ကချင်နဲ့ ရှမ်းမြောက်ပိုင်းက တိုက်ပွဲနောက်ဆက်တွဲ အရပ်သားပြည်သူတွေရဲ့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုများ
- 17 February 2024 – Kachinwaves
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အနည်းဆုံး ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ သိန်းနီ၊ မဘိမ်း၊ မိုးမြိတ်နဲ့ လောက်ကိုင်မြို့တွေမှာလည်း အနည်းဆုံး ၁၁ ကြိမ် ဖြစ်ပွားခဲ့တာကို Kachinwaves ရဲ့ သတင်းစောင့်ကြည့်လေ့လာချက်အရ သိရပါတယ်။
အဆိုပါတိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ဆက်စပ်ပြီး အရပ်သားပြည်သူတွေရဲ့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုတွေကိုလည်း တွေ့နေရပါတယ်။
ကချင်ပြည်နယ်
လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်းနင်းမိခြင်းတွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူ (၂၁) ဦး၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရမှုဖြစ်စဉ် (၃) ခုအထက် ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ (၉) ဦးအထိရှိခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်တွေကြောင့် အရပ်သားလူအနေအိမ်များ၊ စာသင်ကျောင်းများနဲ့ ဘာသာရေးအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးမှုရှိခဲ့တာကို တွေ့ပါတယ်။
ဒါ့အပြင် ဖားကန့်မြို့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ (၄) ဦးရှိခဲ့တာကို တွေ့ရပါတယ်။ ဖားကန့်မြို့အရင်ကတည်းက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်မှုအများဆုံးတွေ့ရှိရတဲ့ မြို့ဖြစ်ပါတယ်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်မိုးမြိတ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာမှာ KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ အရပ်သား (၇၈) ဦး သေဆုံးခဲ့ပြီး (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကိုတွေ့ရပါတယ်။ ဒါ့အပြင် နေအိမ်တွေနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
အခုတင်ပြချက်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းသတင်းတွေကို တင်ပြနေတဲ့ သတင်းမီဒီယာတချို့ရဲ့ သတင်းဖော်ပြချက်တွေကို အခြေခံပြီး ဆန်းစစ်တင်ပြထားခြင်း ဖြစ်ပါတယ်။