နောင်မွန်မှာ အမြစ်တွယ်လာတဲ့ မူးယစ်ဆေး
မရန်၊ Kachinwaves
သဘာဝတောတောင်တွေ၊ ရေပေါ်ကနေအောက်ကို ကြည့်လိုက်ရင် မှန်ကြည့်သလို ရေအောက်ထိထိုးဖောက်မြင်ရအောင် ကြည်လင်းနေတဲ့ စမ်းချာင်းတွေ ဝန်းရံထားတဲ့ နောင်မွန်မြို့မှာ အရင်နဲ့မတူပဲ သိသာပြောင်းလဲသွားတာ တစ်ခုရှိပါတယ်။
လျှပ်စစ်မီး ၂၄နာရီရသွားတာလည်း မဟုတ်ပါဘူး။ လူငယ်တွေအတွက် အလုပ်အကိုင် ပေါများသွားတာလား ဒါလည်းမဟုတ်ပါဘူး။
အင်တာနက်လိုင်းတွေ အရမ်းကောင်းသွားတာလား ဒါလည်း မဟုတ်သေးပါဘူး။ မနက်ဈေးမှာဆိုရင် ဈေးရောင်းတဲ့သူတောင် မရှိသလောက်ပါဘဲ။
သားသတ်ခုံတွေလည်း မရှိသေးသလို၊ ထမင်းဝယ်စားဖို့ စားသောက်ဆိုင်တောင် မရှိပါဘူး။ ဒေသခံအများပိုင်းကတော့ အရင်အတိုင်းပဲ လယ်ယာလုပ်ငန်းပဲ လုပ်ကိုင်စားသောက်ကြပြီး လူငယ်ပညာတတ်များအတွက်လည်း အစိုးရဝန်ထမ်းဝင်လုပ်တာကလွဲရင် အခြားအလုပ်အကိုင် မရှိပါဘူး။
လမ်းတွေတအားကောင်းသွားတာလား။ ဒါကတော့ အတော်အသင့်မှန်ပါတယ်။ လမ်းကတော့ အရင်ကထက် ကောင်းလာတာ မျက်မြင်ကိုယ်တွေ့ပါပဲ။
နိုင်ငံတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ရင် အဖြူရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ မြန်မာပြည်မြောက်ဖြား အစွန်ဆုံးမြို့ နောင်မွန်မြို့မှာ သိသိသာသာပြောင်းလဲလာတာ တစ်ခုပြောရမယ်ဆိုရင် မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေ ရှိလာတာပဲ ဖြစ်ပါတယ်။
“မူးယစ်ဆေးဝါးသုံးတဲ့သူတွေလည်း များလာပြီ။ တစ်နှစ် နှစ်နှစ်လောက်ရှိလာပြီ ဒီကိုရောက်လာတာ။ မူးယစ်ဆေးဝါးဆိုလို့ အရင်က ဒီဒေသမှာ ကြားတောင် မကြားဖူးဘူး။”လို့ နောင်မွန်နှစ်ခြင်းအသင်းတော်ရဲ့ သင်းအုပ်ဆရာ ဆင်ဆာရ်းက ဆိုပါတယ်။
အရင်က နောင်မွန်မှာ မကြားဖူးတဲ့ မူးယစ်ဆေးဝါးဟာ အခုဆိုရင် နောင်မွန်ပြည်သူတွေရဲ့ ရိုးသားရိုးရှင်းတဲ့ ဘဝနေထိုင်မှုကို ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ ပူတာအို စတဲ့ဒေသတော်တော်များများမှာ မူးယစ်ဆေးဝါးပေါများနေတာ ကြာခဲ့ပြီ ဖြစ်ပေမဲ့လည်း နောင်မွန်မှာတော့ အခုမှစတင်လာတဲ့သဘော ဖြစ်ပါတယ်။
နောင်မွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်ကလည်း အခုနှစ်အစပိုင်းမှာ နောင်မွန်အဝင် မဂွေဇဂိတ်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဖမ်းဆီးမှုနှစ်မှုရှိခဲ့ပြီး တရားရုံးကလည်း အမိန့်ချပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။ သုံးစွဲသူတွေလည်း နည်းနည်းရှိလာပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
နောင်မွန်ကိုသွားဖို့ ပူတာအို-နောင်မွန် လမ်းမကြီးတစ်ခုသာရှိပြီး နောင်မွန်ကိုဝင်ဖို့ မဂွှေဇဂိတ်မှာလည်း တပ်စစ်ဆေးရေးဂိတ်ရှိတဲ့အတွက် ထိုဂိတ်မှာ သေချာစစ်ဆေးပေးစေလိုတဲ့အကြောင်း ဒေသခံတွေကပြောကြပါတယ်။
နောင်မွန်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ အများပိုင်းမှာ လူငယ်များဖြစ်ပြီး အဆိုပါသုံးစွဲတဲ့ လူငယ်အများစုဟာလည်း ဖားကန့်၊ ပူတာအို၊ မြစ်ကြီးနား စတဲ့အခြားဒေသတွေမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ လူငယ်တွေဖြစ်တယ်လို့ နောင်မွန်ဒေသခံလူငယ် မဆိုင်းရာက ပြောပါတယ်။
“ဆေးထိုးမှားပြီးသေသွားတဲ့ သူလည်းရှိတယ်။ နောင်မွန်ကလူငယ်ပဲ သေသွားတာက ပူတာအိုမှာ သေသွားတာ။”လို့ မဆိုင်းရာက ဆိုပါတယ်။
ရဝမ်လူမျိုးတွေကိုပဲ ကောက်တဲ့စစ်တမ်းအရ နောင်မွန်မှာ မူးယစ်းဆေးဝါးသုံးတဲ့လူငယ် အယောက် ၁၀ကျော် ရှိတယ်လို့လည်း မဆိုင်းရာက ပြောပြပါတယ်။
အစိုးရဝန်ထမ်း ဝင်မလုပ်ဖြစ်တဲ့လူငယ်အများပိုင်းက တခြားဒေသထွက်ပြီး ပိုက်ဆံရှာကြသလို တောတောင်တွေမှာသွားပြီး သားငါး၊ ဆေးမြစ်ရှာတာတွေလည်း ရှိပါတယ်။
ဝန်ထမ်းအလုပ်ဆိုပေမယ့်လည်း ရာထူးကြီးပိုင်းမဟုတ်ပဲ အောက်ခြေဝန်ထမ်းနေရာတွေမှာ ဝင်လုပ်ကြတာဖြစ်တယ်လို့ နောင်မွန်ဒေသခံ ဒေါ်ဆန်နိုင်နင်ဇီက ဆိုပါတယ်။
မူးယစ်ဆေးဝါးသာမက ဆေးလိပ်၊ အရက် သောက်သုံးတဲ့ကလေးတွေလည်း အရမ်းများနေပြီဖြစ်တယ်လို့ ဒေသခံများက ဆိုကြပါတယ်။
“အရင်တုန်းကတော့ နောင်မွန်ကိုအဖြူရောင်နယ်မြေလို့ ပြောကြတယ်။ အခုက ရောင်းတဲ့သူတွေလည်းရှိလာပြီလို့ ကြားရတယ်။ သုံးတဲ့သူတွေလည်းရှိလာပြီ။ အရက်သောက် ဘိန်းသောက်တဲ့သူတွေအများကြီးပဲတဲ့။”လို့ ဒေါ်ဆန်နိုင်နင်ဇီက ဆိုပါတယ်။
နောင်မွန်ဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ ဒေသခံများသာမဟုတ်ပဲ လမ်းလုပ်သားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေလည်း သုံးစွဲကြတယ်လို့ Rev. ဆင်ဆာရ်းကဆိုပါတယ်။
“လမ်းတံတားလုပ်တဲ့ ဝန်ထမ်းတွေ အလုပ်သမားတွေ အဲလို ဆေးထိုးအပ်ကိုင်တာတွေ အများကြီးတွေ့တယ်လို့ပြောတယ်။ ဒီကနေတစ်ဆင့် ဒေသခံကလေးတွေ၊ ဒါပေမဲ့အခုထိတော့ လက်ချိုးရေတွက်လို့ ရသေးတာပေါ့နော်။ ကုမ္ပဏီတွေရဲ့ အလုပ်သမားတွေ သုံးကြပါတယ်လို့ အားလုံးက ဒီမှာသိကြပါတယ်။”လို့ ၎င်းက ဆိုပါတယ်။
နောင်မွန်မှာ ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီကနေ တာဝန်ရှိသူတွေကို တားဆီးပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
နောင်မွန်ဒေသဟာ အရင်က လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတဲ့ဒေသဖြစ်လို့ ဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးခဲ့ပြီး ကျောင်းသားတွေ တက္ကသိုလ်ဝင်တန်းအောင်နိုင်ရန် ခက်ခဲလှတဲ့ဒေသလည်း ဖြစ်ပါတယ်။
အခုလည်း နောင်မွန်မြို့နယ်ရှိရွာတွေက ကလေးတွေဟာ မူလတန်းအထိသာ ကျောင်းတက်နိုင်ပြီး ကျောင်းထွက်သွားတဲ့ ကလေးတွေများပါတယ်။ ဒေသခံတွေလည်း သူတို့သားသမီးတွေကို ပညာတတ်တွေဖြစ်စေချင်ပေမဲ့ ပတ်ဝန်းကျင်အခြေအနေကို စိုးရိမ်တယ်လို့ ပြောဆိုကြပါတယ်။
“ကျွန်မတို့ရွာမှာ မူးယစ်ဆေးဝါးသုံးတဲ့သူတွေလည်း ရှိလာပြီ။ ဆေးလိပ်အရက်သောက်တဲ့ လူငယ်တွေတော့ အများကြီးပဲ။ ကျောင်းက ရွာကနေဝေးတော့ ၅တန်းဆိုကျောင်းထွက်ကြတယ်။ ပညာတတ်လည်း မရှိဘူး။ သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ ဆန္ဒတော့ရှိတယ်။ ဒါပေမဲ့ ဒေသအခြေအနေနဲ့တော့ မဖြစ်နိုင်ဘူးထင်တယ်။”လို့ ပါဘော့ကျေးရွာမှ ကလေး (၆)ယောက်မိခင် ဒေါ်အနာနိုက ဆိုပါတယ်။
နောင်မွန်က တက္ကသိုလ်ဝင်တန်း အောင်မြင်သူ အများစုဟာလည်း နောင်မွန်မှာကျောင်းတက်ပြီး အောင်မြင်ခဲ့တာမဟုတ်ပဲ အခြားဒေသမှာ ကျောင်းသွားတက်ပြီးအောင်မြင်ကြသူတွေ များတယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။
တိုင်းရင်းသားရဝမ်လူမျိုးတွေအများစု နေထိုင်ပြီး လယ်ယာမြေသာ အဓိက လုပ်ကိုင်စားသောက်လျှက်ရှိတဲ့ နောင်မွန်ဒေသတွင် တစတစလျို့ဝှက်ရောက်ရှိလာတဲ့ မူးယစ်ဆေးဝါးဟာ ကြီးမားတဲ့ စိုးရိမ်စရာကောင်းတဲ့ အဓိက အန္တရာယ်တစ်ခုဖြစ်နေတဲ့အတွက် သက်ဆိုင်ရာက အမြန်ဆုံးတားဆီးသွားဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“နောင်မွန်ဒေသဆိုတာ ကျဉ်းကျဉ်းလေးပဲ ရောက်လာရင်တော့ အကုန်ပျက်စီးသွားမယ့်သဘောရှိတယ်။”ဟု သင်းအုပ်ဆရာ ဆင်ဆာရ်းကဆိုပါတယ်။