ဒီလိုဖြစ်ရပ်တွေများလာတာက မနှစ်တုန်းကဆိုရင် ကိုဗစ်ဖြစ်တော့ စီးပွားရေးတွေလည်း အကုန်ကျတယ်။ ရှာဖွေစားသောက်ရဖို့ကလည်း အရမ်းခက်တယ်ကွာ။ အဲ့ခါကျတော့ သူခိုးများတယ် ကိုဗစ်က နည်းနည်း အခြေအနေကောင်းလာပြီဆိုမှ စစ်ကောင်စီက အာဏာထပ်သိမ်းတဲ့ခါကြတော့ လူတွေက ဆူပူကြိမ်းမောင်း နိုင်ငံရေးက မကောင်းတော့၊ အလုပ်ကလည်း ရှားလာတော့ အလုပ်ကလည်း အရမ်းခက်လာတယ်။ အဲ့လိုကြောင့်မို့လို့ သူခိုးတွေများလာတယ်လို့ ထင်တယ်”ဟု ဒူကထောင်ရပ်ကွက်သူ တစ်ဦး ကပြောပါသည်။
နောက်တစ်ခုက ရှိသည့်သူများကလည်း အမြတ်ကြီးတင်ပြီး စီးပွားရေး လုပ်ခြင်းများကြောင့်လည်း သက်ဆိုင်သည်ဟု ဆိုကြပါသည်။
ကိုမောင်ဇော်၏ အိမ်တွင်ဆိုင်ကယ်ခိုးခံရသည့် ညမတိုင်မီ ရှေ့ညတွင် အခြားအိမ်နှစ်အိမ်၌ နှစ်ရက်ဆက်တိုက် ဆိုင်ကယ်ပျောက်သွားသည့်အတွက် ရပ်ကွက်ရှိလူများက စိုးရိမ်ကြောက်လှန့်သွားကြပြီး ရပ်ကွက်လူငယ်များ ညကင်းစောင့်ပေး လာရသည်ဟု ဆိုပါသည်။
ရပ်ကွက်တိုင်းတွင် ဆိုင်ကယ်ပျောက်ကြပြီး ခိုးခံရသည့် ပုံစံများက တူနေသည်ဟု ခိုးခံရသူများက ပြောပြပါသည်။ မြစ်ကြီးနားမြို့ အခြားရပ်ကွက်က အိမ်တစ်အိမ်တွင် ဆိုင်ကယ်လာခိုးသည့်အချိန် အနည်းဆုံး လူငါးယောက်ပါသည့် အုပ်စုသည် ဆိုင်ကယ်တင်ရန် ခွေးဘီလူးကားနှင့် လှေကားလည်း ပါလာကြသည်ဟု ဆိုပါသည်။
နောင်နန်းကျေးရွာ အုပ်စုအတွင်းတွင်လည်း ညတစ်ညတည်း၌ ဆိုင်ကယ်သုံးစီး ပျောက်သွားသည့် အမှုအခင်းလည်းရှိခဲ့သလို ဓါးမြတိုက် လုယက်မှုလည်း မကြာမကြာဖြစ်နေကြောင်း ဒေသခံများက ဆိုပါသည်။ ရှုခင်းနေရာသာယာပြီး လာရောက်လည်ပတ် ဓါတ်ပုံလာရိုက်သူ များလာသည့် မြစ်ကြီးနားမြို့ ပလန ရပ်ကွက်ရှိ ရော်ဘာခြံလမ်းတွင် ယခုရက်ပိုင်းအတွင်း ဓါတ်ပုံလာရိုက်သူ လူငယ်နှစ်ဦးလည်း နေ့ခင်းကြောင်တောင်အချိန်တွင် ဖုန်းနှင့်ဆိုင်ကယ် ဓါးမြတိုက် လုယက်ခံရသည်ဟု လုယက်ခံရသူက ဆိုပါသည်။
“ထိုင်နေတဲ့အချိန် လူသုံးယောက်ရောက်လာတယ်။ နှစ်ယောက်က ကျွန်တော့် လက်ကို နောက်ပြန်ချုပ်လိုက်တယ်။ တစ်ယောက်က သူတို့ရဲ့ဆိုင်ကယ်ကို အဆင့်သင့် စက်နိုးထားလိုက်ပြီး အိတ်ထဲက ဆိုင်ကယ်သော့ကိုယူပြီး ဖုန်းနှစ်လုံးနဲ့ ဆိုင်ကယ်ကို ယူသွားတာ။”ဟု ၎င်းက ဆိုပါသည်။
မြစ်ကြီးနားမြို့တွင် ဖြစ်ပျက်နေသည့် နောက်ထပ် စိုးရိမ်စရာတစ်ခုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူများ တစ်ဖန်များလာခြင်း ဖြစ်ပါသည်။ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် တက္ကသိုလ်ကျောင်းနှင့် UCF (တက္ကသိုလ် ခရစ်ယာန် မိတ်သဟာရအဖွဲ့) ခြံဝင်းနှင့်နီးသည့် လမ်းကြားတွင် မူးယစ်ဆေးဝါးရောင်းသူ၊ ဝယ်သူ၊ သုံးစွဲသူများ ယခင်ထက် ပိုမိုများလာသည်ကို သတိထားမိသည်ဟု စီတာပူရပ်ကွက်က ပြည်သူတစ်ဦးက ပြောပါသည်။
“လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Ja San)လည်း အခုအချိန်အလုပ်လုပ်ဖို့ မလွယ်နေဘူး။ စစ်ကောင်စီချမှတ်ထားတဲ့ တရားဥပဒေတွေကြောင့် လူတွေလည်း စုလို့မရဘူးဆိုတော့ မူးယစ်ဆေးသမားတွေအတွက် အချိန်ကောင်း ဖြစ်နေတယ်လို့ ထင်တယ်”ဟု လူထုအကျိုးဆောင်လုပ်ငန်းတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
လူငယ်များအချင်းချင်းလည်း ဆေးခြောက်ရောင်းကြသည့် သတင်းများလည်း ကြားရသည်ဟု မြို့ခံတစ်ဦးကပြောပါသည်။ လယ်ကုန်းရပ်ကွက်တွင် ယခင်က မတွေ့ရသည့် တစ်ခါသုံးဆေးထိုးအပ်များတွေ့လာရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ မြစ်ကြီးနားမြို့ ပလနဘက်တွင်လည်း ဘိန်းဖြူအပေါဆုံး နေရာလိုဖြစ်နေပြီး လက်ရှိအချိန် ပိုပြီးလွတ်လွတ်လပ်လပ် ရောင်းဝယ်သုံးစွဲနေကြသည်ဟု ဒေသခံများကဆိုသည်။
“အရင်က မသုံးတဲ့သူတွေတောင် အခုသုံးလာကြတယ်။ ဘိန်းဖြူက အခုဆို ၅၀၀ ဖိုးတောင်ရတယ်ပြောတယ်။”ဟု ဆိုသည်။
မူးယစ်သုံးစွဲသူ ပိုမိုများပြားလာသည်မှာ လုယက်၊ ဓါးမြတိုက်မှု များလာရသည့်အကြောင်းရင်း တစ်ခုဖြစ်သည်ဟု ဒေသခံများကဆိုကြပါသည်။ ယခုလိုမျိုးမဖြစ်အောင် “ကျွန်မတို့ နိုင်ငံကို အုပ်ချုပ်တဲ့အစိုးရနဲ့ ဥပဒေကောင်းတွေ လိုအပ်မှာဖြစ်တယ်”ဟု မြစ်ကြီးနားမြို့ ပြည်သူတစ်ဦးက ဆိုပါသည်။
၂၀၁၇ ခုနှစ်တွင် Kachinwaves မှ ရေးသားဖော်ပြခဲ့သည့် သတင်းဆောင်းပါးအရ လူဦးရေ သုံးသိန်းကျော်ရှိသည့် မြစ်ကြီးနားမြို့တွင် ရဲအင်အား (၁၈၉)ဦးရှိသည့်အတွက် ပျမ်းမျှတွက်ကြည့်လျှင် မြစ်ကြီးနားမြို့နယ်တွင် ရဲတစ်ယောက်သည် ပြည်သူ ၁၆,၀၀၀ ကို စောင့်ကြည့်နေရသည့် သဘောဖြစ်ပါသည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် အဆိုပါ ရဲဝန်ထမ်းများမှ အချို့သည် CDM ပြုလုပ်သူများရှိနေသည် ဖြစ်သည်။
ကျန်ရှိနေသည့် စစ်ကောင်စီရဲများသည်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသော ပြည်သူလူထု၏ လှုပ်ရှားမှုများကို ဦးစားပေး စုံစမ်းစောင့်ကြည့်သည့် ဘက်တွင် အားကောင်းနေပြီး မြို့တွင်း၌ ခိုးယူလုယက်မှု၊ ဓားမြတိုက်မှုများ မဖြစ်ရအောင် စောင့်ကြည့် ကာကွယ်မှုတွင် အားလျော့နေသည့် ကာလဖြစ်နေသည်။
ခိုးယူလုယက်ဓါးမြတိုက်ခံရသူ အယောက် ၁၀ကို ရဲတိုင်မတိုင် Kachinwaves မှ မေးမြန်းကြည့်ရာ တစ်ယောက်မှ ရဲကို တိုင်ကြားခြင်း မလုပ်ခဲ့ကြကြောင်း ဖြေဆိုကြပါသည်။ ကိုယ်တိုင်လည်း ရွှေဆွဲကြိုးလုယက်ခံရပြီး သူငယ်ချင်းများကြားမှာလည်း အလားတူ လုယက်ခံရကြောင်း မကြာခဏ ကြားနေရသည့်အပေါ် မလုလုက “အဓိကတော့ နိုင်ငံရေးကြောင့် ဥပဒေလည်း မရှိတော့တဲ့အတွက်ကြောင့် အခုလိုဖြစ်နေတယ်။ ပြည်သူတွေက လုပ်ကိုင်စားသောက်ရတာလည်း ပါတယ်။”ဟု ဆိုပါတယ်။