ရွှေကူမြို့ကနေ စုန်ဆင်းလာတဲ့ သင်္ဘောတွေကို လုံခြုံရေးယူပေးတဲ့ လေယာဉ်ဗုံး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ
–
ကချင်ပြည်နယ်၊ ရွှေကူမြို့ဘက်ကနေ ဒီမနက် ၆ နာရီလောက်က စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘော (၃) စီးဟာ စစ်ကိုင်းတိုင်း ကသာမြို့နယ်ထဲကို ဝင်ရောက်လာပြီး လုံခြုံရေးလိုက်ပါလာတဲ့ Y-12 စစ်ထောက်ပို့ လေယာဉ်နဲ့ ကျေးရွာတွေဘက်ကို လိုက်လံဗုံးကြဲခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေး ရဲဘော်တွေထံကနေ သိရပါတယ်။
လုံခြုံရေးလိုက်ပါလာတဲ့ Y-12 နဲ့ ဗုံးကြဲတာကြောင့် ကသာမြို့နယ်ထဲက ချောင်းဝ၊ နှော၊ ဆင်ကုန်တိုင်၊ ဆိပ်သာ၊ မိုးတားလေး စတဲ့ရွာတွေဘက်ကို ဗုံးသီးအလုံး (၄၀) ကျော် ကြဲချခဲ့ပြီး မိုးတားလေးရွာ လက်ပန်ရပ်က ဒေါ်ပြုံးရီရဲ့ နေအိမ်သို့ ဗုံးသီးတစ်လုံး ကျရောက်ခဲ့တယ်လို့ ကနဦးသိရှိရကြောင်း နယ်မြေခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“Y-12 က ချသွားတဲ့ ဗုံးသီးတစ်လုံးတော့ မိုးတားလေးရွာ၊ လက်ပန်ရပ်က ဒေါ်ပြုံးရီနေအိမ်ကို ကျတယ်လို့ ကနဦးသတင်းရတယ်။ နောက်ဆက်တွဲ မသိရသေးဘူး။”လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီသင်္ဘောတွေဟာ ချောင်းဦးရွာကို ကျော်သွားပြီးနောက် မြစ်ထဲမှာ သောင်တင်နေပြီး ပေါလောကျွန်းနားက စက်လှေတွေနဲ့ဆွဲဖို့ စက်လှေတွေကို ချိန်းခြောက်ပြီး ခေါ်နေတယ်လို့လည်း ပြောပါတယ်။
“မြစ်ကြောင်းမှာ သဲတွေများတော့ ရေနည်းတဲ့နေရာမောင်းမိလို့ ဆက်မောင်းမရပဲ သောင်တင်နေတာ။ ရေများတဲ့ဘက်ကို မော်တော်နဲ့ဆွဲချမှရမှာ။ အဲ့တာ ပေါလောကျွန်းနားက စက်လှေတွေနဲ့ဆွဲဖို့ ပစ်ခေါ်နေပါတယ်တဲ့၊ မလာရင်ပစ်မယ်လို့ ချိန်းခြောက်နေတယ်လို့ ကြားတယ်။”လို့ တော်လှန်ရေးရဲဘော်က ပြောပါတယ်။
ဩဂုတ်လ ၂၈ ရက်နေ့က မန္တလေး ဂေါဝန်ဆိပ်ကားကနေ တက်လာတဲ့ စစ်သင်္ဘော (၅) စီးဟာ စက်တင်ဘာ ၈ ရက်နေ့မှာ ရွှေကူမြို့ကို ရောက်ရှိခဲ့ပြီး၊ ရွှေကူမြို့မှာ (၁၀) ရက် ညအိပ်ရပ်နားခဲ့ပြီးနောက် စက်တင်ဘာ ၁၇ ရက်နေ့မှာ ဗန်းမော်မြို့သို့ ဆက်လက်ဆန်တက်ခဲ့ကြောင်း သိရပါတယ်။
ဗန်းမော်မြို့ဘက် ဆန်တက်ခဲ့တဲ့ စစ်ကောင်စီ သင်္ဘောတွေဟာ ဧရာဝတီ ဒုတိယမြစ်ကျဉ်းနားမှာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်လိုက်တာခံရလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
ပြန်လည်ဆုတ်ခွာခဲ့တဲ့ စစ်သင်္ဘောတွေကို စစ်ကောင်စီအထက်အရာရှိတွေက ပြန်ဆုတ်မခံနိုင်ပဲ ဗန်းမော်ဘက်သို့ ပြန်လည်ဆန်တက်စေခဲ့ပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ထပ်မံတိုက်ခိုက်ခဲ့လို့ ဗန်းမော်မြို့နယ် မြလယ်ရွာနားမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ဆောင်လာတဲ့ သင်္ဘော (၂) စီးနှစ်မြှုပ်ပြီး (၄) စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောပါတယ်။
KIA နဲ့ KPDF တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဗန်းမော်မြို့သို့ သံခွန်ယာဉ်နှစ်စီးနဲ့ စစ်ရိက္ခာတင် သင်္ဘောတစ်စီးသာ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။