ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ဆက်နွယ်နေသည့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ
HR-Feb.
8 March 2024 – Kachinwaves
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကချင်ပြည်နယ်အတွင်း ဖားကန့်၊ မိုးညှင်း၊ မိုးမောက်၊ မံစီ၊ ဗန်းမော်မြို့နယ်များတွင် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နှင့် မဘိမ်းမြို့များတွင်လည်း စစ်ကောင်စီတပ်၏ စစ်ကြောင်းလှုပ်ရှားမှုများ ရှိခဲ့သည်ကို Kachinwaves ၏ သတင်းစောင့်ကြည့်လေ့လာချက်အရ တွေ့ရသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားမှုများနှင့် ဆက်စပ်၍ အရပ်သားပြည်သူများ လူ့အခွင့်အရေး ထိခိုက်နစ်နာခံရသည့် ဖြစ်စဉ်များကိုလည်း တွေ့ရသည်။
ကချင်ပြည်နယ်
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လက်လွတ်စပယ်ပစ်ခတ်မှု၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုနှင့် မြေမြုပ်မိုင်းနင်းမိခြင်း စသည့်ဖြစ်စဉ်များကြောင့် အရပ်သားသေဆုံးသူ (၁၆)ဦးအထိရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူလည်း (၁၃) ဦးအထိ ရှိခဲ့ပါသည်။
သေဆုံးသူများတွင် (၁၀) နှစ်အောက် ကလေး (၂) ဦးပါဝင်ပြီး စာသင်ကျောင်းတွင် စာမေးပွဲဖြေဆိုနေစဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ဖြစ်ပါသည်။ ထို့အပြင် မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ ကာမိုင်းမြို့အနီးတွင် ရွာသား (၄) ဦး လမ်းမကြီးပေါ်တွင် သေဆုံးနေသည့် ဖြစ်စဉ်ရှိခဲ့သည်။
ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည့် မြို့နယ်မှာ ဖားကန့်ဖြစ်သည်။ အရပ်သားလူအနေအိမ်များ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ မံစီနှင့် ဖားကန့်မြို့နယ်များ ဖြစ်သည်။
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရ၍ သေဆုံးမှုဖြစ်ခဲ့ပြီး ဝိုင်းမော်မြို့နယ်တွင် မြေမြုပ်မိုင်းနင်းမိသောကြောင့် အရပ်သားသေဆုံးမှု ဖြစ်ခဲ့သည်။ စာသင်ကျောင်းထိခိုက်ပျက်စီးမှုရှိခဲ့သည့် မြို့နယ်မှာ မံစီမြို့နယ် ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း
ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးပြုလုပ်မှု အကြောင်းပြချက်ဖြင့် စစ်ရှောင်ရာမှ ပြန်လာသည့် ရွာသား (၅) ဦးအား ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူအချို့ကို ဖမ်းဆီးခဲ့ပြီး မိုးမိတ်မြို့မှ အရပ်သားနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ပါသည်။
ယခုတင်ပြချက်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းများကို တင်ပြနေသည့် သတင်းမီဒီယာအချို့၏ သတင်းဖော်ပြချက်များကို အခြေခံပြီး ဆန်းစစ်တင်ပြထားခြင်း ဖြစ်ပါသည်။