စစ်ကောင်စီတပ်နှင့် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့၏ စခန်းတစ်ခုကို KIA နှင့် KPF သိမ်းပိုက်
–
လက်နက်ချ အလင်းဝင်ရန် ညှိနှိုင်းခဲ့သော်လည်း လက်နက်မချသည့် ခေါင်လန်ဖူးမြို့နယ်မှ အမာခံစစ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဒီဇင်ဘာ ၁၄ ရက်နေ့ည ၁၂ နာရီအထိ စောင့်ပေးသော်လည်း အလင်းမဝင်လာသည့်အတွက် ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်အစောပိုင်းမှာ လာဟီဆင် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး၊ ညနေပိုင်းတွင် သိမ်းဆည်းရမိခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။
“ဆွေးနွေးတယ်။ အဲ့တာမရတဲ့အဆုံးမှာတော့ ကျွန်တော်တို့က တိုက်ပြီးတော့မှ ညနေ ၅ နာရီခွဲမှာ စခန်းသိမ်းရတာ ဟုတ်တယ်။”ဟု KPF ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စခန်းကို KIA နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း သုံ့ပန်းများ ဖမ်းဆီးရရှိခဲ့ပြီး ထွက်ပြေးသွားသူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း ပြောဆိုသည်။
သိမ်းဆည်းခဲ့သည့်စခန်းမှာ ခေါင်လန်ဖူးမြို့နယ်မှ မိုင်ပေါင်း (၆၀) ကျော်ကွာဝေးသော ဒထိန်ဇင်ရွာအထက်တွင် အထိုင်ချထားသည့် အမာခံစစ်စခန်းဖြစ်ပြီး၊ ဦးတန်ဂူးတန် ခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ် ပူးပေါင်းအထိုင်ချသည့် စခန်းဖြစ်ကြောင်း သိရှိရသည်။