မန္တလေး – ကသာပြေးဆွဲနေတဲ့ ငွေအိုးမန်း ခရီးသည်ကား (၃) စီး စကစ ရဲ့ ဒရုန်းဗုံးထိမှန်လို့ (၅) ဦးသေဆုံးပြီး၊ (၁၀) ဦးဒဏ်ရာရ
–
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန္တလေး – မြစ်ကြီးနား ကားလမ်းပေါ်က ဘူးကုန်းရွာအနီးမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အခွန်ကောက်ခံတဲ့ စုပေါင်းဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ခရီးသည်ကားတွေ ထိမှန်ခဲ့ပြီး ကာကွယ်ရေးရဲဘော်တွေနဲ့ ခရီးသွားပြည်သူတွေ ဗုံးစထိမှန် သေဆုံးသူရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီကနေ့ မနက် ၇ နာရီခွဲလောက်နဲ့ ၈ နာရီခွဲလောက်မှာ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ သကြားစက်အထိုင်မှာရှိတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတွေက ဒရုန်းနဲ့ ဗုံးသီး ၅ လုံး ကြဲချခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မနက် ၇ နာရီခွဲလောက်မှာ ၈၁ မမ ဗုံးသီး (၃) လုံး၊ ၈ နာရီ မိနစ် ၂၀ မှာ နောက်ထပ် နှစ်လုံး။ စုစုပေါင်း ဗုံးသီး (၅) လုံးကြဲသွားတာ။ အဲ့ဂိတ်က အမြဲတမ်းရှိ မနေဘူး။ တခါတရံမှထွက်တာ။ ခရီးသည်ကားတွေ ဂိတ်မှာအတန်းလိုက် ရှိနေတဲ့အချိန် ကြဲချသွားတာ”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချမှုကြောင့် မန္တလေးနဲ့ကသာပြေးဆွဲနေတဲ့ ငွေအိုးမန်း ခရီးသည်ကား (၃) စီးပျက်စီးသွားပြီး၊ ကားပေါ်ပါလာတဲ့ ခရီးသည် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူကာ၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် (၂) ဦးလည်း ကျဆုံးခဲ့ပြီး၊ ခရီးသွားပြည်သူ (၁၀) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် မန္တလေး – မြစ်ကြီးနား ဗျူဟာလမ်းပေါ်မှာရှိတဲ့ ရေရှင်ကျေးရွာ၊ အောင်လည်တိုင်ကျေးရွာနဲ့ မင်နီမှန်ကျေးရွာတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ ကလေးငယ်တွေအပါအဝင် ရွာသားတွေနဲ့ ခရီးသွားပြည်သူတွေ (၆) ယောက်သေဆုံးခဲ့ပြီး၊ (၇) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။