သီပေါမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီမိသားစုဝင်တွေကို TNLA ပြန်လွတ်ပေး
–
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အခြေစိုက် ခမရ (၅၀၃) နဲ့ (၅၀၄) တပ်စခန်းတွေမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် (၁၉၁) ဦးကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ပြန်လွတ်ပေးခဲ့တယ်လို့ TNLA က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
၎င်းတို့ လွတ်ပေးခဲ့တဲ့ တပ်မိသားစုဝင်တွေဟာ သီပေါနဲ့ မိုင် (၅၀) လောက်သာဝေးတဲ့ မိုင်းရယ်မြို့ကို ရောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ လွတ်ပေးခဲ့တဲ့ စစ်ကောင်စီတပ်မိသားစုဝင်တွေဟာ စက်တင်ဘာ ၂၆ ရက်နေ့မှာ ခမရ (၅၀၃) တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့စဉ် ဖမ်းဆီးခံခဲ့ရတဲ့ အိမ်ထောင်စု (၃၈) စုရှိ၊ ကျား (၁၁) ဦး၊ မ (၄၈) ဦး၊ ကလေး (၄၃) ဦး စုစုပေါင်း တပ်မိသားစုဝင် (၁၀၂) ဦးနဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ခမရ (၅၀၄) တပ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့စဉ် ဖမ်းဆီးခံခဲ့ရတဲ့ အိမ်ထောင်စု (၃၄) စုရှိ၊ ကျား (၁၆) ဦး၊ မ (၃၉) ဦး၊ ကလေး (၃၄) ဦး စုစုပေါင်း တပ်မိသားစုဝင် (၈၉) ဦးတို့ဖြစ်ကြောင်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့မှာလည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်မိသားစုဝင်တွေကို ပြန်လွတ်ပေးခဲ့ပြီး ကား (၄) စီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
TNLA ဘက်က လွတ်ပေးခဲ့တဲ့ စစ်ကောင်စီတပ်မိသားစုဝင်တွေဟာ မိုင်းရယ်မြို့ပေါ် (၃၂၅) တပ်ရင်းထဲကို ရောက်ရှိလာခဲ့ပြီလို့ မိုင်းရယ်ဒေသခံ အမျိုးသားက ပြောပါတယ်။
“သီပေါကို TNLA က သိမ်းလိုက်တာ အဲ့လူတွေက အလံဖြူထောင်ပြီ မိုင်းရယ်ပြေးလာတာ။ အခုမြို့ပေါ်က (၃၂၅) တပ်ထဲမှာ။ အင်အားတော့မသိရဘူး။”လို့ ပြောပါတယ်။
သီးပေါမြို့နယ်မှာ နောက်ဆုံး လက်ကျန်စခန်းဖြစ်တဲ့ အမှတ် (၂၃) ခြေလျင်တပ်ရင်းကို မနေ့က အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် မြို့ကိုအလုံးစုံ ထိန်းချုပ်နိုင်ကြောင်း သိရပါတယ်။