ရေဦးမှာ စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်းပေး
–
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်ကောင်စီတပ်က လူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ရေဦးမြို့ပေါ်က ရပ်ကွက်တွေထဲ ညပိုင်းတွေမှာ ကားတွေနဲ့ ပတ်ဝင်ပြီး ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်နေတာဖြစ်တယ်လို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။
“နေ့ခင်းဘက်မှာ လူငယ်တွေလည်း မြို့ထဲကို အသွားအလာ မလုပ်ရဲကြတော့ဘူး။ နေ့ခင်းပိုင်း မြို့ထဲအသွားအလာရှင်းတော့ ဆွဲလို့မရဘူးလေး။ ညပိုင်းတွေမှာပဲ ရပ်ကွက်တွေထဲ ကားတွေနဲ့ပတ်ဝင်ပြီး လမ်းကြားတွေပိတ်ဆို့ ဖမ်းဆီးတာတွေလုပ်နေတာ”လို့ ကိုထူးခန့်ဇော် ဆိုပါတယ်။
လက်ရှိအချိန်ထိ ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက်က လူငယ် (၁၈) ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး၊ ဇီးခြံရပ်ကွက်က လူငယ် (၁၁) ဦးနဲ့ ရွှေပြည်သာရပ်ကွက်၊ ဗိုလ်အောင်ဇေယျရပ်ကွက်က စုစုပေါင်း လူငယ် (၃၀) ကျော် ဖမ်းဆီးခံထားရတယ်လို့ ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားသူတွေရဲ့ မိသားစုဝင်တွေကို ဆန်နဲ့ ထောက်ပံ့ကြေးငွေ ပေးတာတွေလည်းရှိပြီး၊ သင်တန်းဆင်းပြီးသူတွေက ပြည်သူတွေကို ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ မြို့ခံတစ်ဦးကလည်း ပြောပါတယ်။
“တချို့လူငယ်တွေက ဆန်ပေးလို့၊ ပဲပေးလို့၊ ငွေပေးလို့ဆိုပြီး လိုလိုလားလားနဲ့ သင်တန်းတက်တဲ့သူတွေရှိသလို သင်တန်းဆင်းပြီး၊ သူတို့ (စကစ) ဘက်ပါတဲ့ လူငယ်တချို့ကိုလည်း လက်နက်အတိုတွေ တပ်ဆင်ပေးထားတယ်လို့ သိရတယ်။ စစ်သင်တန်းတက်ပြီး လက်နက်အတို ကိုင်ထားကြတဲ့ ကောင်တွေကလည်း မြို့ပေါ်နေပြည်သူတွေကို ခြိမ်းခြောက်ရန်လုပ်တာတွေ ရှိနေတယ်။ တချို့လူငယ်တွေကတော့ မိသားစုကိုငဲ့ပြီး၊ ဘေးလွတ်ရာလည်း မရှောင်နိုင်ကြတော့ ဆန္ဒမပါလည်း သူတို့ခေါ်တဲ့ဘက် ပါသွားကြတာတွေလည်း ရှိတာပေါ့။”လို့ မြို့ခံသတင်းရင်းမြစ်က ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်တွေကို ရေဦးတိုင်းရင်းဆေးရုံနဲ့ အထက (၁) စာသင်ကျောင်းတွေမှာ ထိန်းသိမ်းထားပြီး၊ စစ်သင်တန်းပေးသွားမှာဖြစ်သလို နိုဝင်ဘာလကလည်း တိုင်းရင်းဆေးရုံမှာပဲ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သေးတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။