အမှတ် (၁၀၀၂) လုပီနယ်ခြားစောင့်တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်
–
ကချင်ပြည်နယ်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါမြို့နဲ့ ဆယ်မိုင်လောက်တာဝေးတဲ့ အမှတ် (၁၀၀၂) လုပီ နယ်ခြားစောင့်တပ်စခန်းကို ဒီကနေ့ ညနေပိုင်းမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ပြီလို့ သတင်းရရှိပါတယ်။
လုပီစခန်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ပန်ဝါဒေသက သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ချီဖွေမြို့နယ် ပန်ဝါမြို့နယ်ခွဲ လုပီကျေးရွာမှာ အခြေစိုက်တဲ့ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ကို အောက်တိုဘာ ၉ ရက်နေ့ကတည်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါစခန်း မကျရေးအတွက် စစ်ကောင်စီက လေကြောင်းနဲ့ပစ်ကူပြီး ခုခံခဲ့တယ်လို့လည်း သိရှိရပါတယ်။
အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဟာ ၂၀၀၉ ခုနှစ်က ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ကို အသွင်ပြောင်းထားတဲ့ တပ်ရင်း (၃) ခုထဲက တစ်ခုဖြစ်ပါတယ်။
ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်ခဲ့တဲ့ (NDA-K) ဟာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပြီး ချီဖွေမြို့နယ် ဂန့်ဂွင်းကျေးရွာအခြေစိုက် အမှတ် (၁၀၀၁) တပ်ရင်း၊ လုပီကျေးရွာအခြေစိုက် အမှတ် (၁၀၀၂) တပ်ရင်းနဲ့ ဝိုင်းမော်မြို့နယ် စင်ကြိုင်ကျေးရွာအခြေစိုက် အမှတ် (၁၀၀၃) တပ်ရင်းဆိုပြီး နယ်ခြားစောင့်တပ်ရင်း (၃) ရင်းကို စစ်တပ်လက်အောက်ခံအဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။
ချီဖွေမြို့ကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ပြီး ဖြစ်ပါတယ်။