အရာတော်မြို့နယ်တွင် မြေလတ်အသံသတင်းဌာန၏ အမျိုးသမီးသတင်းထောက်နှင့် transgender အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက အင်တာနက်ဆိုင်၌ ရိုက်နှက်ခဲ့
–
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် မြေလတ်အသံသတင်းဌာန၏ အမျိုးသမီးသတင်းထောက် မငြိမ်းချမ်းစုကြည်နှင့် transgender အမျိုးသမီး သော်သော်တို့နှစ်ဦးကို ဝင်းကျော်ဆိုသူ အမျိုးသားတစ်ဦးက အင်တာနက်ဆိုင်တွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း မြေလတ်အသံသတင်းဌာနက ထုတ်ပြန်သည်။
မငြိမ်းချမ်းစုကြည်နှင့် သော်သော် တို့က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပိုင်ဆိုင်သည့် အင်တာနက်ဆိုင်တွင် ယမန့်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီခန့်၌ အင်တာနက်သုံးစွဲပြီး အလုပ်လုပ်နေစဥ် ဝင်းကျော်ဆိုသူ အမျိုးသားက ရောက်လာပြီး၊ စကားပြောဆိုရာ ဝင်းကျော်က ၎င်း၏စကားကို မလေးမစား လုပ်သည်ဟုဆိုကာ အမျိုးသမီးနှစ်ဦးကို နှုတ်ဖြင့်ဆဲရေးတိုင်းထွာသည့်အပြင် ရိုက်နက်ခဲ့ကြောင်း မြေလတ်အသံသတင်းဌာနက ထုတ်ပြန်သည်။
အခင်းဖြစ်စဥ်အတွင်း အနီးအနားတွင် ဒေသကာကွယ်ရေး ရဲဘော်များရှိခဲ့သော်လည်း တာဆီးခဲ့ခြင်း မရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းနှင့် သက်ဆိုင်ရာအဖွဲ့များအနေဖြင့် တရားမျှတမှုရှိရှိ ဆောင်ရွတ်ပေးရန် မြေလတ်အသံသတင်းဌာနက မေတ္တာရပ်ခံ တောင်းဆိုထားသည်။
ထို့အပြင် ဝင်းကျော်ဆိုသူသည် အရာတော်မြို့နယ်တွင် စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပြီး၊ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း နီးစပ်သူဖြစ်သဖြင့် ရိုက်နှက်ခံရသူအမျိုးသမီးနှစ်ဦး၏ လုံခြုံရေးအတွက်လည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ချက်၌ တွေ့ရှိရသည်။