ပျူစောထီးရွာတစ်ခုရဲ့ ကင်းစခန်းကို PLA နဲ့ ပူးပေါင်းတပ်တွေ မီးရှို့ဖျက်ဆီး
–
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကဘဲ (ပျူစောထီးရွာ)ရဲ့ ကင်းတဲစခန်းကို PLA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်စဉ် ပျူစောထီးတွေက ထွက်ပြေးသွားခဲ့ပြီး ကျန်ရှိနေတဲ့ ကင်းတဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PLA က ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ ပျူစောထီကင်းစခန်းမှာ ပျူစောထီးအဖွဲ့ဝင်၂၀ ကျော်လောက်ရှိပြီး စက်တင်ဘာ ၂၂ ရက် မနက် ၂ နာရီလောက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် ပျူစောထီးတွေ အကုန်ထွက်ပြေးသွားခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ ကင်းစခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PLA ရဲဘော် တစ်ဦးက ပြောပါတယ်။
“အဲ့မှာက ပျူရွာ ၃ ရွာဆက်ရှိတယ်။ အဲ့ရွာတွေက ကဘဲရွာ၊ ဘေရင်းရွာနဲ့ မူးကျင်းရွာပေါ့။ ဝင်တိုက်တဲ့ကင်းစခန်းက ကဘဲပျူရွာနဲ့ အနောက်ကပျူရွာ၂ရွာကို ကာပေးထားတဲ့ကင်းစခန်း။ အဲ့မှာက ပျူ၂၀ကျော်လောက်ရှိတယ်။ ဘန်ကာနဲ့ မြေအောက်လှိုင်ခေါင်းတွေပါ ဖောက်ထားတာ။ အဲ့ဒီလှိုဏ်တွေက ဘယ်အထိရောက်လဲဆိုတာတော့ အဆုံးထိဝင်မကြည့်ခဲ့ရဘူး၊၊ မိုးလင်းတော့မှာဆိုတော့ ပြန်ဆုတ်ခဲ့ရတာ။ ကျန်တဲ့ ကင်းစခန်းတွေပဲ မီးရှို့ခဲ့တာ၊၊”လို့ ဆိုပါတယ်၊၊
စီးနင်းဝင်ရောက်ချိန် စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ပျူစောထီးတွေဟာ ပြန်လည်ခုခံခြင်းမရှိဘဲ၊ ကဘဲရွာကိုပြန်လည်ဆုတ်ခွာသွားလို့ စခန်းတွေကို မီးရှို့ခဲ့ပြီး မနက် ၃ နာရီ ၄၅ မိနစ်လောက်မှာ ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်၊၊
အဆိုပါ ရန်သူ့ကင်းစခန်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြတဲ့ ရွှေဘိုခရိုင်တပ်ရင်း ၂၅ (TPC)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၆)၊ တန့်ဆည်မြို့နယ် ပကဖ နှင့် ဒေသတွင်းအခြေစိုက်တော်လှန်ရေးအင်အားစုများနဲ့အတူ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။