ပြည်နယ်လူဦးရေ ထက်ဝက်နီးပါး နေထိုင်တဲ့မြို့တွေ လက်လွတ်ထားပြီး ကောက်တဲ့ သန်းခေါင်စာရင်း ဘာအကျိုးရှိမလဲ
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ အစုအဖွဲ့တွေကို လက်နက်ချပြီး နိုင်ငံရေးနည်းလမ်းအရ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲ ဖြစ်မြောက်ဖို့အတွက် သန်းခေါင်စာရင်းကောက်ကိုလည်း အောက်တိုဘာမှာ စတင်ကောက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီက တော်လှန်ရေးအဖွဲ့တွေကို လက်နက်စွန့်လွှတ်ပြီး ဆွေးနွေးနိုင်ကြောင်း ထုတ်ပြန်အပြီး သုံးအရက်မြောက်နေ့၊ စက်တင်ဘာ ၂၉ ရက်နေ့မှာပဲ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်တစ်ခုဆင်နွှဲပြီး ကချင်ပြည်နယ်အထူးဒေသ – ၁ က စစ်ကောင်စီရဲ့ မြို့နယ်နဲ့ ခရိုင်ရုံးစိုက်ရာမြို့တွေဖြစ်တဲ့ ချီဖွေနဲ့ ဆော့လော်မြို့ကို ထိန်းချုပ်လိုက်ပါတယ်။
အခုလိုစစ်ရေး မငြိမ်သက်မှုနဲ့ စစ်ရှုံးမှုတွေကို ရင်ဆိုင်နေရတဲ့ကြားက စစ်ကောင်စီဟာ ကချင်ပြည်နယ်တွင်းက မြို့ရွာတွေမှာလည်း သန်းခေါင်စာရင်း ကောက်ခံတာတွေ စတင်နေပြီ ဖြစ်ပါတယ်။ မြို့တစ်မြို့ပြီးတစ်မြို့၊ တပ်စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်နေရပေမယ့် ရွေးကောက်ပွဲလုပ်ဖို့ စိတ်အားထက်သန်နေတဲ့ စစ်ကောင်စီဟာ ကချင်ပြည်နယ်အတွင်းမှာ လက်လွတ်ထားရတဲ့မြို့ (၁၀) မြို့အထိ ရှိလာပါပြီ။
ဒီမြို့တွေထဲက ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ လွယ်ဂျယ်နဲ့ ဆဒုံးမြို့တွေဟာ မြို့နယ်ခွဲအဆင့်ရှိတဲ့ မြို့တွေဖြစ်ပြီး ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ မိုးမောက် စတဲ့မြို့တွေကတော့ မြို့နယ်ရုံးစိုက်တဲ့ မြို့တွေဖြစ်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အဆိုပါမြို့နယ်တွေမှာ လူဦးရေ ၁ သိန်း ၅ ထောင်ကျော်ရှိပါတယ်။ ဒါ့အပြင် စစ်ရေးအခြေအနေတွေ တင်းမာမှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖားကန့်၊ မံစီ၊ ဝိုင်းမော် အစရှိတဲ့မြို့တွေရဲ့ လူဦးရေဟာ (၄) သိန်းကျော်ရှိပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်ရဲ့ စုစုပေါင်းလူဦးရေဟာ ၁၁ သိန်း ၃ သောင်းကျော်ရှိပါတယ်။ လက်ရှိ စစ်ကောင်စီ လက်လွတ်ခဲ့ရတဲ့ မြို့တွေနဲ့ စစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေတိမ်းရှောင်နေရတဲ့ မြို့တွေရဲ့ လူဦးရေဟာ စုစုပေါင်း ၅ သိန်းကျော်နေတဲ့ သဘောဖြစ်တဲ့အတွက် ပြည်နယ်ရဲ့ လူဦးရေထက်ဝက်နီးပါး နေထိုင်တဲ့မြို့တွေမှာ သန်းခေါင်စာရင်းကောက်နိုင်ဖို့ မသေချာတဲ့ သဘောဖြစ်နေပါတယ်။
ဒါ့အပြင် လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခက်အခဲတွေကြောင့် နိုင်ငံကိုစွန့်ခွာသွားတဲ့သူတွေ ဒုနဲ့ဒေး ရှိနေတဲ့အခြေအနေမှာ စစ်ကောင်စီရဲ့ ၂၀၂၄ သန်းခေါင်စာရင်း ဖန်တီးမယ့် အစီအစဉ်ဟာ အဓိပ္ပာယ်တစိုးတစိမှ မရှိတဲ့လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။