ဧည့်သည်များ ရွေးပေးလိုက်တဲ့ ကိုယ်စားလှယ် ဖြစ်နေပြီလား
- မရန်
November 12, 2020, Kachinwaves
ဒေသခံကချင်ပြည်သူများ၏ ထောက်ခံဆန္ဒမဲအဓိကရခဲ့သော ကချင်ပါတီသည် မဲရလဒ်ရေတွက်ပြီးချိန်မှာတော့ ရှုံးနိမ့်ခဲ့ပါသည်။ အနိုင်ရသွားသူကလည်း ကချင်ပြည်နယ်မှ အခြားမဲဆန္ဒနယ် တော်တော်များများတွင် အနိုင်ရနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဟုတ်ပဲ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိသွားခြင်း ဖြစ်ပါသည်။
ကချင်လူမျိုးများအများစုနေထိုင်သည့် သွေးချင်းတို့ပျော်ရာမြေဟု တင်စားခံရသော ဆွမ်ပရာဘွမ်မြို့နယ်ရှိ မဲဆန္ဒနယ်များတွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌သာ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းအနိုင်ရရှိပြီး ကျန်ပြည်သူ့လွှတ်တော်နေရာနှင့် ပြည်နယ်လွှတ်တော် အမှတ် (၁) နေရာများတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသွားခြင်း ဖြစ်ပါသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုယ်စားလှယ်နေရာ (၂)နေရာ အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နေရာမှ ပြန်လည်အနိုင်ရရှိခဲ့ခြင်း မရှိပါ။
“စစ်တပ်နဲ့အလုပ်သမားတွေရဲ့ မဲကြောင့်နိုင်တာ။ ဒေသခံမဲနဲ့မဟုတ်ပဲ ကြားကလူပဲ ဆုံးဖြတ်ပေးသလို ဖြစ်သွားတော့ အားလုံးက အဲဒါကိုပြောနေကြတယ်။”ဟု ဦးဂျိုးဆက်က ပြောပါသည်။
ဆွမ်ပရာဘွမ်ဒေသခံများသည် ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခုခုအနိုင်ရမည်ဟု မျှော်မှန်းထားခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိသွားသည့်အတွက် မကျေမနပ် ဖြစ်နေကြသည်ဟု အသက်(၅၀)အရွယ် ဒေါ်လမာဆိုင်းပန်ကပြောပါသည်။
ကချင်အများစုနေထိုင်သည့် ဆွမ်ပရာဘွမ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိသွားခြင်းသည် တပ်မတော်သားများ၏ ကြိုတင်မဲနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ဆန္ဒမဲကြောင့်ဖြစ်သည်ဟု ဒေသခံများက တညီတညွတ်တည်း ပြောဆိုနေကြပါသည်။
ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရ မဲဆန္ဒရှင် (၂၇၈၆)ဦး ရှိသည့်အနက်မှ ပြည်သူ့လွှတ်တော်အတွက် ခိုင်လုံမဲလာရောက်ပေးခဲ့သူ (၂၃၅၉)ဦး ရှိခဲ့ပါသည်။ ဆွမ်ပရာဘွမ်တွင် ကြိုတင်မဲပေးနိုင်သူ တပ်မတော်သားများမဲဆန္ဒရှင်စာရင်း (၄၁၁)ဦး ရှိပါသည်။ ဤအရေအတွက်သည် ကြိုတင်မဲပေးနိုင်သူများ၏ စာရင်းသာဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် လာရောက်မဲပေးသည့် တပ်မတော်သားမဲဆန္ဒရှင်များလည်း ရှိပါသည်။
“ကျွန်တော့်အမြင်မှာ လုံးဝလက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ အခုကစစ်တပ်မဲနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အနိုင်ယူခဲ့တဲ့ဟာမျိုးဖြစ်ပါတယ်။ ကြိုတင်မဲကိစ္စတွေ စစ်တပ်နဲ့ဆိုင်တဲ့ဟာတွေနဲ့ပဲ အနိုင်ရရှိတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီရွေးကောက်ပွဲဟာ သမာတမတ်ရှိတယ်၊ ပွင့်လင်းမှုရှိတယ်၊ ဆိုတဲ့ဟာကို ဒီဟာမျိုးကျတော့ ကျွန်တော်တို့ လက်ခံနိုင်စရာအကြောင်းမရှိဘူး”ဟု ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်ခဲ့သူ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဦးကွမ်ဂေါင် အောင်ခမ်းက ဆိုပါသည်။
ယင်းကဲ့သို့ ဖြစ်ပျက်နေခြင်းသည် ကချင်များ၏တည်ရှိမှုကို ခြိမ်းခြောက်နေသည့် အပိုင်းဖြစ်သည်ဟု မြင်ကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းကဆိုပါသည်။
“ကျွန်တော်တို့ရဲ့ အနာဂတ်ကို ဘယ်လိုသွားရမလဲ ဆိုတဲ့ဟာကို အများကြီးစဉ်းစားဖို့လိုလာပြီး”ဟု ၎င်းကဆိုပါသည်။
ပါတီသုံးခုမှ ကိုယ်စားလှယ်လောင်း (၃)ဦးသာယှဉ်ပြိုင်ခဲ့သည့် ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်လရှန်ဘန်ထွယ်သည် (၈၅၆)မဲဖြင့် အနိုင်ရရှိသွားကာ၊ ဦးကွမ်ဂေါင်အောင်ခမ်းက (၇၈၇)မဲဖြင့် ဒုတိယနေရာတွင်ရှိခဲ့ပြီး အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းသည် (၇၁၆)မဲဖြင့် တတိယနေရာဖြစ်ခဲ့ပါသည်။
အနိုင်ရရှိသွားသူ ဒေါ်လရှန်ဘန်ထွယ် ပြောဆိုသည်မှာ ၎င်းအနေဖြင့် အစပြိုင်ကတည်းကနေ ပြည်သူပေးသည့်တာဝန်ကို လုပ်ဆောင်ရန် ယှဉ်ပြိုင်ခြင်းဖြစ်သည့်အတွက် ပြည်သူပေးသည့်တာဝန်ကို ကျေကျေပြွန်ပြွန် ထမ်းဆောင်သွားမည်ဟု ဆိုပါသည်။
မဲဆန္ဒရှင်အားလုံးကိုလည်း ကျေးဇူးတင်သည့်အကြောင်းနှင့် ပြည်သူများ၏အကျိုးကို သယ်ပိုးသွားမည်ဟုလည်း ဆိုပါသည်။
“သူများဝေဖန်တာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် ဝေဖန်တာ”ဟု ဝေဖန်မှုအပေါ် ဒေါ်လရှန်ဘန်ထွယ်က ဆိုပါသည်။
ဆွမ်ပရာဘွမ်လမ်းတစ်လျှောက်တွင်ရှိသည့် လမ်းလုပ်သားများနှင့် ဖုန်အင်ယန်ကျေးရွာတွင်ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားများ၏ ဆန္ဒမဲလည်း (၃၀၀)ကျော်ရှိသည်။
“မှန်းထားတာက ကချင်ပါတီ မဟုတ်လည်း ဒီချုပ်(NLD)အပြိုင်ဖြစ်မယ်လို့ ထင်ထားတာ၊ ထွက်လာတဲ့အဖြေက တစ်မျိုးဖြစ်လာတယ်။ စစ်တပ်အင်အားနဲ့ မတရား အနိုင်လာယူသွားတယ်လို့ပဲ ကျွန်မတော့ ခံယူတယ်။”ဟု ဒေါ်လမာဆိုင်းပန်ကဆိုသည်။
ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသွားသည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်နိုင်သော်လည်း အမျိုးသားရေး၊ နိုင်ငံရေးများကို လုပ်နိုင်မည်ဟု မထင်ထားကြောင်းလည်း ဒေါ်လမာဆိုင်းပန်က ဆိုပါသည်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)တွင် ယှဉ်ပြိုင်ခဲ့သူ (၄)ဦးရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးလောင်ဂျာခါးက (၅၄၁)မဲဖြင့် အနိုင်ရရှိသွားသည်။ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်ပါတီက (၄၁၃)မဲရရှိခဲ့ပြီး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီသည် (၃၆၈)မဲရရှိကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ (၁၈)မဲသာ ရရှိခဲ့ပါသည်။
ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အမှတ် (၁) နေရာ နှစ်နှစ်ရာတွင် အနိုင်ရရှိခဲ့သူ ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံးမှာ ဒေသခံများဖြစ်ပြီး ဦးလောင်ဂျာခါးသည် လုပ်ငန်းရှင်တစ်ဦးဖြစ်ကာ ဒေါ်လရှန်ဘန်ထွယ်သည် ယခင်ဆွမ်ပရာဘွမ်ဇုံနယ် နှစ်ခြင်းခရစ်ယာန်အသင်း၏ ဖွံ့ဖြိုးရေးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါသည်။
ပြည်နယ်လွှတ်တော် အမှတ် (၂)နေရာတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ဦးအင်ရှန်းဆန်အောင်က အနိုင်ရရှိခဲ့ပါသည်။
ဦးအောင်ခမ်းသည် ၎င်းကိုမဲပေးခဲ့သည့်ပြည်သူလူထုကို ကျေးဇူးတင်ကြောင်းနှင့် နောက်နောင်တွင် အတူတကွလက်တွဲ လုပ်ဆောင်သွားရအောင်ဟု ဆိုပါသည်။ ၎င်းသည် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုနောက်ပိုင်း ပြည်ပတွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့်နေထိုင်ရာမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး ကချင်နိုင်ငံရေးပါတီ တည်ထောင်ခဲ့သူဖြစ်ပါသည်။ ၎င်း၏ဖခင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီမှ ဆွမ်ပရာဘွမ်မြို့နယ်တွင် အနိုင်ရရှိခဲ့သူ ဦးဇော်အိန် ဖြစ်ပါသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် ယခုရွေးကောက်ပွဲ၌ ပြန်လည်အနိုင်ရရှိခြင်း မရှိသည်ကို တွေ့ရပါသည်။ ဒေသခံတစ်ဦးဖြစ်သူ ဦးဂျိုးဆက်ကတော့ ၂၀၁၅ တွင် အရွေးခံခဲ့သည့်လွှတ်တော်ကိုယ်စားလှယ်များသည် ရွှေတူးဖော်မှုများကို လုပ်ဆောင်ရန်ခွင့်ပြုပေးခဲ့သဖြင့် ပြန်လည်အနိုင်မရခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုပါသည်။
ယခုကိုယ်စားလှယ်များကိုလည်း ဒေသခံများအတွက်မဟုတ်ပဲ ကိုယ်ကျိုးအတွက် လုပ်ဆောင်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး၊ နောက်ကွယ်က ကြိုးကိုင်မှုများကြောင့် ဒေသခံပြည်သူများအတွက် အမှန်တကယ် အလုပ်မလုပ်မည်ကိုလည်း စိုးရိမ်နေကြပါသည်။
ဒေသခံများ၏မဲကြောင့်မဟုတ်ပဲ ဧည့်သည်များမှ လာရွေးပေးထားသည့် ကိုယ်စားလှယ်ဖြစ်သည့်အတွက် လွှတ်တော်မှာလည်း ၎င်းတို့အတွက် လုံးဝကိုယ်စားပြုနိုင်မည်ဟု မထင်ထားကြောင်း ဒေသခံများပြောဆိုနေကြပါသည်။
ဆွမ်ပရာဘွမ်မြို့မှ ဦးဂျိုးဆက်က “သူတို့ကိုမဲထည့်တာက ဧည့်သည်တွေများတော့ သူတို့လုပ်ချင်လဲ နောက်ကနေ ကြိုးကိုင်တာတွေရှိလာမလား ဆိုတဲ့အချက်ကို စိုးရိမ်တယ်။”ဟု ပြောပါသည်။