အနာဂါတ် ဖျက်ဆီးခံရသူများ
https://youtu.be/30LpKbjdetg?si=XmF3ju0TJj-ZrUf2
–
“လူငယ်တွေမှာ အနာဂါတ် ရှိတယ်”ဆိုတဲ့ ဆောင်ပုဒ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေရဲ့ ကြွေးကြော်သံတစ်ခု ဖြစ်ပါတယ်။ လက်နက်မဲ့ ကျောင်းသားလူငယ်တွေကို ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီကို ပြည်သူနဲ့ လူငယ်တွေက နည်းလမ်းပေါင်းစုံသုံးပြီး တော်လှန်လှုပ်ရှားနေတဲ့အထဲ ကျောင်းသား CDM လှုပ်ရှားမှုကလည်း အားကောင်းခဲ့ပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ကြပေမဲ့ ပညာရှာဖွေချင်တဲ့ ကျောင်းသားလူငယ်တွေဟာ ပညာသင်ယူနိုင်မယ့် ရွေးချယ်စရာလမ်းတွေကို ရှာဖွေခဲ့ကြပါတယ်။ ဒီလိုလူငယ်တွေထဲမှာ မိုင်ဂျာယန်မြို့က Federal Law Academy မှာ တက်ရောက်နေတဲ့ မခေါင်နန်း လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။
“ဒီကျောင်းကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းက အာဏာသိမ်းပြီးနောက်ပိုင်း ဟိုဘက်စစ်ကောင်စီ နယ်မြေဘက်မှာလည်း ကျောင်းဆက် မတက်ချင်ဘူး။ တောက်လျှောက်လည်း CDM လှုပ်ရှားမှုတွေ အရမ်းအားကောင်းလာတဲ့ အခါကျတော့ ကျောင်းသား ကျောင်းသူတွေထဲမှာလည်း ၂၀၂၂ လောက်မှာကျတော့ မြစ်ကြီးနားတက္ကသိုလ် ပြန်ဖွင့်ပြီပေါ့နော်၊ သူငယ်ချင်းတစ်ချို့က သွားတက်ကြတယ်။ သွားတက်ရင်လည်း တစ်ချို့ကျတာ့ ဒလန်လို့ဘာတို့ အဲ့လိုမျိုးပြောကြတယ်ပေါ့နော်။ အဲ့လိုမျိုး အပြောမခံချင်တော့ တော်ပြီလို့ ဒီဖက် လွတ်မြောက်နယ်မြေ ကချင်နယ်မြေဘက်မှာ Join ကြည့်မယ် ဆိုပြီးတော့ ရှာတာပေါ့နော်။ ဒီဖက်ပိုင်းမှာ ပြန်ရှာတဲ့အခါမှာ Law Major က မရှိသလောက်ပဲ၊ တစ်ချို့ကျောင်းတွေ အင်္ဂလိပ်တို့ ဘာတို့ရှိတယ်။ တရုတ် မေဂျာတွေရှိတယ်။ အဲ့တာနဲ့ ဒီ Federal Law Academy ဆိုပြီးတော့ Facebook မှာ ရှာတွေ့တယ်ပေါ့နော်။ အဲ့တာနဲ့ ကျောင်းရဲ့ Entrance လျှောက်ပြီးတော့ ၂၀၂၂ မှာ ဒီကျောင်းရောက်ခဲ့တာပါ။“
မခေါန်နန်းဟာ အခွင့်အရေးကိုအထူးပြု ဆောင်ရွက်တဲ့ ရှေ့နေတစ်ဦး ဖြစ်ချင်တယ်လို့ သူမရဲ့ အနာဂါတ်အိမ်မက်ကို ပြောပြပါတယ်။ သူမဟာ ဥပဒေကျောင်းသူဖြစ်တာနဲ့အညီ အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ကိုယ့်လူမျိုးကို ကိုယ်စားပြုနိုင်တဲ့ ဥပဒေပြုလွှတ်တော်အမတ် ဖြစ်ချင်တယ်လို့လည်း တိတိကျကျ ပြောပြခဲ့ပါတယ်။
“ဖြစ်ချင်တဲ့အိမ်မက်က ခဏပြောသလို ရှေ့နေကောင်းတစ်ယောက် ဖြစ်ချင်တယ်။ အဲ့တာတင်မကပဲနဲ့ ဒီလူ့အဖွဲ့အစည်းထဲမှာ အခုကျမတို့ ဒီမှာသင်နေတာဆိုရင် နောက်ဆုံး ဒီကချင်ပြည်နယ်အားလုံးက ဖက်ဒရယ် ပြည်ထောင်စုထဲမှာ ယူနစ်တစ်ခု ဖြစ်သွားမှာ ပေါ့နော်။ ကချင်ပြည်နယ်ဆိုပြီးတော့ လွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ဖြစ်သွားမယ်ပေါ့နော်။ အဲ့ဒီမှာ ကိုယ်ပိုင်အစိုးရ ရှိလာမယ်ပေါ့နော်။ အဲ့ဒီကိုယ်ပိုင်အစိုးရ ထဲမှာမှ လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအပိုင်းတွေ ရှိလာမယ်ပေါ့နော်။ အဲ့ဒီအပိုင်းတွေမှာ ဥပဒေပြုလွှတ်တော် အမတ်နေရာ အဲ့လောက်ထိ ကြိုးစားသွားချင်တယ် ပေါ့နော်။ အဲ့လို အမတ်နေရာရောက်ဖို့ဆိုတာကလည်း ဒီအောက်ခြေ ဖောင်ဒေးရှင်းကအစ ဒီရှေ့နေ ပြီးရင်အလုပ်သင်က အဲ့လိုမျိုးကနေ တစ်ဆင့်တစ်ဆင့် တက်သွားမယ် ပေါ့နော်။ ပြီးရင် အဲ့ဒီ ကိုယ်ပြည်နယ်ရဲ့ လွှတ်တော်ထဲမှာ အမတ်အနေနဲ့လည်း ကိုယ့်လူမျိုး လူမျိုးစုက နည်းတယ်ပေါ့နော်၊ ဒီလူနည်းစု ကိုယ့်လော်ဝေါ်လူမျိုးအတွက် ကိုယ်စားပြုတဲ့ အမတ်တစ်ယောက် ဖြစ်ချင်တယ်ပေါ့။”
သူ့လိုပဲ စစ်ကောင်စီကျောင်းတွေမှာ ပညာဆက်လက် မသင်ယူလိုပဲ နယ်စပ်ဒေသကို ရောက်ရှိလာသူကတော့ ကိုမစောဂမ် ပဲ ဖြစ်ပါတယ်။
“ဒီကိုဗစ်ကာလကနေ ဒီအာဏာသိမ်းပြီး ကာလတွေမှာ ကျတော်တို့ ဒီမြစ်ကြီးနားတွေမှာ အလုပ်လုပ်ကိုင်ရတာ အခက်အခဲတွေ ရှိလာတယ်။ ပြီးရင် ငွေရေးကြေးရေးကအစ အခက်အခဲတွေ အများကြီးရှိလာတော့၊ ပြီးရင် ကျတော်တို့ အသက်အရွယ်ကလည်း လူငယ်ပိုင်းဆိုတော့ ပညာရှာရမယ့် အရွယ်လည်းရှိတယ်။ ပြီးရင် ဒီမြစ်ကြီးနားတွေမှာဆိုရင် ကိုယ်က ဘယ်ပညာတွေ လိုက်စားလို့ရမှန်း ကိုယ်က တိကျသေချာတဲ့လမ်းကြောင်း ရှာမတွေ့ဘူးပေါ့နော်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာမှ ကိုယ်က ပညာရေးတစ်ခုကိုတော့ ဆုံးခန်းတိုင်အောင်ကြိုးစားရမယ်ဆိုပြီးမှ နောက်ဆုံးကျတော့ ဒီ Federal Law Academy အကယ်ဒမီကို ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။”
ပညာကိုမြတ်နိုးလိုလားပေမယ့် အာဏာရှင်ကို တော်လှန်တဲ့တိုက်ပွဲတွေမှာ အချိန်မတိုင်မီ ကြွေလွင့်ခဲ့ရတဲ့ ကျောင်းသားလူငယ်တွေလည်း ရှိနေပါတယ်။ ဒီလိုလူငယ်တွေထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က မိုးမောက်မြို့ ခမရ (၄၃၇) စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ကိုလဆိုင်း လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူက အခုလို ပြန်ပြောင်းပြောပြပါတယ်။
“သူကတော့ နိုင်ငံခြားမှာကျောင်းတက်ချင်တဲ့ သူ့စိတ်အားထက်သန်မှု ရှိပါတယ်။ ဒါပေမဲ့ သူဒီလက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်တဲ့အချိန်မှာ သူ့အတွက် ဒါကလည်း တော်တော်လေးကို ခက်ခဲတဲ့အရာဖြစ်မယ်လို့မြင်တယ်။ ဘာလို့လဲဆိုရင် သူ့မိတ်ဆွေသူငယ်ချင်းတွေ တော်တော်များများက ပညာရေးဘက်ကို ဦးတည်ရွေးချယ်ကြတယ်။ သူနဲ့သူ့မိတ်ဆွေတချို့ကျတော့လည်း ဒီတောထဲကို လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုးအခြေအနေမျိုးမှာ သူ့အတွက် ကျနော်မြင်တာကတော့ တော်တော်လေး စိန်ခေါ်မှုကြီးမားမယ်လို့ ထင်တယ်။ သူ့ရဲ့ဒီဒိုင်ယာရီတွေမှာလည်း အဲ့ဒါလေးတွေ အမြဲတမ်းရေးထည့်ထားတယ်။ သူတာကို ကာလတစ်ခုအထိလုပ်ပြီးမှ ပညာရေးကို ပြန်ဆက်ကြိုးစားမယ် ဆိုတဲ့ဟာ။”
အာဏာသိမ်းပြီးနောက် တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတဲ့ ငွေကြေးဖောင်းပွမှုဒဏ်က တရုတ်ငွေကို အဓိကထား သုံးစွဲနေရတဲ့ နယ်စပ်ဒေသမှာ လာရောက်ပညာသင်ယူနေတဲ့ ကျေင်းသားလူငယ်တွေအတွက် နောက်ထပ် အခက်အခဲ စိန်ခေါ်မှုတစ်ခု ဖြစ်လာရပါတယ်။
“ကျတော်ဒီကို မနှစ်တုန်းက ၁၀ လပိုင်းမှာ စရောက်နေပြီနော်၊ ဒီချိန်မှာ ကျတော်တို့ မြန်မာငွေတစ်သိန်းဆိုရင် တရုတ်ငွေက ၂၀၀ ရတယ်။ အခုဆိုရင် ၁၀၀ ကျော်၊ ၁၀၀ ကျော် စွန်းစွန်းလေးပဲ ရတယ်ဆိုတော့၊ ဆိုလိုရင်းအဓိပ္ပါယ်က အိမ်ကိုက ဘယ်သူမဆိုနော် လိုအပ်တဲ့အခါကျရင် ကိုယ်ရဲ့ မိတ်ဆွေသူငယ်ချင်း ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကို အကူအညီတောင်းတယ်။ ၁ သိန်း၊ ၂ သိန်း ဆိုပြီးတော့ ပါးခဲ့လိုက်တယ်ပေါ့နော်။ ဒါပေမဲ့ ဒီနေရာကို ရောက်လာတဲ့ အခါကျတော့ ၁ သိန်း၊ ၂ သိန်းက တရုတ်ငွေနဲ့ ပြန်လဲတဲ့အခါကျတော့ တစ်ရာ၊ နှစ်ရာ၊ သုံးလေးရာနဲ့ ဆိုတော့ ဒီမှာကတော့ ဘာမှ သုံးစားလို့ မရဘူး။ ဒါပေမဲ့ ကျတော်တို့ မြန်မာငွေနဲ့ ပြန်တွက်လိုက်ရင် ၁ သိန်း၊ ၂ သိန်း၊ ၃/၄ သိန်း ဆိုတာလည်း ပမာဏအမောင့်အရဆို များနေတာကအစ၊ ဒါဆို သူတို့အတွက်က ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။”
ဧရာဝတီသတင်းက ဖော်ပြခဲ့တဲ့ စီးပွားရေးသတင်းတွေအရ အာဏာသိမ်းပြီး ရက် ၁၀၀ ပြည့်တဲ့ မေလ ၁၁ ရက်နေ့မှာ အခေါက်ရွှေ တကျပ်သားဈေးနှုန်း ၁၆ သိန်း ၄ သောင်းကျပ် ဝန်းကျင်သာရှိခဲ့ရာမှ ဒီနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ (၆၆) သိန်းကျော် ဖြစ်လာတဲ့အထိ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းလည်း အာဏာသိမ်းပြီး ရက် ၁၀၀ ပြည့်တဲ့နေမှာ တစ်ဒေါ်လာကို ကျပ် ၁၇၀၀ ကျော်သွားရာကနေ ဒီနှစ် ဇူလိုင် ၃၀ ရက်နေ့မှာတော့ ၅၄၀၀ ကျပ်အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ဒီလိုဆိုးရွားလာနေတဲ့ ငွေကြေးဖောင်းပွမှုဒဏ်တွေကို ခံစားရတဲ့သူတွေထဲ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့မှာ ၂၀၀၁ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ “Institute of Liberal Art & Sciences“ ကျောင်းသားတွေလည်း အပါအဝင် ဖြစ်ပါတယ်။ အသက် (၁၇) နှစ်အရွယ် မောင်ဂွန်းထွယ်ဟာ ကိုဗစ်ရောဂါပြန့်နှံ့လာမှုကြောင့် မြန်မာအစိုးရက ကျောင်းတွေ ပိတ်ထားခဲ့ရတဲ့ ၂၀၁၉ ခုနှစ်ကတည်းက KIO ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းမှာ သွားရောက်သင်ယူခဲ့ပြီး လက်ရှိ Institute of Liberal Art & Sciences ကျောင်းမှာ တက်ရောက်နေသူ ဖြစ်ပါတယ်။
“အခက်အခဲကတော့ အများကြီးပေါ့။ ကျတော်က Schoolarship (ပညာသင်ထောက်ပံ့ကြေး) ရတဲ့ ကျောင်းသားလည်း မဟုတ်တဲ့အတွက် အိမ်ကထောက်တဲ့အတွက် အဲ့လိုမျိုး ကျတော်တို့ နေတဲ့ မူဆယ်ဖက်တွေမှာ ဆိုရင်လည်း ဗမာငွေသုံးတယ်လေ၊ တရုတ်နယ်စပ်ဆိုပေမဲ့ ဗမာငွေပဲသုံးတဲ့အတွက် အခု တရုတ်ငွေ ၁၀၀ ကို ကျတော်တို့ ၈ သောင်း၊ ၉ သောင်းကြားလောက်ရှိတယ်။ ဒီအခုကျတော် ကောလိပ်တက်နေတဲ့ နေရာမှာကျတော့ တရုတ်ငွေပဲသုံးတဲ့အတွက် သိပ်အဆင်မပြေဘူး။ ဒီဗမာငွေဈေးနဲ့ တွက်လိုက်တဲ့ အခါကျတော့ သိပ်လည်းမသုံးရဲဘူးပေါ့။ ကျောင်းစရိတ်နဲ့တင် တော်တော်လေး ကုန်နေပြီဆိုတော့ ကိုယ့်ကိုယ်ပိုင် အသုံးစရိတ်အတွက်က အဲ့လောက်ထိတော့ မသုံးတာ့ဘူး။ အိမ်ကိုစာနာတဲ့အတွက်။”
ဒီလို လူငယ်တွေကြုံနေရတဲ့ ဒုက္ခတွေထဲမှာ စစ်ကောင်စီရဲ့ လိုအပ်ချက်အရ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကလည်း တစ်ခုအပါအဝင် ဖြစ်နေပါတယ်။ ဒီစစ်မှုထမ်းဥပဒေရဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ISP Myanmar က “ရှင်သူမှာပင် အသက်ရှူရပ်မတတ် ရေနစ်သူ ဝါးကူထိုးသည့် စစ်မှုထမ်းဥပဒေ”လို့ ဆွေးနွေးသွားခဲ့ပါတယ်။
“ဒီပြည်သူ့စစ်မှုဥပဒေ အသက်ဝင်ပြီးနောက်ပိုင်းမှာဆိုရင်တော့ ရပ်ကွက်ကျေးရွာအလိုက် ဒီစစ်မှုထမ်းဖို့ပေါ့နော် ဟို မဲနှိုက်ရတဲ့အခါမှာ ကိုယ့်သားသမီးမပါအောင်၊ ပါခဲ့ရင်လည်း စာရင်းမပေါက်အောင် ပေါ့နော်၊ ငွေကိုတကယ့်ကို သိန်းနဲ့ချီပြီးတော့ ပေးနေရသလိုမျိုး တောင်းယူတဲ့ကိစ္စရပ်တွေလည်း ရှိနေတယ်ပေါ့နော်၊ တစ်ချို့နေရာတွေမှာဆိုရင် သားတွေက ရှောင်ပြေးရင် အိမ်မှာကျန်ခဲ့တဲ့ မိဘတွေကို ငွေညစ်တာ၊ ခြိမ်းခြောက်တာ၊ သားမရှိရင် အဖေစစ်မှုထမ်းရမယ်ပြောလို့ တစ်ချို့မိသားစုတွေဆိုရင် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ကိစ္စရပ်မျိုးတွေပါ ကျွန်မတို့ကြားသိနေရတယ်ပေါ့နော်။”
ပညာသင်ယူနိုင်မယ့် အခြားရွေးချယ်စရာ အခွင့်အလမ်းတွေကို ရှာဖွေနေတဲ့ လူငယ်တွေအတွက် အွန်လိုင်းပေါ်ကနေ သင်ယူလို့ရတဲ့ အခွင့်အလမ်းလည်း ပါဝင်ခဲ့ပေမဲ့ အင်တာနက် ပြတ်တောက်မှုတွေကြောင့် အွန်လိုင်းကနေ သင်ယူရတဲ့ လေ့လာမှုတွေကလည်း ရပ်တန့်ခဲ့ရတယ်လို့ လူငယ်တွေက ပြောဆိုကြပါတယ်။ ဒီလိုပြဿနာတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပေမဲ့ နောက်မဆုတ်ပဲ ကျောင်းဆက်တက်ဖို့ လူ့အခွင့်အရေး ရှေ့နေတစ်ယောက်ဖြစ်ချင်တဲ့ မခေါင်နန်းက အားပေးစကား ပြောလိုက်ပါတယ်။
“ဘယ်ကဏ္ဍမှာပဲ ရောက်ရောက်ပေါ့၊ ရောက်တဲ့နေရာမှာ အကောင်းဆုံးနဲ့ အဖွဲ့အစည်းတွက်၊ မိသားစုအတွက်နော်၊ အကျိုးပြုနေရင်တော့ အဆင်ပြေတယ်ပေါ့နော်။ ကျောင်းတက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေကိုလည်း ပြောချင်တယ်ပေါ့။ ငွေရေးကြေးရေး အဆင်မပြေဘူး မိသားစုတွေအဆင်မပြေဘူး ငွေကြေးတွေ ဖောင်းပွတယ်ပေါ့နော်။ ဘယ်လိုပဲ ဘာပဲဖြစ်ဖြစ် ကိုယ်ကျောင်းဝင်ခွင့် လျှောက်တုန်းက ရည်ရွယ်ချက်ကို လက်ဆုပ်ကိုင်ထားဖို့ လိုတယ်ပေါ့နော်။ ကြားထဲမှာ တွေဝေမှုတွေ အများကြီးရှိလာတယ်ပေါ့နော်၊ ကျောင်းဆက်မတက်ဖြစ်မဲ့ ရည်ရွယ်ချက်တွေ အများကြီးရှိလာလိမ့်မယ်။ ဒါပေမဲ့ ဒါတွေက ပြီးသွားမယ်ပေါ့နော်၊ ကျောင်းက ဆက်တက်အောင်တက်ပေါ့။ တက်ပါပေါ့။”
မခေါင်နန်း သူမကိုယ်တိုင်ဖြစ်ချင်နေတဲ့ ကိုယ်လူမျိုးကို ကိုယ်စားပြုတဲ့ ဥပဒေပြုလွှတ်တော်အမတ် ဖြစ်ဖို့ကလည်း နိုင်ငံရဲ့စနစ်က ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်မှပဲ ဖြစ်လာနိုင်မယ့် အိမ်မက်ဖြစ်နေပါတယ်။