တရုတ်အလိုကျ စီမံကိန်းနဲ့ မျက်နှာချိုသွေးလို့ ရပါ့မလား
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ “ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ကြေညာစာ” ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းဆိုတာ ၂၀၀၆ ခုနှစ် စစ်အစိုးရလက်ထက်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုး၀င်းရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ထွက်ပေါ်ခဲ့တဲ့ စီမံကိန်းဖြစ်ပြီး ဦးသိန်းစိန် သမ္မတလက်ထက်နဲ့ NLD အစိုးရ ကာလတွေမှာ ရပ်တန့်ထားခဲ့တဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ စစ်ကောင်စီရဲ့ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး ၅ လလောက်အကြာမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်သို့ ရောက်ရှိလာပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းနဲ့ တွေ့ဆုံမှုတွေရှိခဲ့တာကြောင့် မြစ်ဆုံလိုစီမံကိန်းတွေနဲ့လည်း ပတ်သက်နေမလား မေးစရာဖြစ်လာတာ ဖြစ်ပါတယ်။ Mr. Liu Yong ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့လည်းတွေ့ဆုံပြီး “ရန်ကုန်တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများ”ကို ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီမီဒီယာတွေက ဖော်ပြထားပါတယ်။
စစ်ကောင်စီက တရုတ်ကို မျက်နှာချိုသွေးဖို့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လိုတာဟာ ဖြစ်နိုင်ပေမဲ့ မြစ်ဆုံဒေသနဲ့ တစ်ဆက်တည်းရှိနေတဲ့ မြို့နယ်တွေဟာ ၂၀၂၃ နဲ့ ၂၀၂၄ နှစ် အစောပိုင်းကတည်းကနေ စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ မြို့နယ်တွေဖြစ်လာပြီး၊ မြစ်ဆုံစီမံကိန်းဟာလည်း ဒေသခံကချင်လူမျိုးတွေ ဆန့်ကျင်တဲ့ စီမံကိန်းဖြစ်သလို မြန်မာတစ်နိုင်ငံလုံးလည်း ကန့်ကွက်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ မြစ်ဆုံနဲ့ နယ်မြေဆက်စပ်နေတဲ့ အင်ဂျန်းယန်မြို့နယ်ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ဆုတ်ခွာသွားပြီး၊ ဆွမ်ပရာဘွမ်မြို့ကိုလည်း ၂၀၂၄ နှစ် မေလပိုင်းမှာ လက်လွှတ်ခဲ့ရသလို ဒီရက်ပိုင်းမှာလည်း ချီဖွေမြို့ကို ထပ်မံလက်လွှတ်ခဲ့ရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် မြစ်ဆုံအနီး တပ်စခန်းတွေဖြစ်တဲ့ တီယန်ဇွပ်နဲ့ အင်ဆွတ်ယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ဩဂုတ်လမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလမှာတော့ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့အထက် မြစ်ဆုံသွားရာ လမ်းကြောတစ်လျှောက်က ကျေးရွာတွေမှာ စစ်အင်အားဖြည့်တင်းတာတွေလုပ်နေတဲ့ သတင်းတွေလည်း ထပ်ထွက်လာ ပြန်ပါတယ်။
ကချင်ဒေသအပြင် နိုင်ငံတဝှမ်းမှာ စစ်ရှုံးနေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ထောက်ခံမှုကို အသည်းအသန်လိုအပ်နေတဲ့အတွက် ရရာမီရာဆွဲလုပ်နေတဲ့ အနေအထားလို့ ကချင်စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူက ဆိုပါတယ်။
“စစ်ကောင်စီက မြစ်ဆုံစီမံကိန်းကို တော်တော်လေးကြိုးစားနေတဲ့ အနေအထားရှိတယ်။ အဲ့တာဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက တအားကိုပြိုကွဲနေတယ်။ နိုင်ငံရေးအရရော၊ တရုတ်ရဲ့ထောက်ခံမှုအရရော၊ တရုတ်ရဲ့အားပေးကူညီမှုက အများကြီးလိုအပ်လာတယ်။ အဲ့တာကြောင့် သူ့မှာရှိရှိသမျှအကုန်လုံး တရုတ်ကိုပေးပြီးတော့ အားပေးမှု၊ ထောက်ခံမှု၊ နိုင်ငံရေးအရရော ငွေရေးကြေးရေးအရရော စီးပွားရေးအရရော ကျဉ်းထဲကြပ်ထဲရောက်နေတယ်ဆိုတော့ အဲ့တာကြောင့် သူ့ရဲ့လုပ်လို့ရတဲ့ဟာတွေ ဆွဲဆောင်တဲ့အနေအထား ဖြစ်နေတယ်ပေါ့လေ။”
မြစ်ဆုံကို တရုတ်လက်အပ်ပြီး တရုတ်ကိုအမှီအခိုပြုဖို့ ကြိုးစားလိုနေပေမယ့် ပြည်သူတစ်ရပ်လုံးရဲ့ ဆန့်ကျင်တော်လှန်ခြင်းနဲ့ ရင်ဆိုင်နေရပြီး စစ်ရေး၊ နိုင်ငံရေးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ မြစ်ဆုံသာမက ဘယ်စီမံကိန်းကိုမှ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မယ့် အဖွဲ့မဟုတ်တော့ပါ။ ဒါကို ကချင်စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ပြောတာက၊ “နောက်တစ်ခုက စစ်ကောင်စီက တော်တော်များများ နယ်မြေစိုးမိုးမှုအပိုင်းသည် နိုင်ငံအနှံ့ပေါ့ မြစ်ဆုံဘာညာ၊ ဒီဘက်ကဆိုလည်း သူတို့ရဲ့ထိန်းချုပ်မှု စိုးမိုးမှုက မရှိတော့ဘူး။ အဲ့ကြောင့်မို့ မြစ်ဆုံစီမံကိန်းတို့ တခြားစီမံကိန်း ကြီးကြီးမားမားပေါ့၊ ဒီဟာတွေအထူးသဖြင့် မြစ်ဆုံစီမံကိန်းတို့ဆိုရင် KIA၊ KIO ရဲ့ Blessing မပါဘဲနဲ့ လုပ်ဆောင်လို့ရမယ်လို့ ကျွန်တော် မထင်ဘူး။ ဘာကြောင့်ဆို မြစ်ဆုံနယ်မြေနေရာတွေ ကချင်ပြည်နယ်ရဲ့ နေရာဒေသ တော်တော်များများက စစ်ကောင်စီထိန်းချုပ်နိုင်ဖို့ ကာကွယ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲ့တာကြောင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ဖို့ဆို KIA ရဲ့ ပူးပေါင်းပါဝင်မှု Blessing တွေ မရဘဲနဲ့ လုပ်နိုင်မယ်လို့ မထင်ဘူး။”
စစ်ကောင်စီဟာ မြစ်ဆုံလိုစီမံကိန်းမျိုးကို အကောင်အထည်ဖော်ဖို့ ကြိုးစားပြပြီး တရုတ်ကို မျက်နှာချိုသွေးကာ နိုင်ငံရေး၊ စစ်ရေး ဂယ်ပေါက်ရှာလိုပေမယ့် ပြည်သူရဲ့ဆန့်ကျင်မှုနဲ့ ထိပ်တိုက်တွေ့နေတဲ့ စီမံကိန်းတွေဖြစ်လို့ သူထင်သလိုဖြစ်လာဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို ရှုပ်ထွေးနေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေကြားမှာ အခုလို မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ဖို့ အားထုတ်နေတာဟာ လူထုအတွက် အကျိုးမရှိတဲ့အပြင် ပဋိပက္ခရေချိန်ကို ပိုမိုမြင့်လာစေမယ့် အခြေအနေသို့ တွန်းပို့နေတယ်လို့ စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူက မှတ်ချက်ပြုပြောဆိုပါတယ်။
“ဒီလိုအနေအထားမှာ စစ်ကောင်စီက ကြိုးစားတယ်ဆိုရင် တိုက်ပွဲတွေက ပိုပြီးမှဖြစ်မယ် ပြီးရင်အကောင်အထည် ဖော်ဖို့ဆိုလည်း တော်တော်လေးမလွယ်တဲ့ အနေအထားလို့ မြင်ပါတယ်။ ဒီလိုမျိုးဥပဒေစိုးမိုးမှုတွေ ပြီးရင်ပေါ်လစီပေါ့၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပေါ်လစီ ပြည်သူလူထုရဲ့ Consultation တွေ ကောင်းကောင်း မွန်မွန်မလုပ်ဘဲနဲ့ ခုချိန်မှာတော့ ဘာရင်းနှီမြုပ်နှံမှု ပရောဂျက်မှ မလုပ်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ရရှိလာတဲ့အကျိူးအမြတ်တွေ အကုန်လုံးကလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အပိုင်းတွေရော လူမှုကိစ္စတွေမှာရော ပြည်သူအတွက် ဘာအကျိူးရှိမှာလဲ။ ဘာအကျိုးမှ မရှိဘူး။ နိုင်ငံအတွက်လည်း ဘာအကျိုးမှ မရှိဘုး။ ဒါကြောင့် ဒီလိုမျိုး ရှုပ်ထွေးတဲ့ကာလမှာ ပရောဂျက်တွေ စီမံကိန်းတွေ ရပ်ဆိုင်းထားတာ အကောင်းဆုံးဖြစ်မယ်လို့ မှတ်ချက်ပြုချင်တယ်။