မိုင်းရယ်မြို့ ရှန်တောရွာ သကြားစက်ရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၁ ဦးသေဆုံးပြီး၊ ၈ ဦး ဒဏ်ရာရ
10 October 2024- Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ အရပ်သားပြည်သူ (၁) ဦး သေဆုံးပြီး၊ (၈) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ညသန်းခေါင်ကျော် မနက် ၂ နာရီလောက်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုင်းရယ်မြို့နဲ့ (၁၀) မိုင်အကွာမှာရှိတဲ့ ရှန်တောရွာရှိ သကြားစက်ရုံကို လေကြောင်းနဲ့ ဗုံး (၄) လုံး ကြဲချခဲ့လို့ စက်ရုံအလုပ်သမားတွေ ထိခိုက်သေဆုံးခဲ့ပြီး စက်ရုံအဆောက်အအုံတွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မနက် ၂ နာရီခွဲလောက်က လာကြဲတာ။ သကြားစက်ရုံထဲကျတာ။ အဲ့ဒီမှာ တိုက်ပွဲလည်း မရှိပါဘူး။”လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ လေကြောင်းနဲ့ ဗုံးကြဲမှုကြောင့်ပဲ စက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့ အသက် (၂၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ (၈) ဦး ဒဏ်ရာရရှိခဲ့သလို စက်ရုံတွင်းအဆောက်အအုံတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
လေယာဉ်နဲ့ဗုံးကြဲပြီးနောက် ဒဏ်ရာရရှိသူတွေကို မိုင်းရယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အဲ့ဒီ မနက်ခင်းမှာပဲ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က သွားရောက်ကြည့်ရှူစစ်ဆေးခဲ့တယ်လို့ မိုင်းရယ်မြို့ခံ အမျိုးသားက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့နဲ့ အောက်တိုဘာ ၂ ရက်နေ့တွေမှာလည်း မိုင်းရယ်မြို့နဲ့ ကောင်းမောင်ကျေးရွာဘက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရပါတယ်။
မိုင်းရယ်မြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ MNDAA တို့ စစ်ရေးတင်းမာမှုရှိနေပြီး၊ နှစ်ဖက် အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။