NUG က PDF နဲ့ ပကဖ ၆ ဦးကို အပြစ်ပေးအရေးယူ
–
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က PDF ရဲဘော်နှစ်ဦးနဲ့ ပကဖ ရဲဘော် (၄) ဦးတို့ကို ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနဲ့ အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနစ်၊ အောက်တိုဘာလမှာ PDF နဲ့ ပကဖ (၆) ဦးကို လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူ ဆောင်ရွက်ခဲ့ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြစ်မှုကျူးလွန်ခဲ့သူတွေကို အကျဉ်းစစ်တရားရုံးနဲ့ စစ်ဆေးခဲ့ပြီးနောက် PDF နှစ်ဦးကို ထောင်ဒဏ်၊ ပကဖ အဖွဲ့ဝင် (၄) ဦးမှ တစ်ဦးကိုရာထူးမှ ထုတ်ပယ်ခြင်း၊ နှစ်ဦးကို တာဝန်မှ (၆) လ ယာယီရပ်ဆိုင်းခြင်း၊ တစ်ဦးကိုစာနဲ့သတိပေး အရေးယူခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အပြစ်ပေးအရေးယူခံရသူတွေဟာ ဘာအပြစ်တွေကျူးလွန်ခဲ့ပြီး ဘယ်တပ်ရင်း၊ မြို့နယ်ကဖြစ်ကြောင်းကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါ။
တော်လှန်ရေး ရဲဘော်တွေထဲက ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားပြီး စစ်ဆေးနေတာတွေလည်း ရှိသလို အမှန်တကယ် ထောင်ချတာပါလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
“ဆက်လက်ပြီး စစ်ဆေးနေတာတွေ ရှိတယ်။ ထောင်ကတော့ အတည်ချတာပါ။ လိမ်လို့ မရဘူးလေ။ မြို့နယ်တိုင်းမှာ ရိုးရိုးအချုပ်နဲ့ ထောင်ရှိတယ်။ တပ်တွေမှာလည်း အချုပ်ရှိတယ်လေ။ နေရာကတော့ သက်ဆိုင်ရာလူတွေပဲ သိမယ်။”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဝက်လက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ သမီးရည်းစားချင်း စကားများရာမှ ချစ်သူကောင်မလေးကို ပစ်သတ်ခဲ့တဲ့ PDF ရဲဘော်ကို NUG က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ပါတယ်။