တာမခံရွာကို မီးရှို့ဖျက်ဆီးဖို့ အမိန့်ပေးခဲ့ဖူးသူ ဒုဗိုလ်မှူးကြီးသက်ပိုင်ထွန်း သေဆုံးပြီလို့ ပြော
–
ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာရှိ Lucky Men ဟော်တယ်ကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို ဥရုချောင်းရိုးတစ်လျှောက် လိုက်လံသိမ်းဆည်းနေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကတစ်ဆင့် သိရှိရပါတယ်။
အောက်တိုဘာ ၈ ရက်နေ့၊ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ Lucky Men Hotel ကို KIA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ဥရုချောင်းရိုးအတိုင်း ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ကို လိုက်လံပစ်ခတ်ခဲ့ရတယ်လို့ သိရှိရပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ခမရ (၁၁၉) က ဒုဗိုလ်မှူးကြီးသက်ပိုင်ထွန်း ပါဝင်ပြီး ၎င်းရဲ့ရုပ်အလောင်းကို ဖားပြင်ကျေးရွာ၊ စက်လှေဆိပ်မှာ မနေ့ညတွေ့ရှိခဲ့တယ်လို့ ဖားကန့်ဒေသ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“တခြားအလောင်းတွေက အဲ့ညမှာတင်ဆယ်ပြီးမှ ကားနဲ့တင်တာလေ။ သူတို့က ချောင်းအတိုင်း အစုလိုက်အပြုံလိုက်ကြီး သွားတာကို။ မနေ့ညကမှ သူ့ (ဗိုလ်မှူးကြီးသက်ပိုင်ထွန်း) အလောင်းတွေ့တာ။ ကျန်တဲ့အလောင်းတွေလည်း ကျန်အုံးမယ်။”လို့ ပြောပါတယ်။
ဒီကနေ့မနက် ထွက်ပေါ်လာတဲ့ပုံတွေအရ သေဆုံးသူဟာ ဒုဗိုလ်မှူးကြီးသက်ပိုင်ထွန်း ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုကြပေမယ့် Kachinwaves အနေနဲ့ သီးခြားအတည် မပြုနိုင်ပါ။
ဒုဗိုလ်မှူးကြီးသက်ပိုင်ထွန်း ဟာ KIA ပူးပေါင်းအဖွဲ့ သိမ်းပိုက်နိုင်ခဲ့တဲ့ ဖားကန့်မြို့ တာမခံကျေးရွာ ဗျူဟာကုန်းရဲ့ ဗျူဟာမှူးဖြစ်ပြီး တိုက်ပွဲကာလတုန်းက တာမခံကျေးရွာကို မီးရှို့ဖျက်ဆီးဖို့ အမိန့်ပေးခဲ့သူတစ်ဦး ဖြစ်ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။