KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြားမှ စကစ သင်္ဘောတစ်စီး လွတ်မြောက်သွား
–
ရွှေကူမြို့ကနေ ဒုတိယအကြိမ် ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရှေ့ပြေးသံခွန်ယာဉ်နှစ်စီးနဲ့ သင်္ဘောတစ်စီးသာ မနေ့က ဗန်းမော်မြို့ကို ဆိုက်ရောက်နိုင်တော့ကြောင်း သတင်းရရှိပါတယ်။
ရွှေကူသတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ရှေ့ပြေးသံခွန်ယာဉ်နှစ်စီး အပါအဝင် စစ်ကောင်စီသင်္ဘော (၈) စီးဟာ စက်တင်ဘာ ၁၇ ရက်နေ့က ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဆန်တက်ခဲ့ပြီး ဒုတိယမြစ်ကျဉ်းနားမှာ တိုက်ခိုက်ခံရလို့ သင်္ဘောထိခိုက်ပျက်စီးသလို စစ်ကောင်စီစစ်သားတွေလည်း ထိခိုက်မှုများတဲ့အတွက် ပြန်ဆုတ်လာပေမယ့် အထက်အမိန့်အရ ဗန်းမော်ကို ပြန်ဆန်ခိုင်းကြောင်း သိရပါတယ်။
ဒုတိယအကြိမ် ပြန်ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့နယ် မြလယ်ရွာနားမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ဆောင်လာတဲ့ သင်္ဘောကို သိမ်းဆည်းရရှိတယ်လို့ ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တိုက်ခိုက်ဖျက်ဆီး၊ သိမ်းပိုက်နိုင်တဲ့ သင်္ဘောအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါ။
အဆိုပါ စစ်ကောင်စီသင်္ဘောတွေဟာ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက မန္တလေးကနေ လေကြောင်းလုံခြုံရေးလိုက်ပါပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတာ ဖြစ်ပါတယ်။
ဗန်းမော်မြို့ရဲ့ လုံခြုံရေတပ်ဖြစ်တဲ့ ခမရ (၄၃၇) ကို ဩဂုတ် ၁၉ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက ဗန်းမော်ဝန်းကျင်ကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။