ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်တွေ ပင်လည်ဘူးမြို့ကနေ ဆုတ်ခွာသွားလို့ မြို့ကိုအပြီးသိမ်းပိုက်
–
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်တွေ ဝန်းသိုမြို့ကို ဆုတ်ခွာသွားတဲ့အတွက် မြို့ကို တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ပင်လည်ဘူးမြို့မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ပိတ်ဆို့ထားနိုင်လို့ ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့ မနက်အစောပိုင်း ၄ နာရီလောက်မှာ ပင်လည်ဘူး မြို့မရဲစခန်း၊ အာရှဘဏ်ကုန်းနဲ့ တောရကျောင်းဘက်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီအင်အား (၃၀၀) လောက်က လက်နက်ချ အလင်းဝင်ပြီး ဝန်းသိုဘက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“မြို့ကို ဖြတ်လေးဖြတ်နဲ့ ဝန်းရံပိတ်ဆို့ထားခဲ့တော့ စစ်သားတွေက တောင့်မခံနိုင်တော့ဘူးလေ။ ကျနော်တို့ ကြားတာက ခွေးက လက်နက်တဝက်ချပြီး ညှိပြီးထွက်ခွင့်ရဖို့ တောင်းတယ်ပြောတယ်။ အဲလိုနဲ့ သူတို့ဆုတ်တယ် ထင်တယ်။ ကိုယ့်ဘက်က ဆုတ်လမ်းဖွင့်ပေးတဲ့ သဘောပဲထင်တယ်။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပင်လည်ဘူးမြို့ကို စွန့်ခွာသွားပြီး ဝန်းသိုဘက်သို့ ဆုတ်ခွာသွားတဲ့အတွက် မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိလိုက်ပြီဆိုတာကိုလည်း မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။
“ကျနော်တို့တွေးရမှာက ပင်လည်ဘူးရလို့လည်း တော်လှန်ရေးပြီး မသွားဘူးလေ၊ ခုလောလောဆယ် မြို့ကိုရလည်းရမယ်၊ ကိုယ့်လူတွေလည်း မထိတော့ရင် ကျေနပ်ရမှာပဲ။”လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
ပင်လည်ဘူးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တိုက်ခိုက်ခဲ့ပြီး ၂ လနီးပါးအကြာ ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ချအလင်းဝင်တဲ့သူ ရာနဲ့ချီရှိခဲ့ပြီး အသေအပျောက်တွေလည်း များသလို တော်လှန်ရေးအင်အားစုဘက်ကလည်း အကျအဆုံးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေးတပ်တွေ ရရှိထားတဲ့ ပင်လည်ဘူးမြို့ကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။