မြေပြင်စစ်ကြောင်းထက် ဒရုန်းနဲ့လှည့်ပတ်ဗုံးကြဲနေတဲ့ စကစ ကြောင့် မိသားစုဝင် (၃) ဦး သေဆုံးပြီး၊ ၆ ဦးဒဏ်ရာရ
–
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ သားအမိ (၃) ဦး သေဆုံးခဲ့ပြီး (၉) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။
မနေ့ည သန်းခေါင်ကျော် ဒီနေ့ မနက် ၂ နာရီကျော်လောက်မှာ ကန့်ဘလူမြို့နယ် ငတို့ရွာ ပျူစောထီးခြံမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ဒရုန်းနှစ်စီးနဲ့ အင်းလယ်ကြီးရွာကို ဗုံးသီး (၆) လုံး ကြဲချခဲ့လို့ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲမရှိဘူး။ ဒီတိုင်းပဲ ဒရုန်းနဲ့ ဗုံးသီးချသွားတာ။ မနက် ၁ နာရီခွဲမှာတစ်ကြိမ်၊ ၂ နာရီ ၁၃ မိနစ်မှာတစ်ကြိမ်၊ ၂ နာရီ ၁၄ မိနစ်မှာတစ်ကြိမ်။ တစ်ခါချရင် ဗုံးသီးနှစ်လုံးချခဲ့တာ စုစုပေါင်း (၃) ကြိမ် (၆) လုံးကြဲချခဲ့တာ။ လူတွေအကုန် အိမ်မောကျနေတဲ့အချိန်ကြီး လာကြဲသွားတာ။”လို့ ပြောပါတယ်။
ဗုံးသီးတွေကြောင့် အင်းလယ်ကြီးရွာမှ အသက် (၄) နှစ်အရွယ် မသိမ့်သိမ့်ဖြူ၊ (၁၀) နှစ်အရွယ် မငြိမ်းအိစံနဲ့ ၎င်းတို့ရဲ့ မိခင်ဖြစ်သူအသက် (၃၀) နှစ်အရွယ် မဖြူဝင်းတို့ (၃) ဦး သေဆုံးပြီး၊ နောက်ထပ် (၆) ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ ဒေါ်မြရင် အသက် (၆၉) နှစ်၊ ဦးလှထွန်း အသက် (၆၄) နှစ် (ဒဏ်ရာစိုးရိမ်ရ)၊ ကိုအောင်မျိုးဝင်း အသက် (၃၉) နှစ်၊ ကိုဝေဖြိုးအောင် အသက် (၂၆) နှစ်၊ မသဲသဲဝင်း အသက် (၂၄) နှစ်၊ မတဲတဲဝင်း အသက် (၁၈) နှစ်တို့ဖြစ်ပြီး၊ နေအိမ် (၂) လုံး ပျက်စီးတဲ့အပြင် နွား (၆) ကောင်လည်း သေဆုံးသွားခဲ့ရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရင်လို စစ်ကြောင်းမထိုးတော့ပဲ ဒရုန်းနဲ့လှည့်ပတ်ကာ ကျေးရွာတွေကို လိုက်ပြီးဗုံးသီးတွေ ကြဲချနေခဲ့တာလို့လည်း ကန့်ဘလူဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“အခုနောက်ပိုင်း စစ်ကြောင်းတွေက အရင်လိုလှည့်ပတ်ပြီး စစ်ကြောင်းမထိုးတော့။ ဒရုန်းတွေနဲ့လှည့်ပတ်ပြီး ဗုံးသီးတွေပဲ ချနေတော့တာ။ စစ်ကြောင်းမထိုးပဲ ဒီတိုင်းပဲလုပ်နေတော့ သူတို့ (စကစ) တော့ အထိခိုက်နည်းတာပေါ့။ ဒရုန်းနဲ့ ဗုံးသီးချ ပြည်သူတွေကရှောင်။ ပြီးရင် စားနှပ်ရိက္ခာတွေ ခိုးယူနေတာတွေ တွေ့နေရတယ်။”လို့ ပြောပါတယ်။
စစ်တပ်က အဆိုပါ ဒရုန်းနဲ့ ဗုံးကြဲချပြီးတဲ့နောက် အိမ်ခြေ (၇၀၀) ကျော်ရှိတဲ့ အင်းလယ်ကြီးရွာမှ ပြည်သူ တစ်ချို့က နောက်ထပ် ဒရုန်းနဲ့ ဗုံးကြဲလာမှာကိုစိုးရိမ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာလည်း ကန့်ဘလူနယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ရေရှင်ကျေးရွာ၊ အောင်တိုင်းလယ်ကျေးရွာနဲ့ မှန်နီမင်ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ကြဲချခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ (၇) ဦးသေဆုံးခဲ့သေးကြောင်း သိရပါတယ်။