စနစ်သစ်၊ ပုံစံသစ်နဲ့ စာသင်ကျောင်း
၄ သြဂုတ် ၂၀၂၀
မရန်
အချင်းချင်း စကားပြောရင်း ပခုံးဖက်ကာ ကားအတူစီးလာတဲ့ သူငယ်ချင်းများ၊ စာသင်ကျောင်းဝင်းထဲသို့ ဝင်ပြီဆိုတာနဲ့ အချင်းချင်း မသိသလို မခင်သလို ဖြစ်သွားရပါတယ်။
ကျောင်းဝင်းထဲဝင်ဖို့ ကျောင်းသားများတန်းစီပြီး အလှည့်ကျအပူချိန်တိုင်းကာ လက်ဆေးပြီးမှ စာသင်ခန်းထဲ ဝင်ရပါတယ်။ ကျောင်းချိန်အတွင်း နှခေါင်းစည်း (mask)တွေ မျက်နှာကာ(face shield)တွေ အုပ်ပြီးနေရပါတယ်။ ခပ်ခွာခွာနေထိုင်ခြင်း (Social Distancing)စည်းကမ်းအရ စာမေးပွဲဖြေဆိုချိန်မှာ ထိုင်ရသလို တစ်ယောက်နဲ့တစ်ယောက် ၆ပေအကွာထိုင်ရပါတယ်။ အပေါ့အလေး သွားရင်တောင် တစ်ယောက်နဲ့တစ်ယောက်ကြား (၆)ပေအကွာသွားရပါတယ်။ အဖျားရှိတဲ့သူ၊ ချောင်းဆိုးတဲ့သူတွေကိုလည်း ကျောင်းမလာခိုင်းပါ။
ကျောင်းဆင်းချိန်တွင် ကျောင်းသားအများစုက mask တွေ ချွတ်ပြီးသူငယ်ချင်းတွေနဲ့ အားရပါးရ စကားပြောနေကြပုံက ကျောင်းဝင်းတွင်းသူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် စကားမပြောရတာကို အတိုးချပြောနေသလို ထင်မှတ်ရပါတယ်။ ကျောင်းဆင်းပြီးနောက် အချင်းချင်းပြောနေတဲ့အချိန်မှာ (၆)ပေအကွာ မဟုတ်တော့ပါ။ ကားအတူစီးပြီး ပြန်သွားကြပါတယ်။ အပြင်မှာ လာကြိုတဲ့သူတွေလည်း လူအုပ်နဲ့စည်ကားလို့နေပါတယ်။
Covid-19 ဖြစ်ပွားပြီး မြန်မာနိုင်ငံတွင် ပုံမှန်စာသင်နှစ်ထက် ရက်ပေါင်း ၅၀နီးပါးနောက်ကျပြီးမှ အခြေခံပညာ အထက်တန်းကျောင်းတွေကို ဇူလိုင်လ ၂၁ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းဖွင့်ပေမဲ့ အရင်လိုမဟုတ်ပဲ၊ ပုံစံသစ် (new normal) ဖြင့် ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
အချက်(၈၀)ပါတဲ့ သတ်မှတ်ချက်တွေအရ စစ်ဆေးပြီး (A)အဆင့်ရတဲ့ ကျောင်းတွေကို ကျောင်းဖွင့်လှစ်ခွင့်ပေးတာဖြစ်ပါတယ်။ ကျောင်းမှာ PPE ဝတ်စုံကအစ ထားရှိရတာဖြစ်ပါတယ်။
အရင်ပုံမှန်အချိန်မှာ အယောက် ၆၀အနည်းဆုံးရှိပြီး ဆူညံသံတွေကြားနေရတဲ့ စာသင်ခန်းက အခုအချိန် အယောက် ၂၀သာ အများဆုံးရှိပြီး တိတ်ဆိတ်နေတဲ့ စာသင်ခန်းဖြစ်နေပါတယ်။
အင်ဂျန်ဒုံ စစ်ဘေးဒုက္ခသည်စခန်းက မခမ်အိမ်ဟာ ကျောင်းဆရာမလုပ်ဖို့ ရည်မှန်းထားတဲ့ စနစ်ဟောင်း ၁၀တန်းကျောင်းသူ တစ်ဦးဖြစ်ပါတယ်။ ၄နာရီလောက် mask နဲ့ face shield တပ်ပြီး စာသင်နေရတဲ့အပြင် သူငယ်ချင်းတွေနဲ့လည်း စကားပြောလို့မရတော့ ကျောင်းစတက်တဲ့နေမှာပင် အဆင်မပြေမှုတွေနဲ့ ကြုံခဲ့ရတယ်လို့ မခမ်အိန်က ပြောပါတယ်။
“ခါးတိုင်းနှစ်ကလို သူငယ်ချင်းတွေနဲ့လည်း စကားမပြောရတော့ မပျော်ဘူး၊ လွတ်လွတ်လပ်လပ်လည်း မဟုတ်ဘူး။ တစ်ယောက်ထဲပဲနေရသလိုပဲ။ အပြင်ရောက်တာနဲ့တော့သူငယ်ချင်းတွေနဲ့ စကားပြောပြီ။”လို့ မခမ်အိမ်က သူမကရဲ့ ကိုဗစ်ကာလ ကျောင်းတက်နေရတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
ကျောင်းတွင် လွတ်လွတ်လပ်လပ် မနေရသလို စာသင်ချိန်နည်းတာ၊ ဆရာမတွေနဲ့ ပွင့်ပွင်းလင်းလင်း လွတ်လွတ်လပ်လပ် စကားပြောခွင့်မရှိတာတွေက မခမ်အိန်ရဲ့ ဆရာမ ဖြစ်ချင်တဲ့ အိမ်မက်ကို စိတ်ပျက်စေပါတယ်။
“Mask တွေတပ်ထားတော့ မောလာတယ်။ ဆရာမတွေ စာသင်တာလည်း သိပ်အားမရဘူး။ ကြားလည်းသိပ်မကြားဘူး။ face shield တွေလည်းတပ်တော့ ခေါင်းတွေမူးလာတယ်။ မြင်လည်း သိပ်မမြင်ရဘူး။ မုန်မုန်လည်းပဲမြင်ရတယ်။ ချွတ်ရင်လည်း ဆရာမတွေက ဆူတယ်။ မသိတာရှိရင်လည်း ဆရာမတွေကို ပြန်မေးလို့လဲ မရဘူး။”လို့ မခမ်အိန်က ပြောပါတယ်။
စာသင်ချိန်မလုံလောက်လို့ သင်ရိုးညွှန်းတမ်းရဲ့ ၂၀ရာခိုင်နှုန်းလောက်ကိုကျောင်းမှာ မသင်ကြားတော့ဘဲ၊ အိမ်တွင်လေ့လာတဲ့ပုံစံ (home base learning) အဖြစ် ပညာရေးဝန်ကြီးဌာနက ပြောင်းလဲသတ်မှတ်ထားပါတယ်။
အိမ်တွင် လေ့လာဖို့ သတ်မှတ်တဲ့ သင်ခန်းစာတွေကို နားမလည်ရင် မေးမယ့်သူမရှိလို့ အဆင်မပြေနိုင်ဘူးလို့ မခမ်အိမ်က ပြောပါတယ်။
“အိမ်မှာ လုပ်ရမယ့်ဟာတွေက နားမလည်ရင် ပြန်မေးမယ့်သူမရှိတော့ အဆင်ပြေမယ်မထင်ဘူး။ အထူးသဖြင့် ဓာတု၊ ရှုပ တွေဆို ပိုဆိုးတယ်။ သင်ပေးမယ့် ဆရာခေါ်ဖို့လည်း ပိုက်ဆံကမရှိဘူး။”လို့ ၎င်းက ပြေပါတယ်။
ကျောင်းသားအများစုကတော့ ကျောင်းပြန်ဖွင့်တာ ပျော်ရွှင်ကြပေမဲ့ ပုံစံသစ်ဖြင့် သင်ကြားမှုက သူတို့အတွက် အရင်လို သင်ကြားရတာ အဆင်မပြေဘူးလို့ တစ်ညီထဲဆိုကြပါတယ်။ အပြင်မှာနေရတာနဲ့ ကျောင်းဝင်းထဲ နေရတာ အတော်လည်း ကွာခြားသွားတယ်။
ဂျန်မိုင်ကောင် စိန်ပေါလ်စစ်ရှောင်စခန်းမှ မောင်ဆိုင်းဂွမ်ကလည်း “ကျောင်းဖွင့်တော့ ပျော်တယ်။ မဟုတ်ရင် တစ်နှစ်တောင် နောက်ကျသွားမယ်။ အိမ်မှာပဲနေရင်လည်း ပျင်းလာတယ်။ ဒါပေမဲ့ ခါတိုင်း နေ့တိုင်းသင်တာတောင် မပြီးတာ အခုလိုသင်တော့ သင်ခန်းစာတွေလည်း မပြီးနိုင်ဘူးထင်တယ်။”လို့ ၎င်းက ပြောပါတယ်။
ကချင်ပြည်နယ်မှာ အထက်တန်းအဆင့်သင်တဲ့ကျောင်းက (၁၉၄)ကျောင်းရှိပြီး ခေါင်လန်ဖူးမြို့နယ်က ဇန်ယော်နှင့် ရှိန်းခေါင် ကျောင်းနှစ်ကျောင်းကတော့ သတ်မှတ်ချက် (A)အဆင့် မမီသေးလို့ မဖွင့်နိုင်သေးကြောင်း ကချင်ပြည်နယ် ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့ကဆိုပါတယ်။ ကိုယ်ပိုင်ကျောင်းလည်း (၅၃)ကျောင်းရှိတဲ့ အထဲက ဝိုင်းမော်က ၎င်းတို့ကိုယ်တိုင် ကျောင်းမဖွင့်သေးကြောင်းစာတင်ထားပြီး ဖားကန့်က နောက်တစ်ကျောင်းက သတ်မှတ်ချက်အဆင့်မမီလို့ ဖွင့်ခွင့်မရသေးဘူးလို့ ပြောပါတယ်။
ဇူလိုင်လ ၂၇ရက်ထိ ကချင်ပြည်နယ် ကျောင်းသားဦးရေ သင်ရိုးသစ် Grade-10 (၁၉၂၉၇)ဦး၊ သင်ရိုးဟောင်း Grade-11 (၁၆၁၂၄)ရှိတယ်လို့ သိရပါတယ်။ အခုလက်ရှိတက်နေတဲ့ ကျောင်းသူကျောင်းသားတွေ အားလုံး ကျန်းမာရေး ကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။
“ကျန်းမာရေး အခြေအနေက သံသယရှိတဲ့လူနာ မရှိသေးဘူးဘူး။ အားလုံးအေးအေးဆေးဆေးနဲ့ပဲ သင်ကြားနေပါတယ်။ နှစ်ပတ်သုံးပတ်အတွင်း အေးအေးဆေးဆေးနဲ့အထက်တန်းတွေကို သင်ကြားနိုင်တယ်ဆိုရင် အလယ်တန်းတွေလည်း ဖွင့်လှစ်သွားဖို့ ညွန်ကြားထားပြီးသားဖြစ်တယ်။”လို့ ဆရာမကြီး ဒေါ်ခင်သန်းနွဲ့ ကဆိုပါတယ်။
ဘော်ဒါဆောင်တွေ ဘာသာရပ် သင်တန်းကျောင်းတွေကိုလည်း လူနေခွင့် စာသင်ခွင့် မပြုသေးဘူးလို့ ဆရာမကြီး ကဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာပိတ်ပင်ထားလို့ ကျောင်းပြန်ဖွင့်ချိန်မှာတော့ ငွေကြေးပညာရေးစရိတ်ကအစ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
“အခက်အခဲဆိုတဲ့နေရာမှာ အကုန်လုံးခက်ခဲတယ်။ ပိုက်ဆံလည်းတစ်ပြားမှမရှိဘူး။ ဟိုတလော ရောဂါမဖြစ်သေးခင် သူ့အစ်ကိုရှာထားတဲ့ ပိုက်ဆံတွေ နှစ်လအတွင်းသုံးလိုက်တယ်၊ တကယ်တစ်ပြားမှ မရှိဘူး။ ကျွန်မတို့ မိသားစုတွေ ဟိုရွှေဝါဆပ်ပြာတောင် မဝယ်နိုင်တဲ့အဆင့်ဖြစ်နေတယ်”လို့ ကျောင်းသူတစ်ဦးရဲ့မိဘ ဒေါ်ဘောက်ရာက ပြောပါတယ်။
သူ့သမီးအတွက် လွယ်အိတ် မဝယ်ပေးနိုင်သလို ကျောင်းစိမ်းကျောင်းဖြူတွေလည်း မဝယ်ပေးနိုင်သေးဘူးလို့ ဒေါ်ဘောက်ရာက ပြောပါတယ်။
စားဖို့ပူပန်ရသလို ကလေးရဲ့ပညာရေး တစ်ပိုင်းတစ်ဖြစ်သွားမှာကိုလည်း စိတ်ပူနေရပြီး တခြားတဘက်မှာ ကျောင်းမှာ ရောဂါဖြစ်မှာကိုလည်း စိုးရိမ်တယ်လို့ ဆိုပါတယ်။
“ကလေးတွေ ကျောင်းသွားတက်ရင် စိတ်ကိုမချမ်းသာဘူး။ ကျောင်းမှာ လူထွက်လူဝင်များသလား။ သူများအပေါင်းအသင်းသူငယ်ချင်းတွေ အဝေးမှာ သွားပြီးပြန်လာတာမျိုးရှိသလား။ အဲ့လိုမျိုးတွေ စိုးရိမ်ပါတယ်”လို့ ဂျန်မိုင်ကောင် စိန်ပေါလ်စစ်ရှောင်စခန်းမှ ကျောင်းသားတစ်ဦးရဲ့ မိခင်ကဆိုပါတယ်။
စစ်ဘေးရှောင်စခန်းမှာ လူအများနှင့်နေရလို့လည်း ပိုပြီးစိုးရိမ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံတွေ Covid-19 အတည်ပြုလူနာ ၃၅၅ ယောက်ရှိပြီး ကချင်ပြည်နယ်မှာ အတည်ပြုလူနာနှစ်ဦးတွေ့ခဲ့တာဖြစ်တယ်။ ၎င်းနှစ်ဦးစလုံးက ပြန်လည်ကောင်းမွန်သွားပြီး ဆေးရုံမှဆင်းသွားကြပြီဖြစ်ပါတယ်။ အခုနောက်ပိုင်း ပြည်ပသို့ခရီးသွား ရာဇဝင်ရှိသူတွေမှာ ရောဂါတွေ့ရှိမှုအချို့ရှိပြီး ပြည်တွင်းမှာတွေ့ရှိမှု မရှိလာတဲ့ အခြေအနေဖြစ်ပါတယ်။
ဆရာမတွေကလည်း တစ်နေကုန် mask တပ်ထားရပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ့် စည်းကမ်းချက်အရ မူလက စီစဉ်ထားတဲ့အတိုင်း မသင်နိုင်ဘူးလို့ ဆရာမတွေက ဆိုပါတယ်။
“face shield mask တပ်ပြီးသင်ရတော့ အားရပါးရ သင်လို့မရဘူး။ ကျောင်းသားတွေလည်း တုန့်ပြန်မှုအားနည်းတယ်။ ကလေးတွေလည်း အုပ်ထားရတော့ အားမရဘူး။ သိပ်လည်းမကြားဘူးနေမယ်။ ပူးပေါင်းပါဝင်လို့လဲ မရဘူး။ စနစ်သစ်က အဖွဲ့လိုက် ဆွေးနွေးတာက သိပ်အဆင်မပြေဘူး။”လို့ အထက်တန်းဆရာမ ဒေါ်အခေါန်က ပြောပါတယ်။
ပြီးတော့ ကျောင်းသားတွေကို home base learning တွေ ပေးတာဟာ အင်တာနက်တွေ သုံးရတာတွေလည်း ရှိသလို နာမလည်တာတွေလည်း ရှိမှာဖြစ်လို့ အဆင်သိပ်ပြေမယ်လို့ မထင်ကြောင်းလည်း ပြောပါတယ်။
သောက်ရေတောင် ကျောင်းသားများ မိမိကိုယ်မိမိ ယူဆောင်လာပြီး သောက်ရတယ်။ မယူလာတဲ့ ကျောင်းသားတွေက ရေသောက်ရတာ အဆင်မပြေမှုတွေ ဖြစ်ရတယ်။
ကျန်းမာရေးအတွက် အထူးပြင်ဆင်ပြီး ကျောင်းသားအရေအတွက် နည်းနည်းစီနဲ့ပဲ သင်တော့ အများကြီး စိုးရိမ်မှုတော့ မရှိကြောင်း ဆရာမတစ်ဦးက ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ ယခုနှစ်ပညာသင်နှစ်ဟာ နံပတ်(၁)ဟာ ကျန်းမာရေး ဖြစ်တယ်လို့ ထုတ်ပြန်ထားသလို ပြင်ဆင်မှုတွေပြုလုပ်ကာ ကျောင်းတွေကို ဖွင့်လာတာဖြစ်ပါတယ်။
ဒါပေမဲ့ စည်းကမ်းချက်တွေဟာ ကျောင်းဝင်းအတွင်းမှာသာဖြစ်နေပြီး ကျောင်းဝင်းပြင်ပရောက်သွားရင် ဆန့်ကျင်ဘက်ဖြစ်နေတာတွေ့ရပါတယ်။
“ရောဂါက အပြင်မှာ မရှိပဲ ကျောင်းမှာပဲ ရှိသလိုပဲ။”လို့ မခမ်အိန် မှတ်ချက်ချလိုက်ပါတယ်။
ကျောင်းဆရာမ ဖြစ်ချင်တဲ့ မခမ်အိမ်တစ်ယောက် “အရင်လို ကျောင်း လွတ်လွတ်လပ်လပ်တက်၊ မသိတာရှိရင် ဆရာမတွေကိုမေးလို့ရတဲ့ အခြေအနေ အမြန်ဆုံးရောက်ချင်တယ်။ Mask တွေတပ်ပြီး စာသင်နေရတဲ့ဘဝကနေ အမြန်ဆုံးလွတ်မြောက်ချင်တယ်။”လို့ ညည်းနေပါတယ်။