အင်းတော်မြို့ ကွင်းလမ်းမှာ အေတီဗင်ကားတစ်စီး မီးလောင်
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကိုကွင်းတဲ့ လမ်းမှာ အေတီဗင် ကားလေးတစ်စီး မီးလောင်သွားခဲ့တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်ဘူးလို့ ဒေသခံက ပြောပါတယ်။
“အင်ဂျင်အပူလွန်ကဲလို့ လောင်တာဖြစ်လောက်တယ်။ အဲ့လမ်းက အမြန်ကြီးမောင်းလို့ မရပေမဲ့ ရုန်းရတဲ့နေရာတွေ များတယ်ပေါ့။ နောက်ပြီး အဲ့နေ့က နေတအားပူတာလေ။ အဲ့တာမို့ မီးထတောက်လောင်တာလားပဲ။ ကားက လမ်းပေါ်မှာမလောင်ပဲ တောကြားထဲမှာ လောင်နေတာဆိုတော့ ကားဆရာကတော့ မီးလောင်ရက်နဲ့ တောကြားထဲထိ မောင်းဝင်သွားတာ ဖြစ်လောက်တယ်။ လူအထိခိုက်ရှိမရှိနဲ့ ဘာကြောင့်လောင်တာလဲတော့ အတည်မပြုနိုင်ဘူးပေါ့။”လို့ ပြောပါတယ်။
မန္တလေး – မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး မြို့တွင်းတိုက်ပွဲဖြစ်ပွားတဲ့အတွက် လမ်းကိုရက်အကန့်သတ်မရှိ ပိတ်ထားတာကြောင့် ခရီးသည်ယာဉ် အသေးများကို ဩဂုတ်လ ၂၇ ရက်နေ့ကနေ အင်းတော်မြို့ ကွင်းလမ်းကို ဖွင့်ပေးထားတာ ဖြစ်ပါတယ်။