မင်းအောင်လှိုင် လောက်ကို မမှုတဲ့ ရွှေမန်းမြေက တော်လှန်ရေးသမား လိင်တူချစ်သူ ကိုနွယ်နီ
လူငယ်ဘဝ၊ လူငယ်ကဏ္ဍ။
–
“ကျွန်တော်တို့ LGBT တွေဟာ တော်လှန်လိုစိတ်က နဂိုကတည်းက ရှိပြီးသား။ တော်လှန်လိုစိတ် ရဲရင့်တဲ့စိတ်က ရှိပြီးသား။ ဖောက်ထွက်လိုတဲ့စိတ်က ရှိပြီးသား။ အဲ့ဒီတော့ ဒီတိုင်းနေရတာပျော်တယ်။ သူငယ်ချင်းတွေနဲ့ ခြောက်နေရတာ ကျွန်တော် စိတ်ချမ်းသာတယ်ပေါ့။ အဲ့ဒီတော့ ဒါကြီးတစ်ခုလုံးကို တွန်းလှန်ခဲ့ကြတာ မိသားစုရော community ရော၊ ဘာသာ ရေးရော တွန်းလှန်ခဲ့ကြပြီးတော့ လုပ်ခဲ့ကြတာ နှစ်ရှည်ကာလများစွာ ဆယ်စုနှစ်မက တွန်းလှန်ခဲ့ကြတဲ့သူတွေ ဖြစ်ခဲ့ကြတာမို့လို့ မင်းအောင်လှိုင် လောက်ကတော့ အပါပပဲ”
၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းမှုကို လက်မခံကြောင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြထုတ်ဖော်ကြတဲ့ သူတွေထဲမှာ လူမျိုးစုံ၊ ဘာသာစုံ၊ အလွှာစုံ ပါဝင်ကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်မှုကို ကျူးလွန်လာတဲ့အခါ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ လက်နက်စွဲကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ လိင်စိတ်ခံယူမှုကွဲပြားသူတွေလည်း အမြောက်အမြား ပါဝင်ကြတာ ဖြစ်ပါတယ်။
သူ့နာမည်ကတော့ ကိုနွယ်နီပါ။ အသက်ကတော့ (၃၂) နှစ်အရွယ် ရှိပါပြီ။ သူဟာ မိုးကုတ်ဗျူဟာ စစ်ဦးစီးအဖွဲ့ စစ်ဆင်ရေးနဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံနဲ့ အမှတ် (၁၂၂၂) တပ်ရင်းရဲ့တာဝန်ခံဖြစ်တဲ့ လိင်တူချစ်သူ LGBT တစ်ဦး ဖြစ်ပါတယ်။ အာဏာမသိမ်းခင်က သူဟာ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ အထက (ခွဲ) ညောင်ဝန်းကျေးရွာမှာ ၂၀၁၅ ခုနှစ်ကစပြီး ကျောင်းဆရာတာဝန် ထမ်းဆောင်ခဲ့သူပါ။
သူချစ်မြတ်နိုးတဲ့ ကျောင်းဆရာအလုပ်ကို ကျေပွန်စွာ ထမ်းဆောင်နေရင်း သူထောက်ခံလိုတဲ့ ပါတီကို လွတ်လပ်စွာ ထောက်ခံမဲပေးခဲ့ပြီး ရလဒ်ကောင်းကို ရင်ခုန်စွာမျှော်လင့်နေတဲ့အချိန် အာဏာသိမ်းမှုကြောင့် မြန်မာတစ်နိုင်ငံလုံး အမှောင်လောကသို့ ဆိုက်ရောက်သွားတဲ့အတွက် ကျောင်းဆရာကနေ တော်လှန်ရေးသမား ဖြစ်လာရတဲ့ ကိုနွယ်နီ ဘာတွေတွေ့ကြုံခဲ့ ခံစားခဲ့ရလဲ။
“အဲ့ဒီနေ့က ကျွန်တော်တို့ ရွေးကောက်ခံကိုယ်စားလှယ်တွေက အဲ့ဒီနေ့ကတက်ရမယ်။ အကုန်လုံးက နေပြည်တော်ကို တက်ရမယ့်အချိန် ကျွန်တော်တို့က စောင့်ကြည့်ရတာပေါ့။ မနက်ဖြန်ကျရင် ဒီမီဒီယာတွေနဲ့ လာတော့မယ်။ ကျွန်တော်တို့ တင်မြောက်ထားတဲ့ အစိုးရအဖွဲ့အစည်းက ဝင်းဝင်းရှင်းရှင်းနဲ့ ကျနော်တို့ မြင်တွေ့ရတော့မယ်ဆိုပြီးတော့ မျှော်လင့်နေတဲ့ အချိန်ပေါ့။ မှတ်မှတ်ရရ အဲ့နေ့က ဖြစ်ချင်တော့ ကျွန်တော် လိုင်းသုံးတယ်ဗျ။ ညမိုးချုပ်ထိ သုံးတယ်။ မိုးချုပ်ထိသုံးပြီးတော့မှ ဒီလိုပဲ နိုင်ငံရေး စိတ်ဝင်စားတယ်လေ၊ အဲ့ချိန်မှာ သူတို့ဘာတွေလုပ်ကြမလဲ။ မနက်ဖြန်မှာ အစည်းဝေးမှာ ဘာတွေဆုံးဖြတ်ကြမလဲ။ တရားဝင်အနေနဲ့ ဘာတွေထပ်ကြေညာဦးမလဲဆိုတာ စောင့်နေတယ်။ အစည်းအဝေးထဲရောက်ပြီ တရားဝင်ဖြစ်ပြီဆိုတာကို မျှော်လင့်နေတဲ့အချိန်မှာ အဲ့မှာ လိုင်းသုံးရင်းသုံးရင်းနဲ့ ညမိုးချုပ်လာတော့ လိုင်းပြတ်သွားတယ်။ ဟာဒါတော့ ထူးခြားပြီပေါ့၊ ဖုန်းလိုင်း လုံးဝ ပြတ်သွားတာ၊ ဘာကြောင့်မို့လဲ၊ အဲ့တော့ ကျွန်တော် ညကိုစိတ်တထင့်ထင့်နဲ့ ဒါဘာဖြစ်နေတာလဲပေါ့။ ပြီးတော့ အာဏာသိမ်းမယ်ဆိုတဲ့ စကားလုံးက ဟော့နေတယ်ဆိုတော့ အာဏာများသိမ်းတာလား၊ မဟုတ်လောက်ပါဘူးလေ ဆိုတဲ့အတွေးနဲ့ မနက်သာလင်းသွားတယ်၊ အဆင်မပြေခဲ့ဘူး။ မနက် လင်းလင်းချင်း နှိုးလာတဲ့အခါမှာ အကုန်လုံး ယောက်ယက်ခတ်နေတယ်။ စစ်ကောင်စီတွေကပဲ ဟိုမသွားရဘူး၊ ဒီမသွားရဘူး၊ ကန့်ထားတာ ပြောတာကြားတဲ့အခါမှာ ကျွန်တော်သိလိုက်ပြီ၊ သေချာပြီ၊ အာဏာသိမ်းလိုက်တယ်ဆိုတာ။ အိမ်ကအမေကိုနိုးတယ်။ အမေ အာဏာသိမ်းတယ် ထင်တယ်။ ဘယ်လိုလုပ်ကြမလဲပေါ့။ ကျွန်တော်တို့ တစ်အိမ်လုံးမှာ ဒီအစိုးရအသစ်ကို ထောက်ခံပါတယ်ဆိုပြီးတော့ ဆိုင်းဘုတ်အကြီးကြီး ကျွန်တော်တို့အိမ်ရှေ့မှာ ချိတ်ထားတယ်။ အစိုးရသစ်ရဲ့ပါတီအလံကိုလည်း ကျွန်တော်တို့ပါတီဝင် မဟုတ်ဘူး၊ အားပေးထောက်ခံကြတော့ အဲ့မှာ အလံလည်းထောင်ထားတာပေါ့။ ကျွန်တော်တို့ တစ်မိသားစုလုံး အားပေးထောက်ခံကြတာဆိုတော့ အဲ့ဒီမှာ အမေကလည်း မဟုတ်လောက်ပါဘူး၊ နင်ကလည်း ပါးစပ်ပုပ်ကြီးနဲ့ လျှောက်ပြော ပြန်ပြီပေါ့။ ဟုတ်ဘူး၊ အမေသေချာပေါက် အာဏာသိမ်းတယ်ထင်တယ်။ အဲ့ဒီမှာ NLD နဲ့ ပတ်သက်တဲ့ ဥက္ကဌတို့ အတွင်းရေးမှူးတို့ အကုန်လုံးဖမ်းဆီးနေတယ်လို့ ကျွန်တော်တို့ ကြားလိုက်တဲ့အခါမှာတော့ အာဏာသိမ်းတာ သေချာသွားပြီလို့ သိလာတယ်။ အဲ့မှာ တော်တော်စိတ်ပျက်သွားတယ်။ ဘယ်လိုပြောမတုန်း တော်တော်ယူကျုံးမရ ဖြစ်တာပေါ့။ တော်တော်လေး စိတ်ညစ်သွားတယ်။ ဟာဒီကောင်တွေ အာဏာသိမ်းပြီဆိုတော့ ပြီးပြီငါတို့နိုင်ငံကတော့ဆိုတဲ့ အတွေးမျိုးရောက်လာတယ်။ အာဏာသိမ်းသိမ်းပြီးချင်းမှာ ကျွန်တော့် အိမ်ကိုလာပြီးတော့မှ အလံဖြုတ်ခိုင်းတာပဲ။ ကျွန်တော် အစိုးရသစ်ကို ထောက်ခံပါတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို အတင်းအကြပ်ကို ဖြုတ်ခိုင်းတာ။ ပြီးတော့ပြောနေတယ်ပေါ့ သူတို့က အာဏာသိမ်းသွားပြီတော့မှ မင်းတို့ဒီအစိုးရကို ထောက်ခံစရာ မလလိုတော့ဘူး။ အာဏာသိမ်းသွာပြီ မင်းတို့အစိုးရ မရှိတော့ဘူးပေါ့။ အဲ့လိုပြောတဲ့အခါမှာ အစိုးရမရှိတော့ဘူးဆိုတဲ့ အသံ မထမဆုံးကြားလိုက်တဲ့အခါမှာ တအားခံစားရတာပေါ့။ အမေဆိုရင် အလံဖြုတ်လို့ပြောတဲ့အခါမှာ ငိုတာပေါ့။
ဒီလိုနဲ့ ပညာတတ်လူငယ်ပီပီ အမှန်တရားကို မြတ်နိုးပြီး သူယုံကြည်ရာအတိုင်း ကျောင်းဆရာ CDM လှုပ်ရှားမှုမှာ အစောဆုံးပါဝင်ခဲ့သူတစ်ဦး ဖြစ်သလို လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေကိုလည်း အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM ပြုလုပ်ကြဖို့ နှိုးဆော်စည်းရုံးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒီလိုနဲ့ ကိုနွယ်နီဟာ စဉ့်ကူးမြို့ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် လှုပ်ရှားလာပြီး မြို့နယ်သပိတ်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ လမ်းစဉ်နဲ့ လှုပ်ရှားနေခဲ့တာ သုံးလကျော်အကြာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်လာခဲ့ပေမဲ့ လှုပ်ရှားမှုရပ်တန့်မသွားပဲ သပိတ်လှုပ်ရှားမှုကို ဆက်လက် ဦးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုလှုပ်ရှားနေတဲ့အချိန်မှာပဲ စစ်ကောင်စီက စဉ့်ကူးမြို့မှာလည်း စက်သေနတ်တွေနဲ့ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းလာတာကြောင့် ကိုနွယ်နီဟာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်မှရတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တော်လှန်ရေးတပ်ဖွဲ့ထဲ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
“ညနေလိုင်းပြန်ရတဲ့ နှစ်နာရီလောက်မှာ ကျွန်တော် ဘာပြန်လုပ်လိုက်လဲဆိုတော့က ကျွန်တော့် ကျောင်းအုပ်ကြီးကို မိမိတင်မြောက်လိုသော အဖွဲ့အစည်းမဟုတ်တဲ့ အဖွဲ့အစည်းအောက်မှာ ကျနော်တင်မြောက်ထားခြင်းမရှိတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့အောက်မှာ အလုပ်မလုပ်လိုတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော့်အလုပ်တွေကို ယာယီရပ်ဆိုင်းလိုက်ပါတယ်ဆိုတဲ့ စာနဲ့ ကျောင်းအုပ်ကြီးကို ဖေ့စဘုတ်မှာ ကျွန်တော် တက်တွဲပြီးတော့မှ လုပ်လိုက်တဲ့အခါမှာ ကျောင်းအုပ်ကြီးက တခါတည်း ဘလော့သွားတယ်။ အဲ့တာ ဖေဖော်ဝါရီတစ်ရက်နေ့ကတည်းက ကျွန်တော်ရုံးရပ်ခဲ့တာပေါ့။”
CDM လှုပ်ရှားမှုတွေလုပ်ပြီးတော့ ပထမဦးဆုံး ဆန္ဒပြခဲ့တဲ့နေ့မှာပဲ မြို့နယ်ပြည်သူတွေရဲ့ ပါဝင်မှုက အားကောင်းခဲ့တဲ့အတွက် တော်လှန်ရေးဆက်လုပ်ဖို့ ခွန်အားတွေ ရခဲ့တဲ့နေ့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ စစ်ကောင်စီစစ်သားတွေက စက်သေနတ်တွေနဲ့ ပစ်ခတ်ဖြိုးခွင်ခဲ့တဲ့ မြင်ကွင်းကိုလည်း မမေ့နိုင်ကြောင်း ပြန်ပြောင်းပြောပြပါတယ်။
“မြို့နယ်တစ်မြို့နယ်လုံးကို မက်ရှင်းဂန်းကြီးနဲ့ ကားပေါ်မှာ မက်ရှင်းဂန်းကြီးကို တင်တယ်။ တင်ပြီးတရစပ် ပစ်ခွင်းတာပေါ့။ ကျွန်တော့်ဘဝမှာ ပထမဦးဆုံး ဂိမ်းထဲက ကျနော်တို့ဂိမ်းဆော့တဲ့ ဂိမ်းထဲကလိုမျိုး မှောင်ရီပြူးစဆိုတော့ မီးတွေထွက်နေတာ ဟာ သေနတ်ပစ်တယ်ဆိုတာ ဒါလားပေါ့၊ အဲ့တာ ကထမဆုံးမြင်ဖူးတာပဲ။ တစ်မြို့လုံး တိတ်ဆိတ်သွာတယ်။ တစ်မြို့နယ်လုံး အသံတစ်သံတောင်မှ မထွက်ဘူး။ ခွေးဟောင်သံတောင် မထွက်ဘူး၊ ကျနော်ဘဝမှာ ပထမဦးဆုံး အကြောက်တရာအသွင်းခံလိုက်ရတဲ့ နေ့ပဲ။ မမြင်ဖူးလို့ ထွက်ကြည့်ခဲ့တဲ့ ပြည်သူတွေဆိုရင် ငါးဦးခြောက်ဦးလောက် ပွဲချင်းပြီးသေသွားတာရှိတယ်။ ကျည်ဆံက ဘယ်လောက်တောင် ပြင်းသလဲဆိုတော့ အုတ်နံရံတွေဆိုရင် ခွာထွက်သွားတာပဲ။ အဲ့လိုမျိုး ကျနော်တို့ အရပ်သားပြည်သူတွေ လက်နက်မဲ့နေတဲ့ အရပ်သားပြည်သူတွေကို အကြမ်းဖက်ပြီး သူဖြိုခွင်းခဲ့တယ်။ အဲ့ဒီကတည်းကပဲ ကျွန်တော်က လက်နက်ကိုင်မယ်လို့ ဆုံးဖြတ်လိုက်တာ။”
စစ်နဲ့မဆိုင်နဲ့ ကျောင်းဆရာဘဝကနေ ရုတ်တရက် လက်နက်ကိုင် တော်လှန်ရေးသမား ဖြစ်လာပြီး တောထဲတောင်ထဲ ရောက်ရှိသွားတဲ့အခါ ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးလမ်းခရီး အမှတ်တရတွေလည်း အခုလို ပြောပြပါတယ်။
“တောကြီးထဲရောက်သွားတာ ဆိုင်ကယ်တွေနဲ့သွားတာ ဒီတောထဲကို ဆိုင်ကယ်ကို ချိန်းပတ်စီးရမယ်လို့ ကျွန်တော် မသိဘူး။ ကျနော်တို့ ဒီကားလမ်းပေါ်က လူတွေက အဲ့ဒီတော့ ဒီလူတွေ ဘယ်လို ဆိုင်ကယ်မောင်းသွားသလဲပေါ့။ ဒီလောက်ချောတဲ့ လမ်းကြီးမှာပေါ့။ မှတ်မှတ်ရရ အဲ့ လူ (၇၀) လောက်နဲ့ တောအုပ်ကြီးကို သွားတဲ့နေ့ မိုးတွေတဖိုင်းဖိုင်း တဖိုင်းဖိုင်းပဲ တနေကုန်မိုးချုပ်မှ အဲ့ဒီ ကျွန်တော်တို့ သင်တန်းပြမဲ့နေရာ ရောက်တာပေါ့။ အဲ့မှာ တော်တော်ခက်ခဲတာပေါ့။ ထမင်းစားတဲ့အခါ၊ ဇလုံမရှိတဲ့အခါ၊ ဖက်ခူးပြီးတော့ စားမယ်ပေါ့ကွာ၊ ဖက်လေးတွေပြင်ထားပြီးတော့ အဲ့ဒီမှာ ထမင်းထည့်ပြီးတော့မှ ထမင်းလေးတွေ ဖက်ပေါ်ပုံပြီးတော့မှ အဖွဲ့လိုက်စားကျမယ်လို့ လုပ်တဲ့အခါမှာ ကံမကောင်းချင်တော့ အဲ့ဒီနေ့က ဖြစ်ချင်တော့ ဖက်ပေါ်မှာ ထမင်းလည်းရောက်ပြီ၊ ဟင်းလည်းရောက်ပြီးတော့မှ အဲ့မှာ မိုးကရွာလာတာ လူတွေအကုန်လုံးက ထိုင်ပြီးသွားပြီ ဟဲ့ ငါတို့ဘယ်လို လုပ်ကြမလဲပေါ့။ စားရင်းစားရင်းနဲ့ မိုးကတအားတည်းလာတာ သူတို့ ဟိုဘက်က ရေတွေက ကျွန်တော့်ဘက်ကို စီးဝင်၊ ဟား ကျွန်တော်တို့က လက်နဲ့ခပ်ပြီး မင်းဆီကရေတွေ ငါ့ဆီရောက်လာပြီ ဖယ်ထုတ်နဲ့ အဲ့လိုမျိုး အမှတ်တရပေါ့။ ထမင်းစားနေရင်း ရေတွေတအားကြီးစိုးလာလို့ မှတ်မှတ်ရရ အဲ့ဒီနေ့က အဲ့လိုစားခဲ့ရတယ်။ ပြီးတော့ အဲ့ဒီနေ့က မိုးရွာထဲမှာ အိပ်ခဲ့တဲ့နေ့ပဲ။ မိုးရွာထဲမှာ အိပ်လို့ရတယ်ဆိုတာကို စသိတဲ့နေ့။ အပေါ်က မိုးရွာနေတာ မိုးကာမပါဘူး။ အရမ်းလည်း အိပ်ချင်နေတာ ခရီးကလည်း တစ်လမ်းလုံး ဆိုင်ကယ်လဲလိုက် ထမ်းလိုက်နဲ့ ပင်ပန်းလာတော့ အကုန်လုံးဒီလို အမိုးမရှိတဲ့ သစ်စက်ကလေးမှာ ကျနော်တို့အဖွဲ့လိုက် မိုးက အပေါ်ကနေ ဝေါဝေါဝေါနဲ့ ရွာနေတာပေါ့၊ အိပ်လို့ကောင်းတယ်ဗျာ။ အဲ့မှာ စပြီးတော့ ကြုံတာ။ မိုးရွာရင်လည်း အိပ်လို့ရတယ်ဆိုတာကို ကြုံခဲ့တဲ့နေ့ပဲ။ ခက်ခဲတာက တော်တော်ခက်ခဲတာပဲ။ နောင်စင်ရိုးတိုက်ပွဲအပြီး နောက်ထပ် စစ်ကြောင်းထပ်ထွက်တဲ့အချိန်မှာ ကျွန်တော်တို့ အခွဲတစ်ခွဲပေါ့ မိုင်းဟုတ်တို့ ကုန်းတစ်ကုန်းမှာ ခွဲတစ်ခွဲအဲ့မှာ ထိုင်ထားတာ ထိုင်ထားတဲ့အချိန်မှာ စစ်ကောင်စီက သတင်းရသွားတယ်။ ကုန်းတစ်ကုန်းပဲ နှစ်ရာဝိုင်းတယ်။ အပေါ်ကနေ ဂျက်ဖိုက်တာနဲ့ ကုန်းလေးတစ်ကုန်းကို ပတ်ကြဲခဲ့တဲ့အချိန် အဲ့တာ ကျနော်အမှတ်အရဆုံးပဲ စိတ်မကောင်း အဖြစ်ဆုံးပဲ။ ပြီးတော့ အဲ့ဒီလို လေကြောင်းအန္တရာယ် လေကြောင်းတိုက်ခိုက်ခံရတဲ့အခါမှာ မြေပြင်ကနေ အဝိုင်းခံရတဲ့အခါမှာ ကျွန်တော်တို့ရဲ့ အရမ်းအေးတယ်၊ အရမ်းလည်း စိတ်ချရတဲ့ စစ်ကြောင်းမှူးတစ်ယောက် ကျသွားတယ်ပေါ့။ ကိုပတ်ကြီးပေါ့ ပြီးတော့ ကျွန်တော်တို့ထဲက တပ်သားတစ်ယောက်ကလည်း နှစ်နှစ်ခွဲကြာပြီ အဲ့လေကြောင်းတိုက်ခိုက်မှုမှာ အောက်ပိုင်းသေသွားတယ်ပေါ့။ နှစ်နှစ်ခွဲကြာပြီ ခုချိန်ထိလည်း အိပ်ယာပေါ်မှာ ရှိနေတုန်းပဲ အဲ့တာကတော့ ကျနော်အတွက် စိတ်မကောင်ဖြစ်ရဆုံး အခိုက်အတန့်ပါ။”
ကိုနွယ်နီကျောင်းဆရာ တာဝန်ထမ်းဆောင်နေတဲ့ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ တော်လှန်ရေးတပ်ပေါင်းစုတွေက အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအောင်ပွဲခံပြီး ကိုယ်မြို့ကိုယ်ပြန်ရောက်လာတဲ့ ကျောင်းဆရာသဖြစ်လဲ တော်လှန်ရေးသမား ကိုနွယ်နီက သူဖြစ်ချင်တဲ့ဆန္ဒနဲ့ တော်လှန်ရေးအတွက် ရှေ့ဆက်လုပ်ရမယ့်ဟာကို အခုလိုပြောပါတယ်။
“ကျွန်တော်ချစ်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူတူ အေးအေးဆေးဆေး နေချင်တယ်။ ကျွန်တော့်မိသားစုကို သူတို့အသက်ကြီးသွားတဲ့အခါမှာ သူတို့ကိုဘာမှ မလုပ်ပေးခဲ့ရတာ မရှိရလေအောင် ကျွန်တော် ဖြည့်ဆည်းချင်တယ်။ ကျွန်တော့် ညီမလေးရော ရှိတာပေါ့။ ကျတော်ညီမလေးတော့ ရှိတာပေါ့။ စစ်ကောင်စီနဲ့ စစ်အုပ်စုယန္တရား မပြိုလဲမချင်း ပါဝင်သွားမှာပဲ။ ကျွန်တော် အိမ်ရထားတဲ့ လူတစ်ယောက်လေ အိမ်မှာနေခွင့်ရတဲ့အတွက် ကျနော်က ရပ်မနေဘူး။ တခြားမဖွင့်ရသေးတဲ့အိမ်ကို ဖြုတ်ပေးရဦးမယ်။ ပြီးရင် သူတို့ စစ်ကောင်စီရဲ့ အိမ်တွေကိုလည်း ပြန်ပိတ်ပေးရဦးမယ်။ အဲ့ဒါ အကုန်လုပ်မယ် အဲ့တာပြီးမှ ကျွန်တော်တို့ နားမယ်။”