ချစ်သူတွေကိုသွားတွေ့တဲ့ အိမ်ထောင်ရှင် ဒုတပ်ကြပ်နဲ့ ပျူစောထီး လမ်းမှာဖမ်းဆီးခံရ
–
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချင်းမြစ်ကျင်း (ပျူစောထီးရွာ) ကနေ ဇီးကုန်းမြို့ရှိ ချစ်သူတွေကို သွားတွေ့တဲ့ စစ်ကောင်စီဒုတပ်ကြပ်တစ်ဦးနဲ့ ပျူစောထီးတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ကာကွယ်ရတပ်ဖွဲ့တွေက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီဒုတပ်ကြပ်နဲ့ ပျူစောထီးတို့နှစ်ဦးဟာ အိမ်ထောင်ရှိသူတွေဖြစ်ကြပေမဲ့ ဇီးကုန်းမြို့မှာ သွားတွေ့အမျိုးသမီးသူတွေဟာ ၎င်းတို့ရဲ့ မိန်းမတွေမဟုတ်ကြောင်း သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ဇီးကုန်းမြို့ သကြားစက်ရုံအနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး၊ ဖမ်းဆီးခံရသူနှစ်ဦးဟာ ချင်းမြစ်ကျင်း (ပျူစောထီးရွာ)မှာ တာဝန်ကျနေတဲ့ အသက် (၄၅) နှစ်အရွယ် ဒုတပ်ကြပ် ကျော်မင်းနိုင်နဲ့ အသက် (၂၇) နှစ်အရွယ် ပျူစောထီး ဝေဖြိုးအောင်တို့ ဖြစ်တယ်လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“သူတို့က ကောင်မလေးနဲ့ ဇီးကုန်းမှာ လာတွေ့တာနဲ့ သတင်းရလို့ သွားစောင့်နေတဲ့အချိန် ဖမ်းဆီးရမိခဲ့တာ။”လို့ ဆိုပါတယ်။
ပျူစောထီးကို ဖမ်းဆီးချိန် အသာတကြည် အစစ်ဆေးခံပြီး ဖမ်းဆီးခဲ့ပေမဲ့ ဒုတပ်ကြပ်တစ်ဦးကတော့ ကာကွယ်ရေးအဖွဲ့တွေကို လက်ပစ်ဗုံးနဲ့ ခုခံလို့ လုံးထွေးပြီး ဖမ်းဆီးခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီဒုတပ်ကြပ် ကျော်မင်းနိုင်ဟာ ကျောက်ပန်းတောင်းကဖြစ်ပြီးတော့ လုပ်သက် (၂၅) နှစ်နဲ့ ချင်းမြစ်ကျင်းမှာ တာဝန်ကျတာ (၇) လရှိပြီဖြစ်ပြီး၊ ပျူစောထီး ဝေဖြိုးအောင်ကတော့ တန့်ဆည်နယ်ဇာတိဖြစ်ကာ တာဝန်ထမ်းဆောင်နေတာ (၁) နှစ်ရှိပြီလို့ သိရပါတယ်။
ဖမ်းဆီးခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ KBU – တောလေးအဖွဲ့နဲ့ ကာဘိုးတိုက်နယ် ပကဖ လှုပ်ရှားအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ပေါ် အရက်ဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ်တစ်ဦးကို KBU – တောလေးအဖွဲ့နဲ့ ခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့တွေက ပစ်သတ်ခဲ့ပါသေးတယ်။