စစ်ရှောင်အများစုရှိတဲ့ ကောလင်းအနောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့
–
စစ်ဘေးရှောင်တွေအများစုရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အနောက်ခြမ်းကို စစ်ကောင်စီက ဒီကနေ့ စက်တင်ဘာ ၂၈ ရက် နေ့ခင်းပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကောလင်း ပြည်သူမှပြည်သူတို့အဖွဲ့ထံက သိရပါတယ်။
ကန့်ဘလူ ၆၀၀၆ တက် Mi-35 စစ်ရဟတ်ယာဉ်တစ်စီးနဲ့ ၁၂ နာရီခွဲလောက်မှာ (၆) ကြိမ်၊ ဟုမ္မလင်းမှတက်သည့် Mi-2 ရဟတ်ယာဉ်နဲ့ (၂) ကြိမ် စုစုပေါင်း (၈) ကြိမ် ကြဲချခဲ့ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်၊၊
စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လေယာဉ်ဗုံးတွေဟာ တကောင်းအိုင်ရွာအနီးနားက တောတောင်တွေထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူအထိခိုက်တွေကတော့ မသိရသေးဘူးလို့ “ပြည်သူမှပြည်သူ” အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်၊၊
“တကောင်းအိုင်ရွာအနီးနားက တောတောင်ထဲတွေကိုကျတာ။ထိခိုက်မှုတွေတော့ အတည်မပြုနိုင်သေးဘူး၊၊”လို့ပြောပါတယ်၊၊
စစ်ကောင်စီတပ်က ရုတ်တရက် လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် ကောလင်းအနောက်ခြမ်းက ချောင်းသာ ဥက္ကံ၊ မိုးနိုင်၊ မူးတိန်၊ တကောင်းအိမ်က ပြည်သူတွေ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်၊၊