ဖားကန့် ဆိုင်းတောင်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲနေ
–
ဖားကန့်၊ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့မွန်းလွဲ ၃ နာရီဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယနေ့ နံနက်အစောပိုင်း ၁ နာရီဝန်းကျင်က Lucky Men ဟိုတယ်အနီးတဝိုက်၊ ဆိုင်းတောင်ရပ်ကွက် (၃) နှင့် ကျောက်သွေးတောင် ပတ်ဝန်းကျင်သို့ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။
“ဒီနေ့မနက် အစောပိုင်းပေါ့ နှစ်ခါတဲ့၊ ၁ နာရီ ၃ မိနစ်တစ်ခါ၊ ၁ နာရီ ၇ မိနစ်က တစ်ခါ” ကြဲခဲ့ကြောင်း ပြောသည်။
မွန်းလွဲ ၃ နာရီဝန်းကျင်တွင်လည်း ဆိုင်းတောင်ကျေးရွာတဝိုက် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ထပ်မံပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“နေ့ခင်းကတစ်စီးထဲ ကြဲလိုက်ဝဲလိုက်လုပ်တာ၊ ပထမတစ်ခါကြဲတယ်။ အနီးကပ်မရတော့ အောက်ကပစ်လို့ ဝဲပြီးပြန်ကြဲတာ အားလုံး ရှစ်လုံးလောက်ရှိတယ်တဲ့။”လို့ ပြောသည်။
မြေပြင်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွါးနေသည့်အပြင် တော်လှန်ရေးအဖွဲ့ဘက်က လေယာဉ်ပစ်လက်နက်ဖြင့် ပြန်လည်ပစ်ခတ်မှုရှိသည်ဟု ဒေသခံများက ဆိုကြသော်လည်း သီးခြားအတည် မပြုနိုင်ပါ။
ဗုံးကြဲခံရသည့် ဖြစ်စဉ်အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကိုလည်း အသေးစိတ် မသိရှိရသေးပါ။
ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီး ပစ်ကူပေးနေပြီး စပေါ့ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၂) ဦး ထိခိုက်မှုရှိကြောင်း သိရှိရသည်။
စက်တင်ဘာ ၉ ရက်နေ့က Lucky Men ဟိုတယ်တွင်ရှိနေသည့် KIA၊ KPDF အဖွဲ့တို့ကို စစ်တပ်က ပိတ်ဆို့ဖမ်းဆီးရာမှတစ်ဆင့် ဆိုင်းတောင်ကျေးရွာတွင် စစ်ရေးတင်းမာလာပြီး ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့ထိ တိုက်ပွဲများဆက်တိုက် ဖြစ်ပွါးနေသည်။