ဗန်းမောက်မှာ SNA က စစ်မှုထမ်းဖို့ ရပ်ကွက်တစ်ခု လူ (၃၀) တောင်းနေတယ်လို့ပြော
–
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ ရှမ်းနီတပ်မတော် (SNA) က စစ်မှုထမ်းဖို့အတွက် ရပ်ကွက်တစ်ခုကို လူ (၃၀) တောင်းနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မနေ့က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ SNA အင်အား (၄၀) လောက်နဲ့အတူ ရပ်ကွက်လူကြီးတွေက ပြည်သူတွေကို အစည်းဝေးခေါ်ပြီး စစ်မှုထမ်းဖို့ပြောဆိုကြောင်း ထွက်ပြေးလာတဲ့ ဗန်းမောက်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မနေ့က မြို့မရပ်ကွက်က ဇရပ်မှာ ရပ်ကွက်လူကြီးတွေနဲ့ ပြည်သူတွေကိုခေါ်ပြီး အစည်းဝေးလုပ်တာ။ SNA က အင်အားအတော်များတယ်။ ပြီးတော့ အိမ်ထောင်စုဇရားတွေတောင်းပြီး စစ်တယ်။ ယောက်ျားလေးတွေ ပါတယ်ဆို အဲ့ထဲကမှ အသက် ၁၈ နဲ့ ၄၀ နှစ်ကြားအရွယ်၊ အမျိုးသားတွေကို တစ်ရပ်ကွက်ကို (၃၀) စီ ပေးရမယ်ဆိုပြီး ပြောတာ။”လို့ ဗန်းမောက်မြို့ခံ အမျိုးသားက ဆိုပါတယ်။
စစ်ကောင်စီနဲ့ SNA တပ်တွေဟာ ပထမဦးဆုံးအနေနဲ့ လွှစင်ကုန်းရပ်ကွက်က လူငယ် (၃၀) ကိုတော့ စစ်မှုထမ်းဖို့ မနေ့က အစည်းဝေးစလုပ်တဲ့ရက်မှာပဲ ဖမ်းဆီးသွားပြီလို့လည်း ပြောပါတယ်။
“လွှစင်ကုန်းရပ်ကွက်တစ်ခုပဲ ပါသွားသေးတယ်။ မနေ့က (ဒီဇင်ဘာ၁၆) ရက်နေ့ကပဲ စပြီးတော့ ကောက်တာပေါ့။”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဗန်းမောက်မြို့မှာတော့ မြစ်သေးချင်း၊ မြနန္ဒာရပ်ကွက်၊ အောင်သာကုန်း၊ လွှစင်ကုန်း၊ ပုဇွန်တောင်နဲ့ မြို့မရပ်ကွက်တို့ရှိပြီး လက်ရှိမှာတော့ အဲ့ဒီရပ်ကွက်ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။