ပုလဲမြို့ကို နှစ်ရက်ထိန်းသိမ်းပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးကာ တပ်ဆုတ်ခဲ့ရ
–
စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲမှာ မြို့ကိုနှစ်ရက်သာ ထိန်းထားနိုင်ခဲ့ပေမဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း (၂၅) ဦးကိုလည်း ဖမ်းမိတယ်လို့ ဗမာ့အမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းသာလွန်အင်အားနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်းနဲ့ပဲ စစ်ကူတွေ ပို့ခဲ့တာကြောင့် မြို့ကိုထိန်းထားပြီးမှ တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ ပုလဲဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မူလ ခွေးအင်အား (၆၀) လောက်ပဲ ရှိတာ။ ရဲစခန်း၊ ထွေအုပ်ရုံး၊ အ.ထ.က တို့မှာ အဓိက တပ်စွဲတာ။ ထွေအုပ်ရုံးထဲ (၃၀) ကျော်လောက်ကျန်ပြီး၊ နောက်ဆုံးအခြေအနေ စစ်အုပ်စုက လေကြောင်းတွေနဲ့ မတရားဖိပြီး စစ်ကူတွေလည်း ပို့တာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတာ”လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေး ကလခတို့မှ လေကြောင်းပစ်ကူ အကြိမ်ရေ (၇၀) ကျော်ပစ်ခတ်ခဲ့ပြီး၊ စစ်ကူအင်အား (၁၀၀) ကျော်လောက်ကို လေကြောင်းနဲ့ပဲ (၄) ကြိမ် ပို့ခဲ့တယ်လို့ BNRA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ဆင်ရေးအတွင်း MA1 (၅) လက်၊ MA2 (၂) လက်၊ MA3 (၄) လက်၊ MA4 ထောက်တွဲ (၁) လက်၊ G3 (၆) လက်၊ G4 (2) လက်၊ ပစ္စတို MA5 (၁) လက်၊ M9 ဗုံးသီး (၆၀) လုံး၊ လက်ပစ်ဗုံး (၂) လုံး၊ တိုက်မိုင်း (၃) လုံး၊ နင်းမိုင်း (၁) လုံး၊ လက်ပစ်စနစ်တံ (၆) ခု၊ တိုက်မိုင်ဖြူး (၃) ခု၊ G3 ကျည်နဲ့ ကပစ ၅.၅၆ ကျည် အများအပြား၊ G3 ကျည်ဘောက်အပို (၄) ဘောက်၊ MA အပိုကျည်ဘောက် (၂၉) ဘောက် တို့ကို သိမ်းဆည်းရမိခဲ့ပြီး၊ စစ်သုံ့ပန်း (၂၅) ယောက်တို့ကို ဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း BNRA ရဲဘော် (၉) ဦးကျဆုံးကာ (၁၀) ဦး ဒဏ်ရာရရှိခဲ့ပြီး GZA တပ်ဖွဲ့ ရဲဘော်တစ်ဦးလည်း ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုလဲမြို့သိမ်းတိုက်ပွဲကို ဗမာ့အမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) နဲ့ အညာဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Generation Z Army (GZA)၊ Southern Yesagyo (SYSO) တို့က ပူးပေါင်းဆင်နွှဲခဲ့ကြပြီး ချင်းညီနောင်စစ်ဆင်ရေး (CB Operation) အဖွဲ့နဲ့လည်း ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။