ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက် စစ်ဆေးခဲ့
–
တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူးမြို့ကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် သွားရောက် တွေ့ဆုံ အားပေးခဲ့သည်။”လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ အောက်တိုဘာ (၁၅) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့မှာ စတင်ခဲ့ရာ (၅၄) ရက်အကြာ အောက်တိုဘာ ၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရပါတယ်။
ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သိမ်းပိုက်ရရှိထားတဲ့ ပင်လည်ဘူးမြို့ကို ဝင်ရောက်စစ်ဆေးခြင်းနဲ့ လက်နက်ချ အညံ့ခံပူးပေါင်းလာတဲ့ စစ်သုံ့ပန်းတွေကို တွေ့ဆုံခြင်းတွေလည်း ဆောင်ရွက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။