စစ်ကောင်စီက ဖားကန့်မှာ မကြာခဏ လေကြောင်းနဲ့ ပစ်ခတ်နေ
–
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်မောတောင်ဘက် မနေ့က ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“လေယာဥ်နဲ့အပေါ်ကနေ ပစ်တာတွေ့တယ်။ မှော်မောလယန်ဘက် ပစ်တာဟုတ်တယ်။ ဖုန်းလိုင်းမရတော့ ပြည်သူတွေ ထိခိုက်တာရှိမရှိတော့ မသိရသေးဘူး။”လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ မှော်မောလယန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး (၂) ဦး သေဆုံးမှုရှိခဲ့ပြီး၊ နိုဝင်ဘာ ၁၃ ရက်ကလည်း ဖားကန့်မြို့ပေါ်မှာ လေကြောင်း ပစ်ခတ်မှုရှိခဲ့တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ ဘုရားကျောင်းမှာလည်း ဒီနိုဝင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ကလေး (၇) ယောက်အပါအဝင် အရပ်သား (၉) ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။