သံယံဇာတများ ဆင်းရဲလာပြီဖြစ်တဲ့ ရွှေကူမြို့
မရန်
ရွှေကူမြို့လို့ကြားလိုက်တာနဲ့ ငါးမှုန့်ခြောက်နဲ့ ငါးချဉ်ထွက်တဲ့ ဒေသတစ်ခုလို့ သိထားကြမှာပါ။ ၎င်းနှစ်ခုသာမက သစ်၊ ဝါး၊ ကြိမ်၊ ရွှေ တွေလည်း အထွက်များတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ငါးအင်းတွေများပြီး ငါးတွေလည်း ပေါများတဲ့အတွက် ရွှေကူက ငါးမှုန့်ခြောက်နဲ့ ငါးချဉ်တွေလည်း စားကောင်းပြီး နာမည်ကြီးတာဖြစ်ပါတယ်။ ရွှေတွေထွက်တာများပြီး ဂူတွေလည်း များတဲ့အတွက် ရွှေကူလို့ အမည်ရလာခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောကြတယ်။
ရွှေကူမြို့ကိုဖြတ်သန်းစီးဆင်းသွားတဲ့ ဧရာဝတီမြစ်ရဲ့ တစ်ဖက်ကမ်းရှိရွာတွေက အိမ်တွေမှာ ဟောင်းနွမ်းပေမဲ့ ခိုင်ခိုင်မာမာရှိသေးတဲ့ သစ်သားအိမ်တိုင်ကြီးကြီးတွေကို တွေ့နေရတာဟာ သစ်ပေါခဲ့တဲ့ဒေသဆိုတာကို သက်သေပြနေပါတယ်။
အခုတော့ ရွှေကူဆိုတဲ့ နာမည်နဲ့ မလိုက်တော့အောင် ရွှေတွေလည်း ကုန်လာပြီဖြစ်သလို သစ်တွေ၊ ဝါးတွေ၊ ငါးတွေလည်း ရှားပါးလာတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
“ငါးဖမ်းတဲ့အင်းတွေက ငါးတွေ မျိုးသုန်းသွားလို့လားမသိဘူး အရင်တုန်းကလို မရှိဘူး။ ဒီမှာသုံးနေတာ အောက်ပိုင်းက ရေခဲရိုက်ပြီးတင်တဲ့ငါးတွေပဲ။ ဒေသထွက်ငါးက မရှိသလောက်ဖြစ်နေပြီ။”လို့ မြေစာရင်းဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အပါအဝင် အစိုးရဝန်ထမ်းတာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး လက်ရှိ ရွှေကူနာရေးကူညီမှုအသင်းရဲ့ ဥက္ကဌဖြစ်သူ အသက် (၆၇) နှစ်၊ ဦးဝင်းဖေ ကဆိုပါတယ်။
အင်းငါးဖမ်းတဲ့လုပ်ငန်း၊ ဝါး၊ သစ်၊ ကြိမ်၊ ရွှေတူးဖော်တဲ့ လုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေက ရွှေကူမြို့အတွက် အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်။
ရွှေကူမြို့မှာ လူဦးရေ ၉သောင်းနီးပါးရှိပြီး ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း တည်ရှိတဲ့မြို့ဖြစ်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ နယ်နမိတ်ထိစပ်တဲ့မြို့လည်း ဖြစ်ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ရွှေကူမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ စာအုပ်တွင် “ရွှေကူမြို့နယ်သည် ပုံဂံခေတ်က အနော်ရထာမင်းကြီးမှ ပုဂံနိုင်ငံတော် တမ္ပဒီပတိုင်းနှင့် ကမ္ဘောဇတိုင်းတို့ကို သီးခြားဖြစ်စိမ့်သောငှာ မြစ်ကမ်းမြို့ (၄၃)မြို့ကို တည်ထောင်ရာတွင် ရွှေကူမြို့သည်လည်း မြစ်ကမ်းမြို့တစ်မြို့အဖြစ် သမိုင်းတွင် ထင်ရှားခဲ့သည်”လို့ ရေးသားထားပါတယ်။ မန်ချူးကျူးကျော်မှု၊ မွန်ဂိုကျူးကျော်မှု တွန်းလှန်တိုက်ပွဲတို့အတွက် ချီတက်ရာတွင်လည်း အထောက်အကူစခန်းတစ်ခုဖြစ်ကြောင်းလည်း တွေ့ရရှိရတယ်လို့ ရေးသားထားပါတယ်။
အရင်ကရေကြောင်းလမ်းကိုသာ အားထားပြီး သွားလာခဲ့ကြတဲ့ ရွှေကူဟာ အခုတော့ ဗန်းမော်၊ မန္တလေး ကားလမ်းပေါက်သွားပြီဖြစ်လို့ သင်္ဘောစီးပြီးသွားလာသူတွေ အလွန်နည်းသွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။ ကုန်ပစ္စည်းတွေ သယ်ယူတဲ့သင်္ဘောတွေတော့ ရှိနေဆဲဖြစ်ပါတယ်။
ရွှေကူမြို့မှာ တည်းခိုခန်းကောင်းတစ်ခုသာရှိသေးပြီး၊ စည်ဘီယာရနိုင်ပြီး အစားအသောက် အဆင်ပြေတဲ့ စားသောက်ဆိုင်လည်း နှစ်ခုထက်မပိုသေးဘူးလို့ ရွှေကူမြို့ခံတွေက ပြောကြပါတယ်။ လူထိုင်များတဲ့ လက်ဖက်ရည်ဆိုင်ကောင်းလည်း နှစ်ခုသာရှိပါတယ်။
ဘားဆိုင်တွေမရှိသေးသလို KTV တွေလည်းမရှိတဲ့အတွက် သီချင်းဆိုချင်တဲ့တချို့လူငယ်တွေ တခါတလေ မိုင်(၆၀)ဝေးတဲ့ ဗန်းမော်မြို့ကို ညတွင်းချင်းသွားပြီး သွားဆိုကြတယ်လို့ ပြောပြပါတယ်။ ည ၉နာရီဆိုရင် ဘီယာဆိုင် တစ်ဆိုင်နှစ်ဆိုင်ကလွဲရင် ဆိုင်တော်တော်များများက ပိတ်နေပြီဖြစ်ပါတယ်။
ရွှေကူဟာ ဧရာဝတီမြစ်ဘေးတွင် တည်ရှိတဲ့မြို့ဖြစ်ပြီး ၁၉၉၅ ရှေ့ပိုင်းတွင် ဗန်းမော်သို့သွားတဲ့ ကားလမ်းတောင် မပေါက်သေးလို့ ရေလမ်းကြောင်းသင်္ဘောခရီးနဲ့သာ မန္တလေးနဲ့ ဗန်းမော်မြို့တို့နဲ့ ဆက်သွယ်သွားလာခဲ့တဲ့မြို့ဖြစ်တယ်လို့ ဒေသခံတွင်က ပြောပါတယ်။ အရင်က ကုန်းလမ်းဖောက်ထားပေမဲ့ သွားရေးလာရေးအတွက် လမ်းမကောင်းသေးခြင်းဖြစ်ပါတယ်။
အစားအသောက်တွေကို အရင်က သင်္ဘောတွေ၊ စက်လှေတွေနဲ့ပဲ သယ်ဆောင်ရပါတယ်။ ဝါးတွေ၊ ကြိမ်တွေကိုလည်း ဖောင်ဖွဲ့ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းပြီး စစ်ကိုင်းနှင့် မန္တလေးသို့ သွားရောင်းကြပါတယ်။
“ဝါးလည်း သိပ်မရှိတော့ဘူး၊ သစ်လည်း မရှိတော့ဘူး၊ ကြိမ်ဆိုတာ ရှာလို့တောင် မတွေ့တော့ဘူး။ တပ်ကြိမ်ဆိုတာ ရောင်းကို မရောင်းတော့တာ။”လို့ ဦးဝင်းဖေကဆိုပါတယ်။
သစ်တွေရှားပါးသွားပြီဖြစ်တဲ့အတွက် အရင်လို သစ်လုံးအိမ်တိုင်ကြီးကြီးနဲ့ သစ်ပျဉ်တွေနဲ့တစ်အိမ်လုံးကာပြီး ဆောက်ဖို့ မလွယ်တော့ပေမဲ့လည်း အခုထိ ရွှေကူဒေသခံအများစုက အိမ်ဆောက်ရင် ပျဉ်ကိုသာ အသုံးပြုနေဆဲဖြစ်ပါတယ်။
သစ်တွေကတော့ ပရိဘောဂလုပ်ဖို့တောင် ရှားသွားပြီဖြစ်ပေမဲ့ ရွှေတူးဖော်တာကတော့ ဆက်လက်တူးဖော်နေဆဲဖြစ်တယ်လို့ ရွှေကူမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံလည်းဖြစ်ပြီး ကချင်လူမျိုး ရပ်မိရပ်ဖတစ်ဦးလည်းဖြစ်သူ ဦးလဘန်ဂမ်ကဆိုပါတယ်။
အစိုးရကလည်း လက်လုပ်လက်စား လုပ်ကွက်များနှင့် အသေးစား ရွှေလုပ်ကွက်များအား တရားဝင် ချပေးပြီး တူးဖော်တာတွေလည်းရှိတယ်။ အသေးစားဆိုပေမဲ့လည်း ဘက်ဖိုးတွေ အသုံးပြုပြီး တူးဖော်နေကြတာတွေလည်းရှိကြောင်း ဦးလဘန်ဂမ်ကဆိုပါတယ်။
ငါးတွေရှားပါးလာတဲ့အတွက် ငါးချဉ်၊ ငါးမှုန့်ခြောက် လုပ်ငန်းများတွင် သာမက အခြားလုပ်ငန်းများမှာလည်း အဆင်မပြေမှုတွေရှိလာကြောင်း မြသီတာ ငါးမှုန့်ခြောက် လုပ်ငန်းမှ ဒေါ်မြသီတာက ပြောပါတယ်။
“ငါးမှုန့်ခြောက် လုပ်လာတာ ကြာပြီ။ ဘာတွေ ကွာခြားမှုရှိလာလဲ။ အခုက ငါးမရတော့ဘူး။ မှာရင်တောင် မရနိုင်ဘူး။ ငါးဖယ်နဲ့ပဲလုပ်တယ်။ ငါးဖယ်တွေ ရှားလာတယ်။ ဈေးလည်း ကြီးသွားတယ်။ ခါတိုင်းက ၆၀၀၀ လောက်ပေးရတယ်။ အခုက ၉၀၀၀ ပေးရတယ်။ အခုက မန္တလေးဘက်ကနေမှာရတယ်။ အရင်တုန်းက အရမ်းရောင်းကောင်းတယ်။ အခုက အမြတ်ငွေက သိပ်မရှိဘူး။”လို့ ဒေါ်မြသီတာကဆိုပါတယ်။
ငါးမှုန့်ခြောက်လုပ်ငန်းသာမဟုတ်ပဲ ငါးချဉ်လုပ်ဖို့တွေကလည်း သိပ်အဆင်မပြေလာကြောင်း ပြောပြပါတယ်။ သယံဇာတတွေ ကုန်ဆုံးလာပေမဲ့လည်း နောက်တစ်ဖက်တွင် အခုနောက်ပိုင်း လမ်းတွေ လျှပ်စစ်မီးတွေ ကောင်းလာတဲ့အတွက် တိုးတက်မှုတော့ ရှိလာကြောင်း ဒေသခံတွေက ဆိုကြပါတယ်။
သို့သော် အရင်းအတိုင်း မပြောင်းလဲသေးတဲ့အရာတွေလည်း ရှိသေးပါတယ်။
“ပညာရေးတွေနဲ့ ကောင်းလာတယ်။ ကျန်းမာရေးက တိုက်နယ်ဆေးရုံတစ်ခုတက်လာတယ်။ ဆေးရုံကြီးကတော့ ကုတင် ၅၀ က ၅၀ ပဲ။ ဒီဆေးရုံက ဒီဆေးရုံပဲ ပုံစံလည်း မပြောင်းဘူး။ အဆောင်လည်း မပြောင်းဘူး။”လို့ ဦးဝင်းဖေကဆိုပါတယ်။
အရင်ကတည်းက ဧရာဝတီမြစ် တစ်ဖက်ကမ်းက ကျေးရွာတွေကတော့ ရွှေကူမြို့နဲ့ဆက်သွယ်ဖို့ စက်လှေစီးပြီး သွားနေရပါတယ်။ မြစ်တစ်ဖက်ကမ်းက တချို့ကျေးရွာတွေဆိုရင် တစ်ခါတစ်ခါ ရွှေကူကိုလာဖို့ စက်လှေငယ်တွေနဲ့ ၃နာရီလောက်မောင်းပြီးလာရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
ရွှေကူမြို့တစ်ဖက်ကမ်း ဆင်တပ် မိုးစစ်၊ ရေလဲ၊ ကျုံးတော်၊ သင်္ဘောအင်း စတဲ့ကျေးရွာတွေမှာ နေထိုင်သူတွေက ဈေးဝယ် ဈေးရောင်းကအစ ရွှေကူမြို့ကို စက်လှေများနဲ့ သွားရောင်းကြသလို ဆေးကု၊ ကျောင်းတက်တဲ့ကိစ္စတွေလည်း အလားတူဖြစ်ပါတယ်။
“ကျောင်းတက်သွားတဲ့ ကလေးတွေတော့ အဆင်မပြေဘူး။ စက်လှေနဲ့သွားတယ်ဆိုတော့။ ကျောင်းမတက်ချင်တော့တဲ့ကလေးတွေလည်းရှိလာတယ်။ ၈ တန်းပဲရှိတာ ဒီမှာက။”လို့ ဆင်တပ်ကျေးရွာဒေသခံ အသက်(၆၃)ရှိသူ ဒေါ်ခင်ဝင်းကဆိုပါတယ်။
ဈေးသွားရောင်း သွားဝယ်သာမက ဖျားနာ ကလေးမွေး ရင်လည်း ရွှေကူကို မြစ်ကူးပြီးသွားရပါတယ်။ ရွှေကူမြို့မှာကိုကလည်း ကုတင် ၅၀ ဆေးရုံသာရှိတဲ့အတွက် အဖျားကြီးရင် မန္တလေး၊ ဗန်းမော်မြို့များသို့ ပို့ဆောင်ပေးရကြောင်း ဦးဝင်းဖေ ကဆိုပါတယ်။ Covid-19 ကာလမှာလည်း လူနာပို့တဲ့ခရီးစဉ် နေ့တိုင်းလိုလိုရှိတယ်လို့လည်း ဆိုပါတယ်။
ရွှေကူဒေသမှာ သယံဇာတတွေကိုမှီခိုပြီး လုပ်ကိုင်စားသောက်သည်သာမက အများပိုင်းကတော့ စိုက်ပျိုးရေး လုပ်ငန်းတွေပေါ်မှီခိုသူများရှိပြီး၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ တချို့အတွက်လည်း အဆင်မပြေမှုတွေရှိလာကြောင်း ဦးဝင်းဖေကဆိုပါတယ်။
“ကြံခင်းတွေမရှိတော့ဘူး အဲမှာက တရုတ်ငှက်ပျော်တွေ ဝင်သွားပြီ အကုန်လုံး။ ဖရဲ၊ ပြောင်းတွေကတော့ တရုတ်ဈေးကွက်ကို မှီခိုရတယ်။ တရုတ်ဝယ်လက်တွေ၊ သူတို့မဝယ်ရင် ပိုတယ်။ နောက်ပိုင်းတော့ တရုတ်ကို အလုပ်သွားလုပ်တာတွေလည်း များလာပြီ။”