စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၊ လေကြောင်းနဲ့ ပစ်နေလို့ ငါန်းဇွန်မြို့နယ်ထဲက ပြည်သူတွေ ထွက်ပြေးနေရ
–
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လေကြောင်းနဲ့ပစ်နေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးစံပြကျေးရွာဘက်ရှိ ကျေးရွာတွေဖြစ်တဲ့ နံ့သာရွာနဲ့ မိုးတောင်ရွာဘက်ကို တံတားဦးတက် ဂျက်ဖိုက်တာနဲ့ (၃) ကြိမ်လာကြဲပြီး၊ စစ်အင်အား (၃၀၀) ကျော်လောက်နဲ့ မြေပြင်စစ်ကြောင်း ထိုးခဲ့တာကြောင့် ပြည်သူတွေထွက်ပြေးခဲ့ရတာလို့ CDSOM ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦး – မြောင်က ပြောပါတယ်။
“လေယာဉ်နဲ့ (၃) ကြိမ်လာကြဲသွားတယ်။ သူတို့က အတွဲလိုက်၊ အတွဲလိုက်ကြဲတာဆိုတော့ အလုံးရေတော့ များမယ်။ စက်သေနတ်တွေနဲ့ရော လာပစ်သွားတယ်။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ကြဲပြီး စစ်ကြောင်းထိုးမှုတွေကြောင့် နံ့သာရွာနဲ့ ဒေသအခေါ် ရွာပေါင်း (၆) ရွာနဲ့စုစည်းထားတဲ့ မိုးတောင် (၆) ကျေးရွာအုပ်စုထဲပါဝင်တဲ့ ဒုံဒင်၊ ရွာသာအေး၊ ရွှေလည်၊ လည်ကျင်းဦး၊ မိုးတောင်ကျောင်းမြောက်ရွာနဲ့ ရွာမ စတဲ့ အိမ်ခြေ (၁၂၀၀) ကျော်လောက်ရှိတဲ့ရွာတွေထဲက ပြည်သူ ၅ ထောင်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မနက်ကတည်းက နီးစပ်ရာရွာတွေမှာ ရှောင်နေကြရတာ အခုချိန်ထိပဲ။ စစ်သားတွေက ကျွန်မတို့ရွာ (ဒုံဒင်) မှာ ရောက်နေတာ။ အဲ့ဒီက ကုန်စုံဆိုင်တွေ၊ အဆောက်ဦးကောင်းတဲ့ တိုက်အိမ်တွေမှာ နေကြတာ။ စစ်ကြောင်းထဲ ဆုံရွာက ပျူ(စောထီး) တွေများတယ်။ သူတို့ကနေပြီး ဦးဆောင်ပြီးတော့ ရွာတွေပတ်မွှေနေတာ။”လို့ ပြောပါတယ်။
မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီနဲ့ ညနေခင်း ၆ နာရီမှာ မိုးတောင် (၆) ရွာဘက်ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်ဝင်တိုက်ခဲ့ပြီး၊ ဒီကနေ့လည်း ထပ်မံတိုက်ခိုက်ခံရမှာစိုးလို့ လေယာဉ်နဲ့ လာကြဲတာလို့ ကိုနွေဦး – မြောင်က ပြောပါတယ်။
“သူတို့ (စကစ) စစ်ကြောင်းနဲ့က ငါန်းမြာကြီးကနေ မိုးတောင်ရွာဘက် လာတဲ့လမ်းမှာ ထိတွေ့မှုဖြစ်လိုက်သေးတယ်။ ဒီနေ့မှာလည်း သူတို့ (စကစ) တွေ မိုးတောင်ဘက် စစ်ကြောင်းထွက်ခဲ့ပြီး ရွာထဲတွေရောက်တဲ့အခါ တိုက်ခံရမှာစိုးလို့ ရွာပတ်ပတ်လည်တွေကို လေယာဉ်နဲ့ လာကြဲခဲ့တာဖြစ်တယ်။”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်က ငါန်းမြာကြီး နယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ စစ်သုံ့ပန်း (၇) ဦးနဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့ပြီး၊ အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်က ငါန်းမြာကြီးဘက်က ကျေးရွာလေးတွေကို စစ်ကြောင်းထိုးသလို လေယာဉ်နဲ့လည်း ဆက်တိုက်ဗုံးကြဲတာတွေ လုပ်နေခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ငါန်းမြာကြီးရွာကို စက်တင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ စစ်ကောစီတပ်က လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁၂) ဦး သေဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။